#မင်းဘူး(စကု)မြို့နယ် မကျီးပင်ကျေးရွာရှိ တောင်သူတစ်ဦး၏ ယာမြေမှာ ရှေးဟောင်းပစ္စည်းများ တူးဖော်မှုများရှိနေ

#မင်းဘူး

အောက်တိုဘာ ၁၁ #မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ် ရွာပုလဲကျေးရွာအုပ်စု မကျီးပင်ကျေးရွာရှိ ကွင်းအမှတ်(၁၄၃၃)၊ ဦးပိုင်အမှတ် (၅၈/၅) တောင်သူ ဦးအောင်မိုး၏ ယာမြေပေါ်တွင် ရွာအနီးဝန်းကျင်ရှိ ဒေသခံများက ရှေးဟောင်းပစ္စည်းများကို အောက်တိုဘာ ၆ ရက်နေ့မှ စတင်ကာ အုပ်စုလိုက် လာရောက်တူးဖော်မှုများရှိနေကြောင်း ဒေသခံတစ်ဦး ထံမှ သိရသည်။

#မကွေးတိုင်းဒေသကြီး ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ တာဝန်ရှိသူများက အောက်တိုဘာ ၁၀ ရက်နေ့ နံနက်ပိုင်းက မကျီးပင်ကျေးရွာသို့ သွားရောက်ကွင်းဆင်း၍ မှတ်တမ်းများရယူကာ စိစစ်မှုများပြုလုပ်ခဲ့ကြောင်း၊ မြေပြင်အခြေ အနေအား အစီရင်ခံတင်ပြသွားမည်ဖြစ်ကြောင်း အဆိုပါဦးစီးဌာမှ သိရသည်။

#သွားရောက်ကွင်းဆင်းရာတွင် “ကျွန်တော်တို့သွားကြည့်တဲ့အချိန်မှာတော့ တူးနေတဲ့ လူတွေရော ဘာမှမတွေ့ရတော့ဘူ။ လက်ရှိ ကွင်းဆင်းခဲ့တဲ့အနေအထားတစ်ခုအရ သူတို့ ရိုက်ကူးထားတဲ့ ပုံအရဆိုရင် ရှေးဟောင်းနေရာလို့တော့ သတ်မှတ်ယူဆရမှာပါ။ သံထည်နဲ့ ပတ်သက်တဲ့ ပစ္စည်းတွေဆိုတော့ သံခေတ်လို့ယူဆပါတယ်။ ပျူခေတ်က သံခေတ်နဲ့ အတူတူပါပဲ။ ကျောက်၊ ကြေး၊ သံ ဆိုပြီး သံခေတ်နောက်ပိုင်းကို ပျူခေတ်လို့ခေါ်ပါတယ်။ သံနဲ့ပြုလုပ်ထားတဲ့ လှံ၊ ဓားတွေနဲ့ မြေနဲ့လုပ်ထားတဲ့ မြေအိုး၊ မြေခွက်၊ မြေပန်းကန်ပြားနဲ့ ပစ္စည်းတွေရဲ့ အနေအထားအရ တခေတ်ထဲလို့တော့ ယူဆနိုင်ပါတယ်။ အခုလောလောဆယ် အစီရင်ခံစာရေးပြီး တင်ပြသွားမှာပါ။ ယခုနေရာကို နောက်ထပ်တူးဖော်ခြင်းမရှိအောင် ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ရော ကျေးရွာလူထုအနေနဲ့ပါ တားစီးထိန်းသိမ်းပေးဖို့အတွက်ကို ညှိနှိုင်းဆောင်ရွက်ခဲ့ပါတယ်”ဟု မကွေးတိုင်းဒေသကြီး ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန မကွေးရုံးခွဲမှ ဦးစီးအရာရှိ ဦးရဲလွင်က ပြောကြားသည်။

#အဆိုပါ တူးဖော်နေမှုနှင့်ပတ်သက်၍ ယာပိုင်ရှင်အနေဖြင့် သီးနှံစိုက်ခင်းနှင့် စိုက်ပျိုး မြေများ ပျက်စီးဆုံးရှုံးရသည့်အတွက် ရဲစခန်းတွင် အမှုဖွင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

#မောင်မောင်(မင်းဘူး)

Leave a Reply

Your email address will not be published.