“မကွေးမှာ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်းပြည်သူနဲ့ စည်ပင် ပူးပေါင်းပြီးလမ်းပေါင်း(၈၇)လမ်းကျော် ခင်းမည်”

 

မကွေး
ဇွန် ၉ရက်
“၂၀၁၉-၂၀၂၀ဘဏ္ဍာနှစ်အတွင်း မကွေးမြို့မှာ ပြည်သူနဲ့ စည်ပင်သာယာပူးပေါင်းပြီး ကွန်ကရစ်လမ်းပေါင်း ၈၇လမ်း ကျော် ခင်းသွားမှာဖြစ်တယ်လို့ မကွေးမြို့နယ် စည်ပင်သာယာရေးကော်မတီကနေ သိရပါတယ်။
“စည်ပင်သာယာရေးကော်မတီနဲ့ ပြည်သူတွေပူးပေါင်းခင်းတဲ့လမ်းတွေမှာ ပြည်သူက ၄၀ရာခိုင်နှုန်း၊ စည်ပင်က၆၀ရာခိုင်နှုန်း ထည့်ဝင်ပြီး မြို့ပေါ်ရပ်ကွက်လမ်းသွယ်၊လမ်းကြားတွေကို ကွန်ကရစ်လမ်းခင်းပေးတာဖြစ်တယ်လို့ သိရပါတယ်။
“စည်ပင်သာယာရေးကော်မတီနဲ့ ပြည်သူတွေပူပေါင်းခင်းတဲ့လမ်းတွေကို ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်ကစပြီးခင်းခဲ့တာပါ၊ စတင်ဆောင်ရွက်ခဲ့တဲ့နှစ်မှာ ၂လမ်းခန့်သာဆောင်ရွက်နိုင်ခဲ့ပေမယ့် ပြည်သူတွေ စိတ်ဝင်စားမှုမြင့်တက်လာတဲ့အတွက် တစ်နှစ်ထက်တစ်နှစ် တိုးမြှင့်ဆောင်ရွက်နိုင်ခဲ့ပါတယ်၊ ပြည်သူပါဝင်မှုများလာဖို့ စည်ပင်ကော်မတီအနေနဲ့ တော်တော်လေးကိုစည်းရုံးခဲ့ရပြီး ၂၀၁၈-၂၀၁၉ဘဏ္ဍာနှစ်နဲ့ ၂၀၁၉-၂၀၂၀ဘဏ္ဍာနှစ် (၂)နှစ်အတွင်း လမ်းပေါင်း (၁၀၀)ကျော် ခင်းနိုင်မှာဖြစ်တဲ့အတွက် အောင်မြင်မှုမှာကြီးမားတယ်လို့ မကွေးမြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဌ ဦးဖိုးနီက ပြောပါတယ်။
“လမ်းမကြီးတွေကိုတော့ အစိုးရကခင်းပေးနေတာပါ၊ ကျွန်တော်တို့အနေနဲ့ အစိုးရကမခင်းပေးနိုင်သေးတဲ့ ရပ်ကွက်အတွင်းလမ်းသွယ်၊ လမ်းကြားတွေကို ပြည်သူနဲ့ စည်ပင်အချိုးကြပါဝင်ပြီး ခင်းပေးတာပါ၊ လမ်းသွယ်တွေမှာ လူနေအိမ်ကျဲပြီး ငွေကြေးစုဖို့ အခက်အခဲရှိတဲ့အတွက်လမ်းကြားတွေကို အများဆုံးခင်းပေးရပါတယ်၊ ငွေကြေးစုဖို့ခဲရင်းတဲ့ လမ်းသွယ်တွေကို နောက်နှစ်တွေမှာ ပြည်သူအနေနဲ့ ၂၀ရာခိုင်နှုန်းပါဝင်မှုလောက်နဲ့ ခင်းပေးနိုင်ဖို့ကိုလည်းဆောင်ရွက်သွားမှာဖြစ်တယ်လို့လဦးဖိုးနီက ပြောပါတယ်။
“ပြည်သူ၊ စည်ပင် အချိုးကျထည့်ဝင်ပြီးရပ်ကွက်လမ်းသွယ်၊ လမ်းကြားများ ကွန်ကရစ်လမ်းခင်းဆောင်ရွက်မှုကို ပြည်သူတွေ စိတ်ဝင်စားမှုမြင့်မားလာတဲ့အတွက် တစ်စိုက်မတ်မတ်ဆက်လက်ဆောင်ရွက်ပါက နောက်(၁၀)နှစ်အတွင်း မကွေးတစ်မြို့လုံးရဲ့ ရပ်ကွက်လမ်းသွယ်၊ လမ်းကြားတွေကို ကွန်ကရစ်ခင်းပေးနိုင်မှာဖြစ်တယ်လို့ မကွေးမြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဌ ဦးဖိုးနီက ဆိုပါတယ်။
ရွာသား(မကွေး)
မကွေးဂျာနယ်

 

Leave a Reply

Your email address will not be published.