“မကွေးမြို့ရှိ လမ်းသွယ်အားလုံးကို ကွန်ကရစ်ခင်းဖို့ ရည်ရွယ်လုပ်ဆောင်နေ”

မကွေးနိဝင်ဘာ ၄

စည်ပင်က( ၆၀)ရာခိုင်နှုန်းနှင့် ပြည်သူ က(၄၀)ရာခိုင်နှုန်း ငွေကြေးထည့်ဝင်ကာ မကွေးမြို့ရှိ လမ်းသွယ်အားလုံးကို ကွန်ကရစ်ခင်းနိုင်ရန် ရည်ရွယ်လုပ်ဆောင်နေပြီး လက်ရှိ မြို့၏လမ်းသွယ် (၄၀) ရာခိုင်နှုန်းခန့်ကို ကွန်ကရစ်ခင်းပြီးဖြစ်ကြောင်း မကွေးမြို့နယ်စည်ပင်သာယာရေးကော်မတီက သိရသည်။ “၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှစကာ စည်ပင်၊ပြည်သူ ပူးပေါင်းတဲ့စနစ်ကို စည်ပင်ကော်မတီဥက္ကဌ ဦးဖိုးနီ နဲ့မြို့အကျိုးလိုလားသူများက စတင်စမ်းသပ်လုပ်ဆောင်ခဲ့ရာ အောင်မြင်ခဲ့ပြီး ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အပြီးတွင် မြေသား လမ်းသွယ် ၁၂၃ လမ်းမှာ ကွန်ကရစ်လမ်းတွေအဖြစ်ပြောင်းလဲလာခဲ့ကြောင်း သိရသည်။ “ပြည်သူနဲ့စည်ပင်ပူးပေါင်းပြီးခင်းတဲ့လမ်းတွေက စနစ်ကကောင်းတဲ့အတွက် ပြည်သူလူထုကလည်း ခင်းလိုက်တဲ့လမ်းလေးတွေကို ကျေနပ်ကြတယ်၊ ဒါ့ကြောင့် ခင်းတဲ့လမ်းတွေက တစ်နှစ်ထက်တစ်နှစ် ပိုတိုးလာတယ်ဟု မကွေးမြို့စည်ပင်သာယာရေးကော်မတီ ဥက္ကဌဦးဖိုးနီ က ပြောသည်။ “စည်ပင်နှင့်ပြည်သူ ပူးပေါင်းခင်းခဲ့သည့် လမ်းများမှာ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှာ (၃) လမ်း၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာ နှစ်တွင် (၄၃) လမ်း၊ ၂၀၁၉-၂၀၂၀ဘဏ္ဍာနှစ်တွင် (၇၇)လမ်း၊ စုစုပေါင်း (၁၂၃)လမ်း ဖြစ်ပြီး စည်ပင်ဘတ်ဂျက်နှင့် ပြည်သူထည့်ဝင်ငွေ သိန်းပေါင်းတစ်သောင်းကျော်ရှိခဲ့ကြောင်ူ သိရသည်။ “လမ်းမခင်းခင်က ရပ်ကွက်လမ်းတွေမှာသွားလာရအဆင်မပြေဖြစ်ခဲ့ပြီး အခုလမ်းခင်းပြီးနောက်မှာ သွားလာရတာအဆင်ပြေလာတဲ့အတွက် ကွန်ကရစ်လမ်းခင်းတာကို ပြည်သူတွေစိတ်ဝင်စားလာကြတယ်ဟု ကန်သာရပ်ကွက်မှဦးခင်မောင်ငြိမ်းက ပြောသည်။ “လမ်းအလိုက်ဖွဲ့စည်းထားသည့် လမ်းကော်မတီ(၇၈)ခုက ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ကွန်ကရစ်လမ်းခင်းလိုကြောင်း လျှောက်ထားခဲ့ပြီး (၇၈)လမ်းထဲမှ လမ်း(၄၄)လမ်းကို တင်ဒါခေါ်ကာ စတင်ဆောင်ရွက်တော့မှာဖြစ်ကြောင်း၊ စည်ပင် နှင့်ပြည်သူ ပူးပေါင်းထည့်ဝင်ငွေအားလုံး ကျပ်သိန်း (၉၀၀၀) ခန့် သုံးစွဲမှာဖြစ်ပြီး၂၀၂၅ ခုနှစ်မတိုင်မီတွင် မကွေးမြို့၏လမ်းသွယ် (၈၀)ရာခိုင်နှုန်းမှာ ကွန်ကရစ်လမ်းများ ဖြစ်ဖို့ရည်ရွယ်​လုပ်​ဆောင်နေကြောင်း ဦးဖိုးနီက ပြောသည်။

သက်မှူးအိမ်(မကွေးဂျာနယ်)

Leave a Reply

Your email address will not be published.