မကွေးမြို့နယ်အတွင်း ကြိုတင်ဆန္ဒမဲများ စတင်ပေး

မကွေး အောက်တိုဘာ ၂၉

မကွေးတိုင်းဒေသကြီး မကွေးမြို့နယ်အတွင်း အောက်တိုဘာလ ၂၉ ရက် ယနေ့နံနက် ၈ နာရီမှ စတင်ကာ ကြိုတင်ဆန္ဒမဲပေးခြင်းများ ဆောင်ရွက်လျက်ရှိပြီး ကြိုတင်ဆန္ဒမဲပေးခြင်း အနေဖြင့် အသက် ၆၀ နှင့်အထက် သက်ကြီးရွယ်အိုများနှင့် ရွေးကောက်ပွဲနေ့တွင် တာဝန်ထမ်းဆောင်ကြမည့် သူများကို ဦးစားပေး ကြိုတင်ဆန္ဒမဲပေး ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပမည့် နိုဝင်ဘာလ ၈ ရက်နေ့ မတိုင်ခင် အောက်တိုဘာလ ၂၉ ရက်နေ့မှ နိုဝင်ဘာလ ၅ ရက်နေ့အထိ ကြိုတင်ဆန္ဒမဲ များကို ရပ်ကျေးကော်မရှင်ရုံးများမှာ လာရောက်ပေးနိုင်မှာဖြစ်ပြီး နာမကျန်းမာဖြစ်နေသူများအတွက် အိမ်တိုင် ရာရောက် ကြိုတင်ဆန္ဒမဲများကို ကောက်ခံသွားမည်ဖြစ်ကာ မကွေးမြို့ ရပ်ကွက်များအတွင်း ကြိုတင် မဲရုံ အသီးသီးမှာ ကိုဗစ်ကာလဖြစ်တာကြောင့် လူစုလူဝေးမဖြစ်အောင် စောင့်ဆိုင်းနေရာများ၊ လက်ဆေး နေရာများ၊လက်သန့်ဆေးရည် စသည့် သတ်မှတ်ချက်များနှင့် အညီ မဲရုံတာဝန်ကျသူများက ဆောင်ရွက် ပေးထားသည့်အတွက် ယနေ့နံနက်ပိုင်းတွင် အသက် ၆၀ နှင့် အထက်သက်ကြီး ရွယ်အို အများအပြား လာရောက်၍ စိတ်အေးချမ်းသာစွာဖြင့် ဆန္ဒမဲပေးကြကြောင်း သိရသည်။ရပ်ကျေးကော်မရှင်ရုံးတွေက ကြိုတင်ဆန္ဒမဲပေးမည့်သူတွေကို ရပ်ကွက်အပိုင်းအခြားအလိုက် စီစဉ်ပြီး အချိန်ခွဲကာ လူစုလူဝေးမဖြစ်အောင် ဆောင်ရွက်နေတာပါ၊ သက်ကြီးရွယ်အိုတွေ ဆန္ဒမဲ ပေးရမှာ အဆင်ပြေချောမွေ့ မှန်ကန်စွာ ဆန္ဒမဲပေးနိုင်အောင်လည်း ကူညီဆောင်ရွက်ပေးနေပါတယ်၊ တချို့ မဲရုံတွေမှာတော့ မဲထည့်ရတဲ့ စာအိတ်ရဲ့ အခက်အခဲနဲ့ ကပ်ရတဲ့ကော် အဆင်မပြေမှုများ ရှိတာ ကြောင့် ပယ်မဲများမဖြစ်စေရေးအတွက် မဲရုံတာဝန်ရှိသူများနှင့် မဲစာရင်းစောင့်ကြည့်လေ့လာရေး အဖွဲ့တွေက ဆောင်ရွက်ပေးနေကြပါတယ်ဟု နယူးမြန်မာဖောင်ဒေးရှင်းမှ ကာလရှည်စောင့်ကြည် ရေးအဖွဲ့ ဦးဝင်းဆွေက ပြောသည်။မကွေးမြို့နယ်အတွင်း ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် နိုင်ငံ ရေးပါတီ ၆ ခုက ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး မဲဆန္ဒရှင်ပေါင်း နှစ်သိန်းလေးသောင်းကျော် ဝန်းကျင်ခန့်ရှိကာ၊ မဲရုံစုစုပေါင်း(၂၆၃)ရုံနှင့် အသက်(၆၀)နှစ် နှင့် အထက် မဲဆန္ဒရှင်(၃၉၅၃၁)ဦးရှိကြောင်း သိရသည်။

သန်းနိုင်ဦး(ငဖဲ)

Comments

Comment as မကွေးဂျာနယ်

မကွေးဂျာနယ်

Leave a Reply

Your email address will not be published.