မကွေးမှာ အမျိုးသားကျောင်းတစ်ကျောင်း ရှိခဲ့တယ်။ အဲ့တာ ဘယ်ကျောင်းလဲ။ မြို့ပေါ်ကျောင်း တစ်ကျောင်းဖြစ်မယ်လို့ ခန့်မှန်းခဲ့တယ်။ အဲ့ဒီကျောင်းက မြို့မကျောင်းလို့ခေါ်တဲ့ အလက(၂)လား။ သူက ၁၃၀၀ပြည့်ရေနံမြေသပိတ်နဲ့ ဆက်နွယ်နေတဲ့ မဲထီးကျောင်းတိုက် ဧရိယာထဲကဆို့တော့ ဖြစ်ဖို့များတယ်။ မြို့မကျောင်းလို့ ထင်မြင်ချက်ပေးကြတယ်။
အမှန်တရားဆိုတာက ခန့်မှန်းချက်တို့၊ ထင်မြင်ချက်တို့၊ ဆက်နွယ်ချက်တို့နဲ့ ကောက်ချက်ဆွဲလို့မရဘူး။
အချက်အလက် ရှာရတယ်။
အချက်အလက်အမှန်တွေကသာ အမှန်ကိုပြတယ်။ စာအုပ်တွေ မှတ်တမ်းတွေ ရှာရတော့တယ်။ စာအုပ်ထဲက အချက်အလက်တွေရတိုင်း အမှန်ဖြစ်ရောလား။
အချက်အလက်အမှားတွေကို ရည်ရွယ်ချက်နဲ့ ထဲ့ထားတဲ့ သမိုင်းတွေ၊ မှန်တမိးတွေ ရှိတယ်။ အချက်အလက်အမှန်ရဖို့ စာအုပ်အများအပြားထဲက ရေးထားတာတွေကို တိုက်ဆိုင်လေ့လာရတယ်။
အဲ့ဒီတော့ မကွေး အမျိုးသားကျောင်းက ဘယ်ကျောင်းလဲ သိပြီလား။
ခန့်မှန်းလို့ပဲ ရပါတယ်။ ဇီးကျွန်းရွာက ကျောင်းပါလို့။
ဘာလိုဆို ကျွန်တော်ရဲ့ အချက်အလက်ရှာဖွေလို့ရတဲ့ ဘောင်က နည်းနည်းလေးဖြစ်တာကြောင့်ပါ။
ဦးမြဟန်ရဲ့ ကိုလိုနီခေတ်မြန်မာ့သမိုင်းအဘိဓာန်ထဲက အမျိုးသားကျောင်းများစာရင်းဆိုတဲ့ ခေါင်းစဉ်မှာ ၂၀။ မကွေး ဆိုပြီး ကျောင်းစုစုပေါင်း (၉၃)ကျောင်း စာရင်းထဲမှာ အမှတ်စဉ်(၂၀)နဲ့ ဖော်ပြထားပါတယ်။
အမျိုးသားကျောင်းဆိုတာ ဘယ်လိုကျောင်းလဲ ဆိုတာ ထပ်ရှင်းပြဖို့ လိုပါပြီ။
အဂ်လိပ်နယ်ချဲ့ပြဌာန်းတဲ့ ရန်ကုန်တက္ကသိုလ်ဥပဒေပါ အချက်အလက်တွေကို ၁၉၂၀မှာ ကျောင်းသားတွေက သပိတ်မှောက်ဆန့်ကျင် ကန့်ကွက်ကြပါတယ်။
အဂ်လိပ်ရဲ ပညာရေးကို လက်မခံတာကြောင့် သီးခြားကျောင်းတွေတည်ထောင်ကြတယ်။
မြန်မာတိုင်းရင်းသားတွေကိုယ်တိုင် ဦးစီးပြီး တည်ထောင်လို့ အမျိုးသားကျောင်းလို့ ခေါ်တာဖြစ်ပါတယ်။ အမျိုးသားကျောင်းတွေရဲ့ ငွေရေးကြေးရေး၊ အုပ်ချုပ်ရေး၊ သင်ကြားရေးတွေကို သက်ဆိုင်ရာကျောင်းအလိုက်ဖွဲ့ထားတဲ့ အမျိုးသားကျောင်းအုပ်ချုပ်ရေးအဖွဲ့က ကြီးကြပ်ပေးတယ်။ ဒါ နယ်ချဲ့အင်္ဂလိပ် အုပ်ချုပ်စဉ်က ဖြစ်ခဲ့တာပါ။
အမျိူသားကောလိပ်နဲ့ အမျိုးသားကျောင်းတွေကို ဗဟိုမှ လမ်းညွှန်ကွပ်ကဲပေးဖို့ အဖွဲ့ဝင်(၅၀)ပါတဲ့ အမျိုးသားပညာရေးကောင်စီခေါ် (Council of National Education) အမျိုးသားပညာရေးအဖွဲ့ချုပ် ရှိတယ်။
မြန်မာတစ်နိုင်ငံလုံး အမျိုးသားအထက်တန်း(၁၄၅) ကျောင်း အထိ ဖြစ်လာတယ်။ ဒါကြောင့် အရည်အချင်းပြည့်မီတဲ့ အမျိုးသားကျောင်းတွေကို အစိုးရ(နယ်ချဲ့အင်္ဂလိပ်အစိုးရ)က အသိအမှတ်ပြု ငွေကြေးထောက်ပံ့ရန်ပင် နောက်ပိုင်း၌ စီစဉ်လာရတယ်။ အဲ့ဒီအခါ နယ်ချဲ့အစိုးရပေးတဲ့ ထောက်ပံ့ငွေကို ယူသင့်၊ မယူသင့် ပြဿနာ ပေါ်လာတယ်လို့ စာအုပ်မှာ ဖော်ပြထားတယ်။ စာရေးသူကတော့ ပြဿနာဆိုတာထက် ခံယူချက်သဘောတရားကွဲတာလို့ ယူဆပါတယ်။
အများစုက အထောက်ပံ့ယူတယ်။ (၁၄၅)ကျောင်းထဲက (၉၃)ကျောင်းယူတယ်။
အစိုးရအထောက်အပံ့ယူပေမယ့် အမျိုးသားပညာရေးကောင်စီအောက်မှာ ဆက်လက်ရှိခဲ့ကြတယ်။
ဇီးကျွန်းက ကျောင်းက မကွေးနယ်ရဲ့ အမျိုးသားပညာရေးကျောင်းဖြစ်မယ်လို့ ဘာကြောင့် ကောက်ချက်ဆွဲတာလဲ ဆိုတဲ့အချက်က စဉ်းစားစရာ ပြန်ပေါ်လာပါပြီ။
မကွေးမြို့နယ် အကြောင်းလေ့လာမယ်ဆို မကွေးမြို့နယ် ဖြစ်စဉ်မှတ်တမ်းဆိုတဲ့ ၁၉၆၉ – ခုနှစ်၊ ဇန်နဝါရီ (၃၀)ရက် နေ့စွဲနဲ့ လက်လှည့်စာကူးစက်နဲ့ ထုတ်ဝေတဲ့ စာအုပ်က အထောက်အကူ အများကြီး ပေးပါတယ်။
မဆလခေတ် နလကရဲ့ ဆိုရှယ်လစ် လုပ်ဆောင်ချက်တရပ်လို့ ချီးကျူးရမလိုပါပဲ။
မကွေးမြို့နယ်ပညာရေးဆိုတဲ့ ခေါင်းစဉ်ငယ်နဲ့ မကွေးမြို့နယ်ခွဲအမှတ်(၂)တိုက်နယ်ခေါင်းစဉ်တွေမှာ ဇီးကျွန်းရွာက ပညာလုပ်ဆောင်ချက်ကို ဖော်ပြထားပါတယ်။
ဇီးကျွန်းကျေးရွာအုပ်စု
ဇီးကျွန်းကျေးရွာသည် မကွေးမြို့အရှေ့တောင်ဘက် (၁၀)မိုင်ခန့် အကွာ ယင်းချောင်း၏ လက်ျာကမ်းဘေးတွင် တည်ယှိသည်။ ရှေးက အိမ်ခြေ (၁၀၀)ခန့် ယှိ၍၊ ရွာငယ်ကလေး တခုဖြစ်သော်လည်း၊ ဇီးကျွန်းကျေးရွာသား ဆရာတော်ဦးဝိလာသသည် မန္တလေးမြို့မှ ပြန်လာ၍၊ နေရပ်တွင် ကျောင်းထိုင်သောအခါ၊ မကွေးမြို့နယ်တွင် ပထမဦးစွာ၊ မြန်မာဘာသာ (၇)တန်းကျောင်းကို သက်ဆိုင်ရာ ပညာရေးတာဝန်ခံတို့နှင့် ညှိနှိုင်းဖွင့်လှစ်နိုင်ခဲ့သည်။ မကွေးနယ် ပညာရေးအစ ‘ဇီးကျွန်း’က ဟုဆိုရလောက်အောင်၊ ပညာရေး ထူးချွန်သော ရွာတရွာဖြစ်ခဲ့သည်။ လို့ ဖော်ပြထားတယ်။ ‘တ’လိုသုံးတယ်။ တစ်လို့မသုံးဘူး။ မဆလရှေ့ဦးရေးထုံး ‘ယှိ’သုံးပြီး ‘ရှိ’မသုံးဘူး။။
မကွေးနယ်ပညာရေး အစ၊ ဇီးကျွန်းက ဆိုတာနဲ့ ဇီးကျွန်းက ကျောင်းက အမျိုးသားကျောင်းဖြစ်ရောလား။ ဒါကြောင့်
မကွေးမြို့နယ်ပညာရေးခေါင်းစဉ်ကို ပြန်ဖတ်ပါတယ်။
မကွေးတိုင်းပညာရေးအုပ်ချုပ်မှုကို တိုင်းပညာဝန်များမပေါ်မီ ၁၉၂၈ခုနှစ်၏ နောက်ပိုင်းအခြေအနေမှာ –
မြန်မာပြည်အနောက်မြောက်ပိုင်းပညာရေးကို (မိတ္ထိလာမြို့)တွင် ဌာနချုပ် ဗဟိုစခန်းပြုလုပ်၍ ထိုဌာန လက်အောက်ယှိ၊ အခြားမြို့နယ်များတို့နှင့်အတူ မကွေးမြို့နယ်အပါအဝင် ပညာရေးအခြေခံစတင် ခဲ့ပါသည် တဲ့။ (ဘာလို့ မြန်မာပြည်အနောက်မြောက်ပိုင်းလို့သတ်မှတ်လဲ မသိ။ အရင်က စစ်တိုင်းလည်း နမခပဲ ထင်တယ်။ )
ထိုအချိန်အခါက ဆရာများမှာ၊ လစာကြေးငွေထားပြီး မရှိဘဲ၊ ခလေးများတို့၏ ပညာရေးအောင်ချက်ပေါ်တွင် အောင်မြင်သူတဦးလျှင် အများဆုံး တကျပ်နှုန်း၊ အနည်းဆုံး (၈ဲ)နှုန်းဖြင့်၊ ဆုငွေချီးမြှင့်ခဲ့ပါသည်။ (ခုခေတ်လို ဟို သူငယ်ချင်းအားကစားကျောင်းဆရာဆို ဘယ်နှပြား ရမလဲ မသိ)
ထိုအချိန်အတွင်း၌ မကွေးမြို့နယ် ဇီးကျွန်းရွာတွင် ဆရာဘုန်းတော်ကြီးဦးဝိလာသ ကြီးမှူး၍ ပညာသင်ကြားရေးကျောင်းတကျောင်း စတင်ဖွင့်လှစ်ခဲ့ပါပြီ။ ထို့ကြောင့်ပင်လျှင် မကွေးမြို့နယ် ပညာရေး အစ၊ ဇီးကျွန်းရွာက ဟူ၍ပင် ဆိုစမတ်ပြုခဲ့ပါသည်တဲ့။
၁၉၂၈ – ခုနှစ်တွင် ထို အနောက်မြောက်တိုင်း(မိတ္ထီလာမြို့) ဗဟိုစခန်းမှ တိုင်းအလိုက် တိုင်းပညာဝန်များကို ခွဲဝေသတ်မှတ်ပေးလိုက်ပါသည် တဲ့။
ဇီးကျွန်းကျောင်းက ၁၉၂၈ထက် နည်းနည်းစောမယ်။ အမျိုးသားကျောင်းလို့ ဖော်ပြတာတော့ မတွေ့ရဘူး။
မကွေးမြို့နယ်မှာ အကြောင်းအမျိုးမျိုးကြောင့် အစိုးရမူလတန်းကျောင်းတွေ အများအပြား ယှိတယ်။ ခလေးသူငယ်တွေရဲ့ပညာရေးတိုးတက်မြင့်မားရေးအတွက် ဘုန်းတော်ကြီးကျောင်းပညာရေးကို စတင်ဆောင်ရွက်တယ်။ ၁၉၆၃/၆၄ – ခုနှစ်မှာ ဘုန်းတော်ကြီးကျောင်း ပညာရေးမှူး( ဘကမှူး) ဦးရင်မောင်အား၊ မကွေးမြို့နယ် ပညာအုပ်၏ လက်အောက်၌ ဌာနဖွင့်၍ ဆောင်ရွက်သည် တဲ့။
ဒုတိယကမ္ဘာစစ်မဖြစ်မှီ၊ မကွေးမြို့မ နှင့် မကွေးမြို့နယ်အတွင်းတွင် မကွေးမြို့မ၌ အင်္ဂလိပ် မြန်မာ အထက်တန်းကျောင်းတကျောင်း၊ (အီး၊ တီ၊ စီ)ခေါ်ဆရာဖြစ်သင် နော်မန်ကျောင်းတကျောင်း၊ မူလတန်းကျောင်း (၃)ကျောင်း၊ မြင်ကွန်းမြို့၌ မြန်မာအလယ်တန်းကျောင်း (၂)ကျောင်း၊ မိကျောင်းရဲမြို့၌ မြန်မာအလယ်တန်းကျောင်း (၁)ကျောင်း၊ သစ်ရာကောက်ကျေးရွာတွင် မြန်မာအလယ်တန်းကျောင်း (၁) ကျောင်း၊ မကွေး(က)နယ် တနယ်လုံး အတွင်း၌ မူလတန်းကျောင်း (၂၀)ကျော်ခန့်သာ ရှိပါသည်။တဲ့
မကွေးမြို့ပေါ်က ကျောင်းတွေအကြောင်း ဆက်ဖတ်ပါတယ်။
မကွေးမြို့မယှိ ကျောင်းများ
မကွေးမြို့ ဝိဇ္ဇာနှင့် သိပ္ပံအမှတ် (၁) တော်လှန်ရေးအစိုးရအထက်တန်းကျောင်းတဲ့။ မျက်စိလည်သွားတယ်။ ဟ ဘယ်ကျောင်းလဲ ပေါ့။ တန်းမြင့် (၁)နေရာဆိုတာ ပါမှ အော် လို့ ။ ထ(၁)ကိုးလို့။
အဲ့တန်းမြင့်ကျောင်းကို ဘယ်နှခုနှစ်က စတည်ထောင်လဲဆြိတာ ဒီစာအုပ်ထဲ မပါဘူး။
ဤကျောင်းကြီးမှာ၊ စစ်ကြိုခေတ်ကျောင်းအုပ်ဆရာကြီး ဒေါက်တာဂွမ်လျောင်(မောင်ဖြူး)၏ လက်ထက်တွင် ဆောက်လုပ်ခဲ့သော တိုက်ကျောင်းကြီးဖြစ်၍၊ မူလဆောက်လုပ်စဉ်က ကေိာင်းသား (၃၀၀) အတွက်သါ ရည်ရွယ် ဆောက်လုပ်ခဲ့ခြင်း ဖြစ်ပါသည်။
ယခုတန်းမြင့်(၁)နေရာတွင် ရှေးဦးပထမတဲကြီး ထိုး၍ အစပျိုးခဲ့ကြပြီး မစ္စတာဒီဆယ်တော၊ မစ္စတာဂျယ်လီကိုး၊ သီ ရောက်ဖဲလား၊ ဦးအောင်ပေါ်၊ မစ္စတာဆိုင်မွန်၊ ဒေါက်တာဂွမ်လျှောင်၊ မစ္စတာလိုပို တို့က အစဉ်အတိုင်း အုပ်ချုပ်ခဲ့သည်။
ဆားစေ့အစိုးရအမှတ်(၁)အလယ်တန်းကျောင်းက ၁၉၄၆ ခု၊ ဇွန်လ (၁)ရက် စဖွင့်တယ်။
မြို့မအမှတ်(၂) အစိုးရအလယ်တန်းကျောင်း ၁၉၄၆ ခုနှစ်မှာ မဲထီးကျောင်းတွင် စဖွင့်တယ်။
တဝဂူအစိုးရမူလတန်းကျောင်း ၁၉၆၇/၆၈ မှာ စဖွင့်တယ်။
မြို့ဟောင်းအစိုးရမူလတန်းကျောင်း ၁၉၅၁ စဖွင့်တယ်။
ဗိုလ်ကုန်းအစိုးရမူလတန်းကျောင်း ၁၉၆၁ ခုနှစ် အောက်တိုဘာလ (၁)ရက် စဖွင့်တယ်။ (ကဲ ဆရာကြီး ဌေးအောင် ဟုတ်လား )
သိင်္ဂါဂီရိအစိုးရမူလတန်းကျောင်း ၁၉၅၈ ခုနှစ် ။ ရွာသစ်အစိုးရမူလတန်းကျောင်း ၁၉၅၅။ တပ်မြေအစိုးရမူလတန်းကျောင်း၁၉၅၅မှာ တပ်ရင်း (၁၆)နေရာ၊ (ယခု(၁၉၆၉) အမှတ်(၂) ရဲစခန်းအတွင်း ရဲတပ်ဘောလုံးကွင်းအရှေ့ဘက်ထောင့်မှာ စဖွင့်တယ်။တပ်ရင်း(၁၆)က ကယားတပ်နေရာပြောင်းသွားတော့ တပ်မြေအစိုးရမူလတန်းကျောင်းကို ကယားတပ်တွင်း ဘောလုံးကွင်း အရှေ့ဘက် ပြောင်းဖွင့်တယ်။ တပ်တွင်းကျောင်းမူလနေရာမှာ ရဲကျောင်းဖြစ်လာပုံပါပဲ။
ရဲကျောင်းက ဘယ်နှခုနှစ်စဖွင့်လဲ မပါ။
မကွေးမြို့နယ်ဖြစ်စဉ်မှတ်တမ်းအရ မကွေးမြို့ပေါ်က ကျောင်းအတော်များများက ၁၉၄၆ နောက်ပိုင်းမှ စဖွင့်တယ်။ အစိုးရကျောင်း လို့ခေါ်ကြတာဆိုတော့ အရင်က ကိုယ့်မင်းကိုယ့်ချင်းမဟုတ်လို့ အစိုးရကျောင်း လို့ မခေါ်ကြတာလား။
အမျိူသားကျောင်းကို လိုက်ရှာတာ အမျိုးသားကျောင်းရှာမတွေ့ပဲ အစိုးရကျောင်းတွေပဲ ရှာတွေတယ်။ အမလေး တော်လှန်ရေးအစိုးရအထက်တန်းကျောင်းဆိုတာတောင် ရှာတွေ့တယ်။
လေ့လာအားကောင်းသူတွေ၊ ပညာရှင်တွေ ဝိုင်းကူရှာပေးကြပါဦး။
ပူလောင်ညံကျွက်
ဒီဇင်ဘာ ၆၊ ၂၀၂၂
Leave a Reply