မကွေးတိုင်းအစိုးရက Covid-19ရောဂါကူးစက်ခြင်းမှ ကာကွယ်ထိန်းချုပ်နိင်ရန်အတွက် တိုင်းအတွင်းရှိခရိုင်/မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနများသို့ ညွှန်ကြားချက်ထုတ်ပြန်

မကွေးတိုင်းအတွင်း နယ်မြေကျော်ခရီးသွားလာသူများအား Facility Quarantine ၂၁ရက်ထားရှိဆောင်ရွက်ရန်ကိစ္စနဲ့
ကျေးရွာတစ်ချို့ မှာ ၀င်ထွက်ခွင့် ပိတ်ပင်ခြင်းအား ဆောင်ရွက်ခြင်းမပြုရန် တိုင်းအစိုးရမှ ဧပြီလ ၂၁ရက်နေ့က ခရိုင်/မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအားလုံးထံ ညွှန်ကြားချက်ထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်။
Covid-19ရောဂါကူးစက်ခြင်းမှ ကာကွယ်ထိန်းချုပ်နိင်ရန်အတွက် တိုင်းအတွင်းမှ အချို့သော မြို့နယ် ၊ရပ်ကွက်၊ကျေးရွာများတွင် အခြားတိုင်းဒေသကြီး/ပြည်နယ်များမှ လာရောက်ကြသူများနှင့် တိုင်းအတွင်း အခြားနေရာဒေသများသို့ သွားလာနေသူများကို ၀င်/ထွက် သွားလာခွင့်မပြုသည့်အတွက် မလိုလားအပ်သောပြဿနာများ ဖြစ်ပေါ်လျက်ရှိကြောင်း စီစစ်တွေ့ရှိရသည်အတွက် ယခုလိုညွှန်ကြားချက်ထုတ်ပြန်ရကြောင်း သိရပါတယ်။
ကျွန်တော်တို့တိုင်းအတွင်းက သွားလာသူတွေဆိုရင် ရပ်ကွက်/ကျေးရွာတွေကို ဖြတ်သန်းသွားလာခွင့်ပြုမှာပါ၊ တိုင်းအတွင်းကမဟုတ်ဘဲ အခြားတိုင်းနဲ့ပြည်နယ်ကိုသွားပြီး ပြန်လာသူတွေဆိုရင်တော့ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာတွေမှာရှိတဲ့ သတ်မှတ်နေရာတွေမှာ Facility Quarantine ၂၁ရက်ထားရှိပြီးမှ သူတို့နေအိမ်တွေမှာ နေထိုင်စေဖို့ ဆောင်ရွက်သွားမှာပါလို့ မင်းဘူး/စကုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ကံက ပြောပါတယ်။
ကျွန်တော်တို့ရွာမှာ ၀င်ပေါက်တွေကို အသေပိတ်တာမဟုတ်ဘဲနဲ့ ဝါးလုံးလေးတွေနဲ့ ယာယီတားတာတွေ တော့ ရှိပါတယ်။ ဧည့်စိမ်းတွေ ၊ အခြားဒေသက စျေးသည်တွေ ၊ နေရပ်ပြန်လာတဲ့ သူတွေကို စုံစမ်းမေးမြန်းတာ ၊ Mask ဝေတာ ၊ ညှိနှိုင်းဆောင်ရွက်တာတွေ ဆက်လုပ်ပါမယ်။ စိုးရိမ်စရာကောင်းတဲ့ နေရာတွေကနေ နယ်ကျော်ပြန်လာသူတွေကို (၂၁)ရက် စောင့်ကြည့်ဖို့အတွက် တရား၀င်အခွင့်အရေးဖြစ်လို့ ဒေသခံပြည်သူတွေအတွက် ဒီညွှန်ကြားချက်က အထောက်အကူဖြစ်ပါ တယ်လို့ မကွေးမြို့နယ် ၊ ကြာကန်ကျေးရွာနေ ဦးဇော်မင်းထိုက် က ပြောပါတယ်။
ရွာသား(မကွေး)
မကွေးဂျာနယ်
သတင်းဓါတ်ပုံ ဇော်မင်းထိုက်(ကြာကန်)

Leave a Reply

Your email address will not be published.