မကွေးတိုင်းမှာ ကိုဗစ်ထိန်းဖို့ နေရပ်ပြန်တွေကို စနစ်တကျစီမံခန့်ခွဲဖို့ လိုအပ်နေ

ဇော်တူး■

မကွေးတိုင်းမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်တဲ့နှုန်းများလာတဲ့အတွက် တခြားတိုင်းနဲ့ပြည်နယ်တွေက ပြန်လာတဲ့သူတွေ သီးခြားခွဲနေထိုင်ဖို့ ဆိုတဲ့ ညွှန်ကြားချက်ကို တိတိကျကျလိုက်နာဖို့ လိုသလို၊ အဲဒီလူတွေကို စနစ်တကျကူညီဖို့ လိုအပ်နေတယ်လို့ သိရပါတယ်။ မကွေးတိုင်းတခုလုံး (၁၇) မြို့နယ်မှာ ပိုးတွေ့လူနာစုစုပေါင်း (၁၄၀) ကျော်နေပြီလို့ တိုင်းကျန်းမာရေးဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။ မနေ့က တရက်တည်းမှာတင် မကွေးတိုင်းမှာ ပိုးတွေ့လူနာ ၆၀ နီးပါး ရှိခဲ့ပြီး၊ အဲဒီလူတွေထဲမှာ ကုန်ကားမောင်းသမား (၄) ယောက်လဲပါဝင်နေပါတယ်။ အခုဆိုရင် ပိုးကူးစက်နှုန်းများလို့ အသွားအလာကန့်သတ်ထားတဲ့ ရန်ကုန်မှာ စက်ရုံအလုပ်ရုံတွေ ပိတ်လိုက်လို့ အလုပ်အကိုင်မရှိတော့တဲ့အတွက် ဇာတိနေရပ် ပြန်လာသူတွေ များလာနေပါတယ်။ တဖက်မှာလဲ ကုန်စည်စီးဆင်းမှုအတွက် သွားလာနေတဲ့ကုန်ကားတွေလဲရှိနေပြီး၊ အဲဒီထဲက တချို့လူတွေမှာရောဂါ ပိုးစစ်ဆေးတွေ့ရှိနေတာဖြစ်ပါတယ်။ ဒါကြောင့် ပြန်လာတဲ့သူတွေဆီကနေ ပိုးပျံ့မှာကို စိုးရိမ်နေသလို၊ တဖက်မှာလဲ ပြန်လာတဲ့လူတွေကို မကွေးမြို့ထဲ အဝင်မခံတဲ့အတွက် အဲဒီလူတွေ အခက်အခဲဖြစ်နေပါတယ်။မနေ့ကဆိုရင် ရန်ကုန်မှာ အလုပ်အကိုင် အဆင်မပြေတော့လို့ ကားစင်းလုံးငှားပြီး ပြန်လာတဲ့ မိသားစုကို မကွေးမြို့ထဲ အဝင်မခံဘဲ မကြီးကန်ရွာမှာပဲ လက်ခံထားတယ်လို့ သိရပါတယ်၊ ဒီလိုမြို့ထဲပေးမဝင်လို့ အခက်အခဲဖြစ်နေတဲ့အကြောင်း မကွေးမြို့သူ ဒေါ်ရဝေသန့် ကပြောပါတယ်။“ရန်ကုန်ကဆိုရင် မြို့ထဲကို ပေးမဝင်ဘူးဆိုလို့ သမီးမှာ အခက်အခဲတွေ ဖြစ်နေရတာပါ။ ရပ်ကွက်ဥက္ကဌကလည်း ထွက်ဖို့အတွက် ထောက်ခံစာကို အဆင်ပြေပြေ လုပ်ပေးလိုက်ပါတယ်။ ဂိတ်တွေမှာ စစ်တော့လည်း သမီးထောက်ခံစာကို စစ်ပီးတော့ ဂိတ်တွေမှာ အကုန်လုံးလည်း အဆင်ပြေပါတယ်။ ဒီဝင်တဲ့အပေါက် တစ်ခုပါပဲ။ ထစ်နေတာပါ။အလုပ်က စက်ရုံမှာ အလုပ်လုပ်တာ။ ပိတ်တာကတော့ ကြာလှပါပြီ၊အပြင်လည်းမထွက်ရဘူး။ အထဲမှာနေနေရတာပါ။အခုတောင် သမီးတို့က လမ်းတွေ ဖွင့်တယ်ဆိုလို့ ပြန်လာတာ”မကွေးမြို့ထဲ အဝင်မခံတဲ့အတွက် တချို့လူတွေက ရတဲ့နေရာကနေ ဝင်ကြလို့ ရောဂါပိုးထိန်းချုပ်ရေး ခက်ခဲနိုင်သလို၊ ပရဟိတအဖွဲ့တွေက ဒီလူတွေကို ခေါ်ပေးဖို့လဲ ဆိုတာကလဲ တရားဝင်ခွင့်ပြုချက်မရှိလို့ စီမံခန့်ခွဲရေးအပိုင်းမှာ လိုအပ်ချက်တွေ ရှိနေတယ်လို့ ထောက်ပြကြပါတယ်။ ဒါနဲ့ပတ်သက်လို့ မကွေးအခြေစိုက် ရောင်စုံပရဟိတအသင်း တာဝန်ခံဦးအောင်မျိုးနိုင်က ….“သက်ဆိုင်ရာအစိုးရက ဘာမှညွှန်ကြားချက်မရှိလို့ ကျနော်တို့က ဘာမှသွားသယ်ပေးလို့ မရဘူးပေါ့နော်။ ကားဝင်လို့ မရဘူးလား။ ကားဝင်လို့မရရင် ကားမဝင်ဘူး။ လူတွေဝင်လာကြတယ်။ ဆိုင်ကယ်ကယ်ရီ ငှားဝင်လာတယ် စသဖြင့်ပေါ့နော်။ သူတို့ ရရာအမျိုးမျိုး လုပ်ပြီး ဝင်လာကြတယ်။ စစ်ဆေးမှုတွေ မလုပ်နိုင်ဘူး။ အဲဒါမျိုးတွေ ဝင်လာတာက ကျနော်တို့ မကွေးတိုင်းအတွက် အများကြီးစိုးရိမ်ရတယ်ပေါ့။ ဝင်လာတဲ့သူတွေကို အဆင့်ဆင့်ပြောပြီး သတင်းပေးသွားမယ်ဆိုရင် ကျနော်တို့ ပိုပြီးတော့ ထိရောက်တဲ့ကာကွယ်မှုပေးနိုင်ပါတယ်”ကုန်ကားတွေကို မကွေးမြို့မဝင်ခင် မကြီးကန်ရွာနားမှာ စစ်ဆေးနေပြီး၊ ကိုယ်ပူရှိမရှိ၊ ရောဂါလက္ခဏာ မပြမှ ဆက်ပြီးသွားလာခွင့်ပြုတာတော့ ရှိနေပါတယ်။ ဒီလိုစစ်ဆေးတဲ့အတွက်လဲ ကုန်ကားသမား ၄ ယောက်မှာ ပိုးတွေ့နေတာပါ။ ရောဂါပိုးကိုကြောက်ရပေမယ့်လဲ အိမ်မှာနေဖို့ဆိုတာထက် စားဝတ်နေ ရေးအတွက် မဖြစ်မနေ အလုပ်လုပ်နေကြရတဲ့သူတွေလဲ ရှိနေပါတယ်။ ဒါနဲ့ပတ်သက်လို့ ယာဉ်မောင်းသမားတဦးဖြစ်တဲ့ ဦးသန်းရွှေ က… “စားဝတ်နေရေးခက်ခဲလို့သာ ထလုပ်နေကြရတာ။ ကျနော်တို့လည်း ကျနော်တို့ဆီက ရောဂါပိုးဘာညာပါသွားရင် ကိုယ့်မိသားစုထိခိုက်မှာ ကြောက်တယ်လေ။ ဒါပေမယ့် တိတိကျကျစစ်ဖို့ ဆိုတာကတော့ ခုမှစစစ်ရမှာ။ ဟိုဘက်ရက်တုန်းကတော့ တိတိကျကျစစ်တာတော့ မဟုတ်ဘူး။ ကျန်းမာရေး ထောက်ခံစာ ယူပြီးပဲ သွားကြတာလေ”မကွေးတိုင်းဟာ ရခိုင်ပြည်နယ်နဲ့နယ်မြေထိစပ်ပြီး မင်းဘူး-အမ်းလမ်းကလည်း ကုန်စည်စီးဆင်းရာ ပင်မလမ်းကြောင်းတစ်ခု ဖြစ်ပါတယ်။ ဒါကြောင့် ငဖဲမြို့နယ် ပျဉ်းဝလမ်းဆုံမှာလည်း ရခိုင်ပြည်နယ်ဘက်ကနေ ဝင်လာတဲ့ ကုန်ကားတွေကို စစ်ဆေးနေတာရှိပါတယ်။ အဲဒီက အခြေအနေကိုတော့ စေတနာ့ ဝန်ထမ်းအဖြစ် ဆောင်ရွက်နေတဲ့ ဦးမြင့်ဇော်ဦးက အခုလို ပြောပြပါတယ်။ “ဝန်ကြီးဌာနကနေပြီးတော့ TestKit (တက်စကစ်) ကို (၂၀၀)ချထားပေးတယ်။ ဒီပျဉ်းဝဂိတ်မှာ ကားသမားတွေကိုအ ကုန်လုံး TestKit နဲ့ စစ်တယ်။ ပေါ့စတစ်လူနာ (၅) ဦးတွေ့တယ်၊ အဲ(၅)ဦးကို အခု ပဒါန်းဆေးရုံမှာ(၄)ယောက်၊ ငဖဲဆေးရုံမှာ တစ်ယောက်ပေါ့။ Negative ဖြစ်တဲ့ကားတွေတော့ လွှတ်ပေးလိုက်တယ်ပေါ့ဗျာ။ ဒီနေ့မှာစပြီး အမ်းမှာ TestKit နဲ့ စစ်တာစပြီး ဆောင်ရွက်တယ်ပေါ့”မကွေးတိုင်း ကျန်းမာရေးဦးစီးဌာနကတော့ အခုထက်ပိုပြီး စစ်ဆေးနိုင်အောင် ကိုရိုနာဗိုင်းရပ်စ်ပိုး စစ်ဆေးတဲ့ ကိရိယာတွေကို တိုးပြီးပေးသွားမယ်လို့ သိရပါတယ်။ မကွေးမြို့မှာ စာသင်ကျောင်းတချို့ကို သီးခြားခွဲထားတဲ့နေရာတွေအဖြစ် စီစဉ်ထားပေမယ့်၊ မကြာခင်မှာ အဲဒီနေရာတွေကို မဲရုံတွေအဖြစ် ပြောင်းရတော့မှာမို့လို့ စောင့်ကြည့်ပေးနိုင်မယ့်နေရာ အခက်အခဲလည်း ရှိနေတယ်လို့သိရပါတယ်။- Unicode

Leave a Reply

Your email address will not be published.