ဗဟိုဘဏ်၏ နိုင်ငံခြားငွေထိန်းကျောင်းမှုတွင် နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းရှင်များ အကျုံးဝင်ခြင်းမရှိတော့

ရွှေမန်း

ဗဟိုဘဏ်ရဲ့ နိုင်ငံခြားငွေ ထိန်းကျောင်းမှုဆိုင်ရာ ၁၂/၂၀၂၂ အမိန့်ကြော်ငြာစာပါ ပြည်တွင်းနေထိုင်သူများရဲ့ ပြည်ပက နိုင်ငံခြားသုံးငွေဖြင့် ရရှိသည့် ဝင်ငွေများကို ကျပ်ငွေအဖြစ် ရောင်းချပေးရမည်ဆိုသည့် သတ်မှတ်ချက်က တရုတ်-မြန်မာ၊ ထိုင်း-မြန်မာနယ်စပ် ပို့ကုန်၊ သွင်းကုန်လုပ်ငန်းရှင်တွေ အကျုံးဝင်ပါဝင်ခြင်းမရှိတော့ကြောင်း ဧပြီ ၂၇ ရက် နေ့ ရက်စွဲဖြင့်ထုတ်ပြန်လိုက်သည်။

သွင်းကုန်လုပ်ငန်းရှင်များရဲ့ သွင်းကုန်အတွက် ငွေပေးချေရာတွင် နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီထံ တင်ပြခွင့်ပြုချက် ရယူရန်မလိုဘဲ နိုင်ငံခြားငွေဖြင့် ပေးချေမှုများကို ဆောင်ရွက်ခွင့်ရရှိတဲ့ Designated Bank တွေသာ ဆောင်ရွက်ပေးဖို့ ဗဟိုဘဏ်က ညွှန်ကြားထားကြောင်းသိရသည်။

ပို့ကုန်လုပ်ငန်းရှင်များရဲ့ ပို့ကုန်ရငွေကို နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေနှင့် စည်းမျဉ်းတို့ပါ ပြဋ္ဌာန်းချက်များအတိုင်း ရငွေများကို နိုင်ငံအတွင်းက ဘဏ်ငွေစာရင်းထံ မပျက်မကွက် ထည့်သွင်းရေး စိစစ်ဆောင်ရွက်ရမည်ဖြစ်ကြောင်းသိရသည်။

ထိုပြင် AD လိုင်စင်ရဘဏ်များထံ ပို့ကုန်ရငွေများ ဝင်ရောက်ပြီးနောက် ပို့ကုန်တင်ပို့သူက တစ်လအတွင်း မိမိကိုယ်တိုင် သုံးစွဲခြင်း၊ ဘဏ်တွေထံ ရောင်းချခြင်းတို့ကို ဆောင်ရွက်နိုင်ပြီး သုံးစွဲဖို့ ကျန်ရှိငွေကို မပျက်မကွက် ရောင်းချရမှာ ဖြစ်သည်။

AD လိုင်စင်ရဘဏ်များအနေနဲ့ကလည်း ပို့ကုန်ရငွေဝင်ရောက်ပြီး တစ်လပြည့်မြောက်တဲ့နေ့မှာ လက်ကျန်ပို့ကုန်ရငွေကို ကျပ်ငွေဖြင့် ပြောင်းလဲရယူရမည်ဖြစ်ကြောင်း ညွှန်ကြားချက်တွင်ပါရှိသည်။

တရုတ်-မြန်မာ၊ ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေး အစီအစဉ်အောက်မှာ ဆောင်ရွက်နေတဲ့ နိုင်ငံခြားငွေဆိုင်ရာ ဆောင်ရွက်ချက်များနှင့် စပ်လျဉ်းပြီး နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဌာနထံ Electronic Reporting System (ERS) ရဲ့ Border Trade Module အသုံးပြုပြီး မပျက်မကွက် ဆက်လက်သတင်းပို့ရန် ဗဟိုဘဏ်က ညွှန်ကြားထားသည်။

ပြီးခဲ့တဲ့ ရက်ပိုင်းမှာလည်း နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြုပ်နှံမှုလုပ်ငန်းများ၊ အထူးစီးပွားရေးဇုန်တွေက ရင်းနှီးမြုပ်နှံမှုလုပ်ငန်းများ၊ နိုင်ငံခြားသံတမန်များနှင့် မိသားစုဝင်များ၊ ကုလသမဂ္ဂဝန်ထမ်းများ၊ ကုလသမဂ္ဂ ခရီးသွားလက်မှတ်ကိုင် မြန်မာနိုင်ငံသားများ၊ ပြည်ပဖွံ့ဖြိုးရေးအေဂျင်စီများရှိ နိုင်ငံခြားသားဝန်ထမ်းများ၊ INGO နဲ့ အေဂျင်စီဝန်ထမ်းများ၊ နိုင်ငံပိုင်/နိုင်ငံသားပိုင် အပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်းတို့ကို ကင်းလွတ်ခွင့်ပြုခဲ့ကြောင်းသိရသည်။

Leave a Reply

Your email address will not be published.