ရွှေမန်း

မြန်မာနိုင်ငံတော်ဗဟိုဘဏ်က နိုင်ငံခြားငွေဈေးပြိုင်လေလံနဲ့ အမေရိကန်ဒေါ်လာသန်း ၃၀ ကို ယခုလအတွင်း တတိယအကြိမ်မြောက် အောက်တိုဘာ ၂၆ ရက် မွန်းလွဲပိုင်းတွင် ထပ်မံထုတ်ရောင်းလိုက်ကြောင်းသိရသည်။အောက်တိုဘာ ၂၆ ရက်နေ့တွင်ပြင်ပငွေကြေးဈေးကွက်မှာ အမေရိကန်ဒေါ်လာပေါက်ဈေး ၁၈၈၀ ကျပ်ဖြစ်ပေါ်နေချိန် ဗဟိုဘဏ်က ဈေးပြိုင်လေလံအတွက် ငွေလဲလှယ်နှုန်းကို ၁၇၉၀ ကျပ် သတ်မှတ်ထုတ်ရောင်းချခြင်းဖြစ်သည်။ယခုလ အောက်တိုဘာ ၁၈ ရက်ကလည်း ဗဟိုဘဏ်က အမေရိကန်ဒေါ်လာသန်း ၅၀ ၊ အောက်တိုဘာ ၂၂ ရက်မှာ သန်း ၃၀ တို့ကို ဈေးပြိုင်လေလံနဲ့ ရောင်းချခဲ့ပြီး ယခုလအတွင်း ဗဟိုဘဏ်ရဲ့ ကန်ဒေါ်လာရောင်းချမှုက သန်း ၁၁၀ အထိ ရှိခဲ့ပြီဖြစ်ကြောင်းသိရသည်။ဗဟိုဘဏ်အနေဖြင့် ယခုလို ဈေးပြိုင်လေလံနှင့် ရောင်းချသည့် အမေရိကန်ဒေါ်လာသန်းချီကို AD လိုင်စင်ရဘဏ်တွေကတစ်ဆင့် စက်သုံးဆီတင်သွင်းသူများ၊ စားအုန်းဆီတင်သွင်းသူများနှင့် ဆေးပစ္စည်းတင်သွင်းသူများထံ ရောင်းချပေးထားကြောင်းသိရသည်။ယနေ့ ဗဟိုဘဏ်က ရောင်းချမှု မတိုင်မီက မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဈေးပြိုင်လေလံဖြင့် အမေရိကန်ဒေါ်လာများ ထပ်မံရောင်းချနိုင်ပါက ပြည်တွင်းရွှေလည်း ဆက်လက်ကျဆင်းကြောင်း ရွှေလုပ်ငန်းရှင်များက သုံးသပ်ထားသည်။‘‘ ဗဟိုဘဏ်က ရောင်းပေးတဲ့အတွက် ဒီဘက်မှာ ဒေါ်လာဈေးကျတယ်။ ကျတဲ့အခါ ဒေါ်လာနဲ့ ကမ္ဘာ့ရွှေက ဆက်စပ်ထားတဲ့အခါကျတော့ ရွှေဈေး ပြန်ကျတာပါ’’ ဟု ရွှေလုပ်ငန်းရှင်းတစ်ဦးကပြောသည်။ပြည်တွင်းအခေါက်ရွှေတစ်ကျပ်သားက မနေ့က အပိတ်ဈေးအဖြစ် ကျပ် ၁၈ သိန်းအောက်ကို ကျဆင်းသွားခဲ့ပြီး အောက်တိုဘာ ၂၆ ရက်တွင် ဈေးကွက်ဖွင့်ချိန်မှာတော့ ကျပ် ၁,၇၈၀,၀၀၀ ဖြင့် စတင်ခဲ့ရာ ညနေ့ အပိတ်စျေးမှာ ကျပ် ၁၇၆၂၀၀၀ ထိထပ်မံကျဆင်းသွားကြောင်းသိရသည်။

Leave a Reply

Your email address will not be published.