ပြီးခဲ့သည့် ကော်ဖီရာသီတွင် မြန်မာ့ကော်ဖီကုန်ကြမ်း လက်ကျန်မရှိ ပြည်တွင်းပြည်ပ ရောင်းချနိုင်ခဲ့

ရွှေမန်း

မြန်မာ့ကော်ဖီကုန်ကြမ်းများကို ပြည်တွင်းထွက်ရှိသည့် ပမာဏထက် ၇၅ ရာခိုင်နုန်းပြည်ပသို့ တင်ပို့ခဲ့သည့် အပြင် ပြည်တွင်းရောင်းဝယ်လိုအားကြောင့်ပြီးခဲ့သည့်(၂၀၂၁ ခုနှစ်)ကော်ဖီရာသီမှ ကော်ဖီကုန်ကြမ်းများ လက်ကျန်မရှိ တော့ကြောင်း မြန်မာနိုင်ငံကော်ဖီအသင်း၊နာယကဦးရဲမြင့်ကပြောသည်။

ပြည်တွင်းမှ နှစ်စဉ် ကော်ဖီတန်ချိန် ၈၀၀၀ မှ ၁၀၀၀၀ ကြားထွက်ရှိပြီး ၇၅ ရာခိုင်နုန်းကို ပြည်ပသို့ တင်ပို့နေပြီး ပြီးခဲ့သည့်နှစ်က အမြင့်ဆုံးဈေးမှာ ကော်ဖီတစ်တန်လျင် အမြင့်ဆုံးအမေရိကန်ဒေါ်လာ ၈၃၀၀ ဝန်းကျင်မှ အနိမ့်ဆုံး ၅၅၀၀ ဝန်းကျင် ရရှိခဲ့သည်ဟုဆိုသည်။

“ပြည်တွင်းမှာ မနှစ်က(၂၀၂၁)ထွက်တဲ့ ကော်ဖီကုန်ကြမ်းက ဒီနှစ်မှာ လက်ကျန်မရှိတော့။ရာသီချိန်က ပြည် တွင်းကော်ဖီကုန်ကြမ်းတွေက နိုဝင်ဘာကနေ စရတော့မယ်။ကမ္ဘာ့ကော်ဖီစိုက်တဲ့နေရာတွေမှာက အထွက်နည်း တော့ ကျွန်တော်တို့ ကော်ဖီက ဒီနှစ်ရာသီမှာ ဈေးကောင်းရနိုင်တယ်”ဟု ၎င်းကပြောသည်။

ကော်ဖီရာသီချိန်မှာ နိုဝင်ဘာလတွင် စတင်ပြီဖြစ်ရာ စိုက်ပျိုးချိန် သီဥတုကောင်းမွန်ခဲ့သောကြောင့် ယခုနှစ်တွင် အထွက်နုန်းကောင်းနိုင်ကြောင်း၊မြန်မာနိုင်ငံမှ အထူးတန်းဝင် Speciality Coffee ကို အမေရိကန်၊ကနေဒါနှင့် EU နိုင်ငံများသို့ တင်ပို့နေပြီး အရည်အသွေးတဆင့်နိမ့်ကော်ဖီများကို ဂျပန်၊ကိုရီးယားနှင့်အာဆီယံနိုင်ငံများနှင့် တစ်ကမ္ဘာလုံးသို့ တင်ပို့လျက်ရှိရာ ထိုင်းနိုင်ငံမှလည်းဝယ်လိုအားမြင့်လာ ကြောင်းသိရသည်။

“ပို့ကုန်အစားထိုးတင်ပို့မှုမှာ ကော်ဖီလုပ်ငန်းက အောင်မြင်မှုရလာတဲ့အတွက် အရည်အသွေးမြှင့်ထုတ်လုပ်ပြီး ပြည်ပတင်ပို့နိုင်ဖို့လိုတယ်။တခြားနိုင်ငံတွေက မြန်မာ့ကော်ဖီကို ကုန်ချောထုတ်ပြီး ရောင်းနေကြတာဆိုတော့ ကျနော်တို့က ကုန်ကြမ်းရောင်းစားနေရတဲ့ အနေအထားဖြစ်နေတယ်။ကမ္ဘာ့ဈေးကွက်မှာ မြန်မာ့ကော်ဖီ ဖြစ် အောင်လုပ်ရမယ်”ဟုဆက်လက်ပြောကြားသည်။

မြန်မာ့ကော်ဖီကို Border Trade နှင့် Normal Trade ဖြင့် ပြည်ပသို့ တင်ပို့နေရာ ကုန်ကြမ်းအဆင့်မှ ကမ္ဘာ့ အဆင့်မှီ ကုန်ချောအဆင့်ထုတ်လုပ်၍ ပြည်ပတင်ပို့နိုင်ရေးအတွက် ကော်ဖီစိုက်ပျိုးထုတ်လုပ်သော လုပ်ငန်း ရှင်များ စည်းလုံးညီညွတ်ရန်နှင့် ဌာနဆိုင်ရာများက ကူညီပေးရန်လိုအပ်သည်ဟု ၎င်းကသုံးသပ်ပြောဆိုခဲ့သည်။

လာမည့် နိုဝင်ဘာမှ ဖေဖေါ်ဝါရီလအတွင်း ပြည်တွင်းမှ ကော်ဖီများလှိုင်လှိုင်ပေါ်လာတော့မည်ဖြစ်ပြီး ကော်ဖီ Export ရာသီဖြစ်သည့် မတ်လမှ မေလအတွင်း အမေရိကား၊နယ်သာလန်၊သြစတြေးလျ၊ဂျပန်၊ကိုရီးယား၊ ပြင်သစ်၊ဂျာမဏီ၊ဆွစ်ဇလန်၊ထိုင်းနှင့် တရုတ်နိုင်ငံများသို့ ကော်ဖီတန်ချိန် တစ်သောင်းဝန်းကျင် တင်ပို့နိုင်ရေး စီစဉ်ဆောင်ရွက်နေကြောင်းမြန်မာနိုင်ငံ၊ကော်ဖီအသင်းမှ သိရသည်။

Leave a Reply

Your email address will not be published.