ရွှေမန်း
ယခုနှစ် အောက်တိုဘာလအတွင်း ပြည်ပနိုင်ငံများသို့ ဆန်နှင့်ဆန်ကွဲပမာဏ တန်ချိန် ၂၁၀၀၀၀ ကျော် တင်ပို့နိုင်ခဲ့သော်လည်းနယ်စပ်ဂိတ်များမှတင်ပို့မှု လျော့ကျခဲ့ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ကထုတ်ပြန်ချက် ထားသည်။ ဆန်ပို့ကုန် ကုမ္ပဏီ ၃၂ ခုက ပင်လယ်ရေကြောင်းကုန်သွယ်မှုမှတဆင့် ပြည်ပနိုင်ငံများသို့ ဆန် ၂၁၁၇၅၉ တန် တင်ပို့နိုင်ခဲ့ပြီး နယ်စပ်ကုန်သွယ်ရေးစခန်းများမှ အိမ်နီးချင်းနိုင်ငံတို့ထံ တန်ချိန် ၄၁၆၁ ပမာဏသာ တင်ပို့နိုင်ခဲ့ကြောင်းသိရသည်။ နယ်စပ်ချင်းထိစပ်နေတဲ့ အိမ်နီးချင်းနိုင်ငံအချို့ရဲ့ ကိုဗစ်-၁၉ ကပ်ရောဂါ အကြောင်းပြမှုကြောင့် နယ်စပ်ဂိတ်ပေါက်တွေ ပိတ်ထားခဲ့ပြီး ဆန်အပါအဝင် ပဲ ပြောင်းနှမ်း ပို့ကုန်တင်ပို့မှုပမာဏလည်း သိသိသာသာ ကျဆင်းသွားခဲ့ခြင်းလည်း ဖြစ်သည်။ “အောက်တိုဘာလအတွင်း ပြည်ပကို တင်ပို့တဲ့ ဆန်အမျိုးအစားအလိုက်ဈေးနှုန်းတွေက အရည်အသွေးအမျိုးအစားပေါ်မူတည်ပြီး ၁ တန်ကို အမေရိကန်ဒေါ်လာ ၃၁၅ မှ ၃၅၀ အထိ ပေါက်ဈေးရခဲ့တယ်” ဟု ဆန်ကုန်သည်တစ်ဦးကပြောသည်။ မြန်မာနိုင်ငံ တင်ပို့ရောင်းချတဲ့ ဆန်နဲ့ဆန်ကွဲကို တရုတ်နိုင်ငံက အများဆုံးဝယ်ယူထားပြီး ဆန်တန်ချိန် ၃၄၀၀၀ ကျော်နဲ့ ဆန်ကွဲတန်ချိန် ၆၇၀၀ ကျော်ကို ဝယ်ယူထားကြောင်းသိရသည်။ ကျန်ရှိတဲ့ ဆန်တွေကို အိုင်ဗရီကို့စ်၊ ဖိလစ်ပိုင်တို့အပါအဝင် ၁၃ နိုင်ငံက ဝယ်ယူထားပြီး ဆန်ကွဲတန်ချိန် ၁ သိန်းဝန်းကျင်ကိုလည်း တရုတ်ရဲ့ ပမာဏအများဆုံးဝယ်ယူမှုအပြင် ၈ နိုင်ငံကို ရောင်းချနိုင်ခဲ့သည်။ ပြီးခဲ့တဲ့ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှာ မြန်မာနိုင်ငံကနေ ပြည်ပနိုင်ငံများထံ ဆန်၊ဆန်ကွဲ တန်ချိန် ၂.၅ သန်းခန့် တင်ပို့နိုင်ခဲ့ပြီး ဆန်တင်ပို့မှုမှ ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာသန်း ၈၀၀ ကျော် ရရှိထားသည်။
Leave a Reply