ပြည်ပပို့ကုန် မတ်ပဲ အိ္န္ဒိယ အဝယ်ထိန်းနေတာကြောင့် စျေးကွက်ကျဆင်းနေ

ရွှေမန်း

ပြည်တွင်းပဲအသစ် ဝင်ရောက် မှုများပြီး အိန္ဒိယဘက် မှ လိုအပ်ချက်နည်းလာကာ ပြည်ပတင်ပို့နေသည့် ပဲများဖြစ်သည့် မတ်ပဲက ပုံမှန်ဈေးထက် ၁၅ ရာခိုင်နှုန်းကျဆင်းပြီး ပဲစင်းငုံနီကတော့ ၁၀ ရာခိုင်နှုန်းခန့် ကျဆင်းသွားတယ်လို့ ပဲကုန်သည်များထံမှ သိရသည်။ မြန်မာနိုင်ငံမှ မတ်ပဲတန်ချိန် ၇သိန်း အထိတင်ပို့ရန်ရှိနေပြီး အိန္ဒိယမှ ဝယ်ယူမှုကိုထိန်းနေတဲ့အတွက် ဈေးက ဆက်တိုက်ကျဆင်းနေတာဖြစ်ကြောင်း ပဲကုန်သည်များထံမှ သိရသည်။ “ပြီးခဲ့တဲ့နှစ်က မတ်ပဲဟောင်းတွေလည်း သူတို့ဆီမှာကျန်သေးတယ် မြန်မာနိုင်ငံကလည်း တန်ချိန်၇သိန်းအထိသွင်းဖို့လုပ်နေတယ်ဆိုတော့ အများကြီး အိန္ဒိယမှာဝင်ဖို့ရှိတော့ စျေးကကျသွားတာ။ ပဲစင်းငုံကတော့လိုအပ်ချက်ရှိသေးတယ်။ဒါပေမဲ့ မတ်ပဲကျတဲ့ အရှိန်ကြောင့်သူပါလိုက်ကျဆင်းတာ” ဟု ၄င်းကပြောသည်။မတ်ပဲတစ်တန်လျှင် ယခင်က ၁၃သိန်း ၅သောင်းခန့်သာ ဖြစ်ခဲ့ပြီး လက်ရှိတွင် တစ်တန်လျှင် ၁၂ သိန်း ခန့်ထိ ကျဆင်းသွားကြောင်း၊ ပဲစင်းငုံတစ်တန်လျှင် ယခင် ၁၄ သိန်း ၂သောင်းခန့် ရှိရာမှ အခု ၁၃ သိန်း ၂သောင်းခန့်ထိ ကျဆင်သွားကြောင်း သိရသည်။ စျေးနှုန်းမှာ နေရာဒေသပေါ်မူတည်ပြီး စျေးနှုန်း အပြောင်းအလဲရှိနိုင်ကြောင်းသိရသည်။ မတ်ပဲ၊ ပဲစင်းငုံနီတို့အပြင် ပြည်တွင်စားသုံးသည့် ပဲကြီး၊ ကုလားပဲ ၊ထောပတ်ပဲ၊ စားတော်ပဲ များမှာလည်းကျဆင်းနေကြောင်း ဈေးကွက်ဈေးနှုန်းတွေအရ သိရသည်။ကုန်သည်များအနေဖြင့် နိုင်ငံရေးအခြေအနေများ နှင့် ကိုဗစ်ရောဂါ အခြေအနေများကြောင့် အွန်လိုင်း ပေါ်မှတစ်ဆင့် ကြိုက်ရောင်းကြိုက်ဝယ် ပုံစံဖြင့်လည်း အရောင်းဝယ်ပြုလုပ်နေကြကြောင်း သိရသည်။ နောက်ပိုင်း၌ ပြည်တွင်းမတ်ပဲ ထွက်နှုန်းများလာပါက စျေးနှုန်းတက်နိုင်ခြေမရှိကြောင်း၊ ပဲစင်းငုံ မှာ အိန္ဒိယနိုင်ငံမှ လိုအပ်ချက်ရှိသေးသောကြောင့် ပြန်လည်တက်လာနိုင်ခြေရှိကြောင်း သုံးသပ်ကြသည်။ ပြည်ပသို့ MOU အရ နှစ်စဉ် မတ်ပဲတန်ချိန် ၂.၅ သိန်း နှင့် ပဲစင်းငုံ တန်ချိန် တစ်သိန်းအား နှစ်စဉ်တင်ပို့ နေကြောင်းသိရပြီး ၂၀၂၁ – ၂၀၂၂ ခုနှစ် ဘဏ္ဍာနှစ် ၆လတာကာလတွင် G to G MOU အရ ခွင့်ပြုသည့် ပမဏာထက် ပိုမိုတင်ပို့နိုင်ခဲ့ကြောင်းသိရသည်။ မြန်မာနိုင်ငံအနေဖြင့် အိန္ဒိယအပါအဝင် တရုတ်၊ သီရိလင်္ကာ၊ နီပေါ၊ မလေးရှား၊ ထိုင်းနဲ့ UAE နိုင်ငံတွေကို ပဲမျိုးစုံတင်ပို့နေပြီး ၇၅ ရာခိုင်နှုန်းကို အိန္ဒိယနိုင်ငံသို့တင်ပို့နေကြောင်းသိရသည်။ ပဲများကို မန္တလေးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းတို့တွင် အများဆုံးစိုက်ပျိုးကြကြောင်းသိရသည်။

Leave a Reply

Your email address will not be published.