ပြည်ပတင်ပို့မှု ရပ်လုနီးပါးဖြစ်နေသည့်အတွက် ပြောင်းဈေး ၁၀ရာခိုင်နှုန်းအထိ ကျဆင်း

ရွှေမန်း

လက်ရှိတွင်ပြည်ပတင်ပို့မှု ရပ်လုနီးပါးဖြစ်နေသည့်အတွက် ပြောင်းဈေး ၁၀ရာခိုင်နှုန်းအထိ ကျဆင်းသွားကြောင်း သိရသည်။ ယခုကာလမှာ နှစ်စဉ်ပြောင်းဈေးအေးသည့်ကာလဖြစ်ပြီး ဇွန်လ အတွက် Normal Trade မှာ တင်ပို့မှုမရှိသလောက်ဖြစ်ကာ ရပ်လုနီးပါးဖြစ်နေကြောင်း ကုန်သည်များ ထံမှသိရသည်။ ထို့အပြင် Border Tradeမှာလည်း ပုံမှန်တင်ပို့မူထက် အနည်းငယ်အေးနေသည့် အနေအထားတွင် ရှိသောကြောင့် ပြောင်းဈေးမှာကျဆင်းနေရခြင်းဖြစ်ကြောင်း သိရသည်။

“တင်ပို့မှုအပိုင်းမှာ Normal Tradeက ရပ်သလောက်ဖြစ်နေပြီး ဇွန်လအတွက် တင်ပို့မူကမရှိ သလောက်ပဲ။ ၁,၈၅၀နဲ့ မကိုက်လို့ တင်ပို့မှုမလုပ်ကြဘူး။ Border Trade ကတော့ပုံမှန်ထက်အေးတယ်။ ဒီရာသီက ပြောင်းဈေးအေးတဲ့ရာသီဖြစ်တယ်။ တင်ပို့မှုလည်းအေးတယ် ဈေးနှုန်း အားဖြင့်လည်း ကျတယ်” ဟု မြန်မာနိုင်ငံပြောင်းလုပ်ငန်းအသင်း မှ ဦးမင်းခိုင် ကပြောထားသည်။ လက်ရှိဈေးကွက်တွင် ပြောင်းဈေးမှာကျဆင်းနေသလို အရောင်းအဝယ်အားဖြင့်လည်း အေးနေခြင်း ဖြစ်ကြောင်း ပြောင်းကုန်သည်များကဆိုသည်။ ပြီးခဲ့သည့် မေလက ပြောင်းတစ်ပိဿာလျှင် ၁,၂၀၀အထိ ရှိခဲ့ခြင်းဖြစ်ပြီးလက်ရှိ ရန်ကုန်ဈေးအနေဖြင့်ပြောင်းတစ်ပိဿာလျှင် ၁,၀၄၀ ကျပ် မှ ၁,၀၅၀ ထိ ပေါက်ဈေးရှိကာ မြဝတီဈေးအနေဖြင့် တစ်ပိဿာလျှင် ၁,၁၀၀ မှ ၁,၁၂၅အထိသာ ပေါက်ဈေးရှိကြောင်း သိရသည်။

မြန်မာသင်္ဘောတင် (FOB) ပြောင်းကုန်စည် ရောင်းဝယ်မှု မှာ Earning နှင့် Shiping line အခက်အခဲများကြောင့် ရပ်ဆိုင်းရမည့်အခြေအနေတွင် ရှိနေပြီး ထိုင်းနိုင်ငံ ပြည်တွင်းကလည်း ပြောင်း ထွက်ရှိနေ၍ထိုင်း (မြဝတီ) ရောင်းဝယ်မှုကလည်း ဈေးအေးအဝယ်နည်းနေကြောင်းသိရသည်။ လာအို နိုင်ငံမှ ထိုင်း၊ တရုတ် ရောင်းသည့်ပြောင်းဈေးကွက် ဝေစု ဝင်လုလာ၍ အရောင်းဝယ် ကျဆင်းနေခြင်း ဖြစ်ကြောင်း ပြောင်းကုန်သည်များက သုံးသပ်ပြောကြားထားသည်။

ခုနှစ်လပိုင်း Export ကာလ မကုန်ခင် အစာစပ်စက်ရုံများနှင့် ဝယ်လက်များကပြန်လည် ဝယ်ယူနိုင်မည်ဖြစ်၍ ပြောင်းဈေးကွက်မှာ ပြန်ကောင်းလာနိုင်သည့်အနေအထားတွင်ရှိကြောင်း ကုန်သည်များက သုံးသပ်ကြသည်။ ထိုင်းနိုင်ငံ ကုန်သွယ်ရေးမူအရ နှစ်စဉ် ဖေဖော်ဝါရီလ(၁)ရက်ကနေ သြဂုတ်(၃၁)ရက် အထိကို အကောက်ခွန်သက်သာခွင့်သုညရာခိုင်နှုန်းဖြင့် ပြန်လည်တင်သွင်းခွင့် ရရှိနေခြင်းကြောင့် မြဝတီနယ်စပ်ကုန်သွယ်ရေး မှတစ်ဆင့်ထိုင်းနိုင်ငံသို့ပြောင်းဆန်များကို စတင်တင်ပို့ နေခြင်းဖြစ်ကြောင်း သိရသည်။ နှစ်စဉ် ပြောင်းကို ထိုင်းနိုင်ငံသို့ ပုံမှန် ကား တစ်ရက်လျှင် အစီးရေ နှစ်ရာ မှ သုံးရာ ကြားထိ တင်ပို့နေခြင်းဖြစ်ပြီးလက်ရှိတွင်တင်ပို့မှု ကျဆင်းနေခြင်းဖြစ်သည်။

ယခုနှစ်မှာတော့ နိုင်ငံရေးမတည်ငြိမ်မှု၏နောက်ဆက်တွဲ သက်ရောက်မှုများ၊ သွင်းအားစုဈေးကြီးမြင့် မှုကြောင့် စိုက်ပျိုးထုတ်လုပ်နိုင်မှုပမာဏ လျော့ကျနိုင်သောကြောင့် ဈေးမတက်ခင် ပြည်တွင်း၌ ဝယ်ယူသိုလှောင်ထားခြင်းများရှိကြောင်း သိရသည်။ နှစ်စဉ် ပြည်တွင်းမှာ စိုက်ပျိုးထုတ်လုပ်သည့် ပြောင်းတန်ချိန် တစ်နှစ်ကို ၂သန်းခွဲဝန်းကျင်ရှိသည်ဟု သိရပြီး ထိုင်း နှင့်တရုတ်သို့ အဓိကတင်ပို့ကာ ပင်လယ်ရေကြောင်း မှတဆင့် Normal Trade အနေဖြင့် အိန္ဒိယနှင့်ဗီယမ်နမ် ဘက်သို့အနည်းငယ်သာ တင်ပို့နေကြောင်းလည်းသိရသည်။

Leave a Reply

Your email address will not be published.