ပြည်ပတင်ပို့မှုမရှိပါက ကြက်သွန်နီဈေးကွက် တစ်ပိဿာငွေကျပ် ၃၀၀၀ကျော် ဝန်းကျင်သာ ပေါက်စျေးရှိနေမည်

ရွှေမန်း

မန္တလေးကြက်သွန်နီဈေးကွက်တွင် လက်ရှိအချိန်၌ လက်ကားဈေး တစ်ပိဿာကျပ် ၂၀၀၀-၃၃၀၀ ဝန်းကျင်သာ ပေါက်ဈေးရှိရာ ပြည်ပဝယ်လိုအားမရှိပါက အချို့ကုန်သည် များ ခန့်မှန်းထားသည့် တစ်ပိဿာငွေကျပ် ၄၀၀၀ မကျော်နိုင်ကြောင်း ကြက်သွန်ပွဲရုံက သိရသည်။

စားသုံးသူများအနေဖြင့် ကြက်သွန်ဈေးမြင့်တက်လာမှုကြောင့် စားသုံးမှုလျှော့ချလာသဖြင့် ဝယ်လိုအားလျော့ကျလာခြင်းနှင့် ကြက်သွန် သစ်များ ထွက်ပေါ်ချိန်နီးလာသဖြင့် ယင်းကဲ့သို့ တစ်ပိဿာလျှင် ငွေကျပ် ၄၀၀၀ မကျော်နိုင်ကြောင်း ဦးမောင်ဦးက သုံးသပ်သည်။

” ကြက်သွန်က မစားမဖြစ်ထဲမှာ မပါတော့ ဈေးမြင့်လာတာနဲ့ လျှော့စားလာကြတယ်။ပြည်တွင်းဝယ်လိုအားအရဆိုရင် ဈေးနှုန်း က အငြိမ်ပိုင်းမှာ ရှိသွားနိုင်ပေမယ့် ဗီယက်နမ်က ဝယ်နေတယ်လို့ ကြားတယ်။ ပြည်ပက ဝယ်လာရင်တော့ ဈေးက မြင့်လာမှာပါ” ဟု ၎င်းက ပြောသည်။

ကြက်သွန်နီလက်လီနှင့် လက်ကားဈေးမှာ တစ်ပိဿာလျှင် ငွေကျပ် ၃၀၀ ဝန်းကျင်သာ ကွာခြားပြီး အချို့က ယင်းထက် ပိုမို၍ ဈေးမြင့်ရောင်းချခြင်းများကြောင့် လက်လီတစ်ပိဿာ ငွေကျပ် ၄၀၀၀ ဝန်းကျင် ရှိနေကြောင်း၊ ကြက်သွန်နီစိုက်ပျိုးထုတ်လုပ်မှုများပြားသည့် မြစ်သားနယ်တွင် တစ်လသားအရွယ်ခန့်ရှိနေပြီး လာမည့် နှစ်လခန့် (ရက်ပေါင်း ၆၀)ခန့်တွင် ကြက်သွန်နီအသစ်များ ပေါ်လာတော့မည် ဖြစ်၍ ဈေးမြင့်လာနိုင်ခြင်းမရှိနိုင်ကြောင်း သိရသည်။

“တောနယ်ကနေ မြို့အရောက်ဆိုရင် သယ်ယူခ၊အလုပ်သမားခ တွေ ပေါင်းလိုက်ရင် တစ်ပိဿာလျှင် ငွေကျပ် ၃၀၀ ဝန်းကျင် ပေါင်းရ တယ်။ ပြီးခဲ့တဲ့ရက်က တစ်ပိဿာလျှင် ငွေကျပ် ၃၅၀၀ ထိ ဖြစ်ခဲ့ သေးတယ်။ တချို့တောင်သူတွေက စားလို့ရတဲ့ အရွယ်ရောက်တာနဲ့ ရောင်းကြတယ်။ လက်ရှိမှာ ကြက်သွန်နီမျိုးဈေးက ငွေကျပ် ၂၀၀၀ ဖြစ်ပြီး ရှယ်ကတော့ ငွေကျပ် ၃၇၀၀ လောက် ရှိတယ် ” ဟု ဆက်လက်ပြောကြားသည်။

လက်ရှိ ကြက်သွန်နီဈေးကွက် တွင် ထွက်ရှိရာဒေသပေါက်ဈေးများ အရ ကြက်သွန်နီအောက်စ ငွေကျပ် ၂၀၀၀ ၊ အပေါ်စငွေကျပ် ၃၃၀၀ နှင့် ရှယ်မှာ ငွေကျပ် ၃၇၀၀ ဈေး ရှိကြောင်း၊ ပြည်တွင်းစားသုံးမှု အရဆိုလျှင် ကြက်သွန်နီ တစ် ပိဿာလျှင် ငွေကျပ် ၄၀၀၀ အောက်သာ ရှိနိုင်သော်လည်း ကြားကာလတွင် ပြည်ပဝယ်ယူမှု ရှိမှသာ ယင်းထက်ဈေးအနည်းငယ် မြင့်လာနိုင်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published.