ပြည်ပဈေးကွက်၌ ငရုတ်သီးစိမ်းကျဆင်းသော်လည်း ငရုတ်သီးခြောက်ဈေးကွက် အလားအလာ ကောင်းလာနိုင်

ရွှေမန်း

ပြည်တွင်းမှ ထွက်ရှိသော ငရုတ်သီးစိမ်းများမှာ ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံမှ ယခင်နှစ်များက ဝယ်လိုအား ကောင်းခဲ့၍ ဈေးကောင်း ရရှိခဲ့ပြီး လက်ရှိတွင် ပြည်ပဝယ်လိုအားမရှိဘဲ ဈေးကျဆင်းလျက် ရှိသော်လည်း ငရုတ်သီးခြောက်ဈေးကွက် အလားအလာ ကောင်းနိုင် ကြောင်း ငရုတ်သီးအစုအဖွဲ့မှ ဒေါ်ဥမ္မာက ပြောသည်။
ငရုတ်သီးစိမ်းများကို တရုတ်ဘက်မှ ဝယ်လိုအားမရှိဖြစ်နေပြီး ထိုင်းဘက်တွင် ဝယ်လိုအားအနည်းငယ်သာရှိ၍ ဖေဖေါ်ဝါရီ ၂ ရက်က နယ်စပ်ပေါက်ဈေးမှာ တစ်ကီလိုလျှင် ယိုးဒယားငွေ ၂၈ဘတ်ထိကျဆင်း သွားသည်ဟု ဆိုသည်။

“ငရုတ်သီးစိမ်းက ထိုင်းဈေးကွက်မှာ တစ်ကီလို ဘတ်ငွေ၅၀ ကျော်ထိ ရခဲ့ကြတယ်။ ခုပေါက်ဈေးက ဘတ်၃၀ကနေ ၂၈ဘတ်ဖြစ် သွားတော့ ဈေးထပ်ကျသွားတယ်။ ပြည်တွင်းက ငရုတ်သီးစိမ်းတွေ ရောင်းပေးတဲ့ ထိုင်းနယ်စပ်မှာ ပွဲရုံတွေ အများကြီးရှိခဲ့ရာက ခုဆို တစ်ခုထဲရှိတော့တာကိုကြည့်ရင် ထိုင်းငရုတ် ဈေးကွက်အခြေအနေ ခန့်မှန်းလို့ရတယ်´´ဟု ၎င်းက ပြောသည်။

လက်ရှိအချိန်တွင် တရုတ်နှင့်ထိုင်းဘက်မှ ငရုတ်သီးများ စိုက်ပျိုး ထွက်ရှိချိန်ဖြစ်သောကြောင့် မြန်မာငရုတ်မှာ ဝယ်လိုအားမရှိသလောက် နည်းပါးသွားကြောင်း၊ ပြည်တွင်းမှ ငရုတ်စိုက်တောင်သူများအနေဖြင့် ငရုတ်သီးစိမ်းများကို အခြောက်လှမ်း၍ ငရုတ်သီးခြောက်ဈေးကွက် ကောင်းနိုင်သည့်အတွက် ပြင်ဆင်ထားသင့်ကြောင်း သိရသည်။

“ ငရုတ်သီးဈေး ကောင်းတယ်လို့ ပြောကြပေမယ့် တကယ် လက်တွေ့မှာ ဈေးပေးဝယ်တာမရှိ သလောက်ပဲ။ ပြည်ပဝယ်လိုအား မရှိတော့ ပြည်တွင်းမှာ ပိုလျှံနေတယ်။ ငရုတ်သီးခြောက်မှ ဈေးကောင်း ရနိုင်တာကြောင့် အခြောက်လှမ်း ပြီး ငရုတ်သီးခြောက်ဈေးကွက်ကို စောင့်သင့်တယ်´´ ဟု ဆက်လက် ပြောကြားသည်။

ပြည်တွင်းငရုတ်သီးစိမ်းများ မှာ လာမည့် မတ်လဝန်းကျင်တွင် ဒေသအသီးသီးမှ ငရုတ်သီးစိမ်း များ ထွက်ရှိတော့မည်ဖြစ်၍လက်ရှိ ဈေးကွက်တွင် တစ်ပိဿာငွေကျပ် ၂၂၀၀၊ ၂၄၀၀ကျပ်ဝန်းကျင်နှင့် တချို့ဒေသများတွင် ငွေကျပ် ၁၈၀၀၊၂၀၀၀ကျပ်ဝန်းကျင် ပေါက် ဈေးရှိရာ ငရုတ်စိုက်တောင်သူများ တွက်ခြေမကိုက် ဖြစ်နေသကဲ့သို့ အရောင်းအဝယ် အေးနေကြောင်း သိရသည်။

Leave a Reply

Your email address will not be published.