ပြည်တွင်း ရွှေဈေး ၊ ဒေါ်လာဈေးများ မတည်ငြိမ်စျေးကျဆင်းမှုနှင့်အတူ ပဲ၊နှမ်းစျေးကွက်တစ်ခုလုံး စျေးကျ အဝယ်အေးနေ

ရွှေမန်း

ပြည်တွင်း ဒေါ်လာဈေး၊ ရွှေဈေးများ မတည်ငြိမ်ဈေးကျဆင်းမှု နှင့်အတူ ပဲ၊ နှမ်း ဈေးကွက်တစ်ခုလုံး ဈေးအနည်းငယ်ကျဆင်း အဝယ်အေးသွားကြောင်း ပဲ၊ နှမ်း ကုန်သည်များထံက သိရသည်။

ပြည်တွင်းဒေါ်လာဈေး ရွှေဈေးများ မတည်ငြိမ်ဈေးကျဆင်းလာမှုကို ကုန်သည်များ စောင့်ကြည့်နေတာကြောင့် ပဲ၊ နှမ်း ဈေးကွက်တစ်ခုလုံး အရောင်းအဝယ်ရုတ်တရက်အေးသွားသလို ဈေးအနည်းငယ်ကျဆင်း သွားကြောင်း၊ ယင်းဈေးကျဆင်းမှုမှာ ခဏစောင့်ကြည့်သည့်အခြေ အနေဖြစ်တာကြောင့် ပြန်လည်မြင့်တက်လာမည်ဖြစ်ကြောင်း၊ စားဆီ ဈေးများ ဈေးဆင်းမှုနှင့်အတူ မြေပဲဆန်ဈေး အနည်းငယ်နှင့် နှမ်းဈေး သိသိသာသာ ကျဆင်းသွားကြောင်း၊ ပို့ကုန်ပဲများမှာ အဝယ်ပင် ကောင်းကောင်းမရှိတော့ကြောင်း မန္တလေးတိုင်းဒေသကြီး ကုန်သည် များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းဒုတိယဥက္ကဋ္ဌ ဦးကျော်သွင် (ရွှေစင်သိန်း ပွဲရုံ)က ပြောသည်။

“ ပဲ၊ နှမ်း ဈေးကွက်တစ်ခုလုံး အကုန်ဈေးအေးသွားပါတယ်။ နှမ်းဈေးတွေကတော့ ဈေးအရမ်းကျဆင်းသွားပါတယ်။ သုံးတင်းဝင် တစ်အိတ်ကို ငွေကျပ် ၃၀၀၀၀- ၄၀၀၀၀ လောက် ကျဆင်းသွား ပါတယ်။ ပို့ကုန်ပဲတွေက အဝယ်ကောင်းကောင်းမရှိတော့ပါဘူး။ စားဆီ ဈေးတွေ ကျဆင်းလာတော့ မြေပဲဆန်ဈေးက တစ်ပိဿာ ငွေကျပ် ၃၀၀၊ ၄၀၀ လောက် ဈေးကျဆင်းပါတယ်။ ကုန်စည်ဒိုင်တစ်ခုလုံးမှာ အရောင်းအဝယ်လုပ်နေတဲ့ ပဲ၊ ပြောင်း၊ နှမ်းအားလုံး ဈေးကျပါတယ်။ ဈေးကွက်တစ်ခုလုံး အေးသွားရတာကတော့ ဒေါ်လာ၊ရွှေဈေး မတည် ငြိမ်လို့ စောင့်ကြည့်တဲ့ သဘောပါ။ ခဏလောက် ကျဆင်းတဲ့အခြေ အနေဖြစ်လို့ ဈေးပြန်တက်လာနိုင်ပါတယ် ´´ ဟု ၎င်းက ပြောသည်။

မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံ

ပြည်တွင်း ဒေါ်လာဈေး မတည်ငြိမ်မှုကြောင့် ပို့ကုန်ပဲများ အဝယ် မရှိသလောက်ရပ်သွားပြီးဈေးကျဆင်းသွားရာ မတ်ပဲတစ်အိတ် ငွေကျပ် ၁၉၅၀၀၀- ၁၉၈၀၀၀၊ ပဲစင်းငုံ တစ်အိတ် ငွေကျပ် ၁၉၅၀၀၀ ဝန်းကျင်ပေါက်ဈေးနှင့် အရောင်းအဝယ် အေးသွားသည်။ တရုတ်လိုင်း ပို့တဲ့ ပဲတီစိမ်းကတော့ အမြင့်ဆုံတစ်အိတ် ငွေကျပ် ၁၆၀၀၀၀ ပေါက်ဈေး ရှိသည်။ ပို့ကုန်ပဲများအားလုံး သုံးတင်းဝင်တစ်အိတ် ငွေကျပ် ၂၀၀၀၀၊ ၅၀၀၀ ခန့် ဈေးကျပြီး အဝယ်အေးနေသည်။

မြေပဲ

ပြည်တွင်းသို့ တင်သွင်းနေသည့် စားဆီဈေးကျဆင်းလာမှုကြောင့် မြေပဲဆန်ဈေး အနည်းငယ်ကျဆင်းသွားရာ ပို့ကုန် မြေပဲ S၁ လုံးဆန် များမှာ တစ်ပိဿာလျှင် ငွေကျပ် ၆၈၀၀ ၊ အနီလုံးဆန် တစ်ပိဿာ လျှင် ငွေကျပ် ၆၅၀၀ အထိ အနည်းငယ်ကျဆင်းသွားသည်။ ပြည်တွင်း ဆီ၊ဆန် အမျိုးအစားမှာ ကျဆင်းမှုမရှိ တစ်ပိဿာလျှင် ငွေကျပ် ၆၅၀၀ ပေါက်ဈေး ရှိနေသည်။ မြေပဲဆီတစ်ပိဿာလျှင် ငွေကျပ် ၁၄၅၀၀၊ နှမ်းဆီတစ်ပိဿာလျှင် ငွေကျပ် ၁၁၀၀၀ ၊ စားအုန်းဆီ တစ်ပိဿာလျှင် ငွေကျပ် ၁၀၀၀၀ အောက် ကျဆင်းသွားကြောင်း သိရသည်။

ပဲ၊ နှမ်း ဈေးကွက်တစ်ခုလုံး ကျဆင်းမှုနှင့်အတူ ပြည်တွင်းသုံး ကုလားပဲအုပ်စုနှင့် ပဲမာလိုင်းများလည်း ဈေးကျဆင်းသွားသည်။ ပဲ အမျိုးအစားအလိုက် သုံးတင်းဝင်တစ်အိတ်လျှင် ငွေကျပ် ၅၀၀၀ မှ ငွေကျပ် ၂၀၀၀၀ ခန့် အထိ ဈေးကျဆင်းသွားရာ စက်တင်ဘာ ၁၅ ရက်တွင် ကုလားပဲV2 တစ်အိတ်လျှင် ငွေကျပ် ၂၀၈ç၀၀၀၊ ပဲယင်း တစ်အိတ်လျှင် ငွေကျပ် ၁၆၀၀၀၀၊ ပဲကြီးတစ်အိတ်လျှင် ငွေကျပ် ၂၅၀၀၀၀၊ ပဲထောပတ်တစ်အိတ်လျှင် ငွေကျပ် ၁၇၂၀၀၀၊ စွန်တာပြာ တစ်အိတ်လျှင် ငွေကျပ် ၁၆၅၀၀၀၊ မြေထောက်ပဲတစ်အိတ်လျှင် ငွေကျပ် ၂၅၀၀၀၀၊ ကျွန်းစားတော်ပဲတစ်အိတ်လျှင် ငွေကျပ် ၄၁၀၀၀၀ ပေါက်ဈေးဖြစ်သွားကြောင်း သိရသည်။

Leave a Reply

Your email address will not be published.