ပြည်တွင်းသကြားလက်ကျန်လျော့နည်းတာကြောင့် သကြားစျေးမြင့်မားနေ

ရွှေမန်း

ပြည်တွင်းလက်ကျန်သကြားနည်းလာတာနှင့်အတူ သကြားစက်ရုံကြီးတစ်ချို့မှ သကြားရောင်းချမှုကို ထိန်းပြီးရောင်းချလာသည့်အတွက် သကြား ဈေးမြင့်တက်နေကြောင်း သိရသည်။

ထို့အပြင် ပြည်ပသို့တင်ပို့သည့် သကြားစျေးနှုန်းအတိုင်း ဆွဲတင်ရောင်းချလာသည့်အတွက် သကြားစျေးမှာ အမြင့်စျေးတွင်ရှိနေခြင်းဖြစ်ကြောင်းလည်း သကြားလုပ်ငန်းရှင်များထံမှသိရသည်။

လက်ရှိ မိုးအဝင်ကာလတွင် နှစ်စဉ်သကြားစျေးကွက်အေးသည့် ရာသီဖြစ်သော်လည်း ဒေါ်လာစျေး မြင့်တက်နေသည့်အတွက် သကြားစျေးအမြင့်စျေးတွင် ရှိနေခြင်း ဖြစ်ကြောင်းမြန်မာနိုင်ငံ သကြား နှင့် ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်း တာဝန်ရှိသူတစ်ဦးကပြောသည်။

“သကြားစျေးက မြင့်နေပါတယ်။ ပြီးခဲ့တဲ့နှစ်ပတ်လောက်ကတည်းက ၂,၁၅၀ ကျော်ထိရှိပါတယ်။ ပြီးခဲ့တဲ့နှစ်တွေက ဒီလောက်မရှိဘူး။ တစ်ပိဿာကို ၉၀၀ လောက်ပဲရှိတာ။ တစ်ဖြည်းဖြည်းနဲ့ စျေးကောင်းရလာတာပါ။ တောင်သူတွေအတွက်လဲ ဝမ်းသာရတယ်။ ပိုပြီးတော့လည်း စိုက်လာကြတယ်။ ပြည်တွင်းက ဂရိတ်ဝေါဝေမာ ကလောလောဆယ် ထုတ်မရောင်းဘူး၊ မရောင်းတော့ ရှိတဲ့ သကြားတွေကိုပဲ စျေးထိန်းပြီးရောင်းတော့ စျေးတွေကိုဆွဲတင်လို့ရတဲ့သဘောပေါ့။ နောက်ပြီး ပြည်ပကို သွင်းတဲ့သကြားစျေးနဲ့လဲချိန်ညှိရတော့ စျေးက မြင့်နေတာပေါ့” ဟု ၄င်း ကပြောသည်။

ဂရိတ်ဝေါဝေမာ မှ သကြားထုတ်ရောင်းမည်ဆိုပါက စျေးကွက်တည်ငြိမ်နိုင်မည်ဖြစ်‌သော်လည်း ပြည်တွင်းသကြားမှာ နည်းနေသည့်အတွက် စျေးထပ်တက်နိုင်ဖွယ်ရှိကြောင်း သုံးသပ်ကြသည်။ ပြည်တွင်းသကြားဈေးမှာ ပြီးခဲ့သည့်နှစ်များဖြင့်ယှဉ်ပါက အတက်စျေးတွင်ရှိနေခြင်းဖြစ်ကြောင်း သကြား ကုန်သည်များက သုံးသပ်ပြောကြားထားသည်။ ပြီးခဲ့နှစ်များက သကြားစျေး တစ်ပိဿာလျှင် အများဆုံး ၉၀၀ ခန့်သာရှိခဲ့ပြီးလက်ရှိ သကြား တစ်ပိဿာလျှင် ငွေရည်ပုလဲစျေး၂,၁၀၀ မှ ၂,၁၅၀ ဝန်းကျင်ခန့် ထိရရှိနေကြောင်း သိရသည်။

“မိုးတွင်းတော့ ပုံမှန်အေးလေ့ရှိတဲ့အတွက် သကြားစျေးကွက်ကတော့ အရောင်းအဝယ် နည်းနည်း အေးတယ်။ ကြံစျေးလည်း သူ့စျေးနဲ့သူ ကိုက်ညီမှုရှိပါတယ်။ စျေးရတယ်လို့ပြောလို့ရတယ်” ဟု သကြားလုပ်ငန်းရှင်တစ်ဦးကပြောသည်။ ကိုဗစ်ကြောင့် ပြီးခဲ့သည့်နှစ်များက သကြားစျေးကွက်မှာ အရှုံးပေါ်ခဲ့ပြီး ကြံစိုက်ဧကများကို လျော့ချစိုက်ပျိုးခဲ့ခြင်းများလည်းရှိခဲ့ကာ ယခုနှစ်တွင် စျေးကောင်းရနေသည့်အတွက် သကြားတိုးချဲ့စိုက်ပျိုးလျက်ရှိကြောင်း ကြံစိုက်တောင်သူများထံမှ သိရသည်။

“ကြံစိုက်မယ်ဆို မျိုးချန်ရတယ်။ အခုနှစ်တော့ပိုပြီးတော့စိုက်ရမယ်။ ဒီဇင်ဘာလလယ်မှ စတင်ကာ လက်ရှိအချိန်အထိ ကြံကြိတ်ဝါးတဲ့အချိန်ပေါ့။ စျေးက အရင်ကစာရင်တော့ စျေးရတယ်ပြောရမယ်။ ဒါပေမဲ့ မြေဩဇာ၊ ဓာတ်ဆီ အစရှိတဲ့ စိုက်စရိတ်ကလဲမြင့်နေတာလဲ ထည့်တွက်ရမယ်” ဟု ကြံစိုက်တောင်သူ တစ်ဉီးကပြောသည်။ ယခုနှစ် သကြားတန်ချိန် ၃သိန်း၇သောင်းကျော် ထွက်ရှိ မည်ဖြစ်ကြောင်း သိရသည်။ ယခုနှစ် ကြံခုတ်ရာသီတွင် ကြံဝယ်စျေးမှာ ကြံတစ်တန်လျှင် ပျှမ်းမျှ ၆သောင်းခွဲအထိ ပေါက်စျေးရှိပြီး စက်ရုံရောက်စျေးအနေဖြင့် ခရီးဝေးပါက တစ်တန်ကို နှစ်ထောင်၊ သုံးထောင် ပေါင်းပေးကြောင်းသိရသည်။

လက်ရှိသကြားအား တရုတ်နိုင်ငံသို့ သကြားအရည်အဖြစ်တင်ပို့နေပြီး ဗီယမ်နမ်သို့ ပင်လယ်ရေကြောင်း မှတဆင့် ယခုနှစ်မှစ၍ တင်ပို့နေကြောင်းသိရသည်။ လက်ရှိ လုပ်ငန်းသုံးသကြားတင်သွင်းခြင်းတို့ကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်(MIC) ၏ ခွင့်ပြုချက်ရယူပြီးမှ ကုန်သွယ်ရေးဦးစီးဌာနဖြင့် အကောက်ခွန်ဦးစီးဌာနတို့ထံ လျှောက်ထားရမည်ဖြစ်၍ ထိုင်းနိုင်ငံမှတရားမဝင်သကြားများ ပြည်တွင်းသို့ဝင်ရောက်မှု နည်းလာနိုင်၍ သကြားစျေးကွက် အလားလာကောင်းလာနိုင်မည်ဖြစ်သည်။

Leave a Reply

Your email address will not be published.