ပြည်တွင်းရွှေဈေး၊ ဒေါ်လာဈေးများ ကျဆင်းသွားသော်လည်းပဲနှမ်းဈေးကွက်တစ်ခုလုံး အမြင့်ဈေးဖြင့် တည်ငြိမ်နေ

ရွှေမန်း

ပြည်တွင်း ဒေါ်လာဈေး၊ ရွှေဈေးများ ကျဆင်းသွားသော်လည်း ပဲ၊ နှမ်းဈေးကွက် အမြင့်ဈေးဖြင့် တည်ငြိမ်နေကြောင်း ပဲနှမ်း ကုန်သည်များထံက သိရသည်။

ပြည်တွင်းဒေါ်လာဈေး ပြောင်းလဲမှုများကြောင့် ဈေးမြင့်တက်ခဲ့သည့် ပဲနှမ်းဈေးကွက်မှာ စက်တင်ဘာလဆန်းပိုင်းတွင် ကျဆင်းမှု မရှိဘဲ အမြင့်ဈေးဖြင့် တည်ငြိမ်နေရာ ပို့ကုန်ပဲများဖြစ်သည့် မတ်ပဲ၊ ပဲစင်းငုံ မှာ တစ်အိတ်ကျပ် ၂၀၀၀၀၀ ဝန်းကျင်နှင့် ပြည်တွင်းသုံး ကုလားပဲ အုပ်စုမှာ တစ်အိတ် ငွေကျပ် ၂၁၀၀၀၀ ကျော်၊ နှမ်းမျိုးစုံ ဈေးမှာ အမြင့်ဈေးဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှု လက်မှုအသင်း ဒုတိယဥက္ကဋ္ဌ ဦးကျော်သွင် (ရွှေစင်သိန်းပွဲရုံ)က ပြောသည်။

“ပို့ကုန်ပဲများအပြင် ဈေးကွက်တစ်ခုလုံး အမြင့်ဈေးနဲ့ တည်ငြိမ် နေပါတယ် ပြည်တွင်းသုံး ကုလားပဲ တစ်အိတ် ငွေကျပ် ၂၁၀၀၀၀၊ မတ်ပဲနဲ့ပဲစင်းငုံတို့မှာ ယခင်သီတင်းပတ်အတိုင်း အရောင်းအဝယ် ဖြစ်နေပါတယ်။ တရုတ်လိုင်းပို့တဲ့ ပဲတီစိမ်းက အမြင့်ဆုံး တစ်အိတ် ငွေကျပ် ၁၆၅၀၀၀ပေါက်ဈေးရှိတယ်။ အသစ်ဝင် မြေပဲဆန် တွေက တော့ အနီလုံးဆန် တစ်ပိဿာငွေကျပ် ၇၂၀၀၊ ဆီဆန်တစ်ပိဿာ ငွေကျပ် ၆၆၀၀ ပေါက်ဈေးရှိနေပါတယ်။ နှမ်းမျိုးစုံဈေးကောင်းအရောင်း အဝယ်သွက်နေတယ်။ ပဲနှမ်းဈေးကွက်တစ်ခုလုံး ဈေးကျဆင်းမှုမရှိဘဲ အမြင့် ဈေးများဖြင့် ပုံမှန်အရောင်းအဝယ်ဖြစ်နေပါတယ်။ ဒေါ်လာ ဈေး၊ ရွှေဈေး ကျဆင်းမှုရှိသော်လည်း ပဲနှမ်းဈေးကွက်မှာ လက်ကျန် ပစ္စည်းနည်းလာလို့ ဈေးကျဆင်းမှုမရှိဘဲ ဈေးနှုန်းများတည်ငြိမ်နေပါ တယ်” ဟု ၎င်းက ပြောသည်။

မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံ

ပြည်တွင်း ဒေါ်လာဈေး ကျဆင်းသွားသော်လည်း ပို့ကုန်ပဲများ ဖြစ်သည့် မတ်ပဲ တစ်အိတ် ငွေကျပ် ၁၉၅၀၀၀-၂၀၀၀၀၀၊ ပဲစင်းငုံ တစ်အိတ် ငွေကျပ် ၂၀၀၀၀၀ ဝန်းကျင်ပေါက်ဈေးနှင့် အရောင်းအဝယ် ပုံမှန်ဖြစ်နေသည်။ တရုတ်လိုင်းပို့သည့် ပဲတီစိမ်းကတော့ အမြင့်ဆုံး တစ်အိတ်ငွေကျပ် ၁၆၅၀၀၀ပေါက်ဈေးရှိသည်။ လက်ကျန် နည်းလာ သည့် ပဲစင်းငုံဈေးမှာ ဆက်လက်မြင့်တက်နိုင်သေးကြောင်း ပဲကုန်သည် များက သုံးသပ်ထားသည်။

မြေပဲ

မန္တလေးတိုင်းအောက်ပိုင်း မြေပဲထွက်ရှိရာ ဒေသအစုံမှ အသစ် ဝင်ရောက်လာသည့် မြေပဲဆန်များမှာ စက်တင်ဘာလဆန်းတွင် ဈေးကောင်းရရှိနေရာ ယခင်သီတင်းပတ်က ဈေးအနည်းငယ် ကျဆင်း သော်လည်း ယခု စက်တင်ဘာ ကုန်ပိုင်းရက်များတွင် ဈေးမြင့်တက် လာရာ ပို့ကုန် မြေပဲ S၁ လုံးဆန်များမှာ တစ်ပိဿာလျှင် ငွေကျပ် ၇၂၀၀ ၊ အနီလုံးဆန် တစ်ပိဿာလျှင် ငွေကျပ် ၆၉၀၀ အထိ စံချိန်တင် ပေါက်ဈေးဖြစ်လာသည်။ အနိမ့်ဆုံး ပြည်တွင်းဆီဆန် အမျိုးအစားပင် တစ်ပိဿာလျှင် ငွေကျပ် ၆၅၀၀ ပေါက်ဈေး ရှိနေသည်။ မြေပဲဆီ တစ်ပိဿာလျှင် ငွေကျပ် ၁၄၅၀၀၊ နှမ်းဆီ တစ်ပိဿာလျှင် ငွေကျပ် ၁၁၀၀၀ ၊ စားအုန်းဆီတစ်ပိဿာလျှင် ငွေကျပ် ၁၃၀၀၀ ကျော် ပေါက်ဈေးဖြစ်လာသည်။

ပို့ကုန်ပဲများနှင့်အတူ လက်ကျန်နည်းလာသည့် ပြည်တွင်းသုံး ကုလားပဲအုပ်စုနှင့် ပဲမာလိုင်းများ ဈေးမြင့်တက်လာသည်။ ပဲအမျိုး အစား အလိုက် သုံးတင်းဝင်တစ်အိတ်လျှင် ငွေကျပ် ၅၀၀၀ မှ ငွေကျပ် ၁၀၀၀၀ခန့်အထိ ဆက်လက်မြင့်တက်လာရာ စံချိန်တင်ဈေးများအဖြစ် ဈေးမြင့်တက်လာရာ စက်တင်ဘာ ၈ ရက်တွင် ကုလားပဲ V2 တစ်အိတ်လျှင် ငွေကျပ် ၂၁၀၀၀၀၊ ပဲယင်း တစ်အိတ်လျှင် ငွေကျပ် ၁၆၅၀၀၀၊ ပဲကြီးတစ်အိတ်လျှင် ငွေကျပ် ၂၅၀၀၀၀၊ ပဲထောပတ် တစ်အိတ်လျှင် ငွေကျပ် ၁၇၅၀၀၀၊ စွန်တာပြာ တစ်အိတ်လျှင် ငွေကျပ် ၁၆၅၀၀၀၊ မြေထောက်ပဲ တစ်အိတ်လျှင် ငွေကျပ် ၂၇၀၀၀၀၊ ကျွန်းစားတော်ပဲ တစ်အိတ်လျှင် ငွေကျပ် ၄၃၀၀၀၀ ထိ စံချိန်တင် ဈေးဖြစ်လာကြောင်း သိရသည်။

Leave a Reply

Your email address will not be published.