ပြည်တွင်းရွှေဈေး၊ ဒေါ်လာငွေဈေး အပြောင်းအလဲ မြန်ဆန်မှုကြောင့် ပဲ၊နှမ်းဈေးကွက်တစ်ခုလုံး လိုက်ပါမြင့်တက်လာ ရာ ကျွန်းစားတော်ပဲ တစ်အိတ်ကျပ် ၄၂၀၀၀၀ ထိ စံချိန်တင်

ရွှေမန်း

ပြည်တွင်းရွှေဈေး၊ ဒေါ်လာငွေဈေး အပြောင်းအလဲ မြန်ဆန်မှုကြောင့် ပဲ၊နှမ်းဈေးကွက်တစ်ခုလုံး လိုက်ပါမြင့်တက်လာ ရာ ကျွန်းစားတော်ပဲ တစ်အိတ်ကျပ် ၄၂၀၀၀၀ ထိ စံချိန်တင် ဈေးဖြစ်လာကြောင်း ပဲ၊နှမ်းကုန်သည်များထံက သိရသည်။

ပြည်တွင်းရွှေဈေး၊ ဒေါ်လာငွေဈေး အပြောင်းအလဲ မြန်ဆန်မှုကြောင့် ပြည်တွင်းပဲနှမ်းဈေးကွက်မှာလည်း မနက်တစ်ဈေးညနေ တစ်ဈေးဖြင့် အရောင်းအဝယ်သွက်နေကြောင်း ၊ ပို့ကုန်ပဲများ အပါအဝင် လက်ကျန်နည်းလာသည့် ပြည်တွင်းသုံးကုလားပဲ အုပ်စုမှာလည်း ဈေးမြင့်တက်နေကြောင်း ၊ အသစ်ဝင်မြေပဲဆန်များ ဈေးအနည်းကျဆင်းသွားရာကနေ ပြန်လည်မြင့်တက်လာကြောင်း ၊ ပြီးခဲ့သည့် ပဲရာသီက အထွက်နည်းခဲ့ခြင်း ဈေးနှုန်းအပြောင်းအလဲများကြောင့်တက်ဈေးတစ်လျှောက်လုံးဖြစ်ပေါ် ခဲ့တာကြောင့် လက်ကျန်ပစ္စည်းနည်းလာကြောင်း မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့်စက်မှုလက်မှု အသင်း ဒုတိယဥက္ကဌ ဦးကျော်သွင်( ရွှေစင်သိန်းပွဲရုံ) က ပြောသည်။

“ ပဲနှမ်းဈေးတွေကတော့ အကျမရှိအကုန်ဈေးတက်ပါတယ်။ ကုလားပဲတွေကလည်း လက်ကျန်နည်းလာတော့ ဈေးဆက်တက်လာတယ်။ အဓိကတော့ ပြည်တွင်း ဒေါ်လာဈေး ၊ရွှေဈေးတွေ မြင့်တက်တာနဲ့အတူ ပဲ၊နှမ်းဈေးတွေလည်း အမျိုးအစားအလိုက် ကျပ် ၅၀၀၀-၂၀၀၀၀ တက်ကုန်တာပါပဲ။ ပို့ကုန်ပဲတွေ အပါအဝင် ပဲမျိုးစုံ ဈေးတက် ဝယ်လို အားလည်း ကောင်းနေပါတယ်။ အသစ်ဝင် မြေပဲဆန်လည်း ဈေးပြန်တက်နေပါတယ်။ လက်ရှိမှာတော့ ပို့ကုန်ပဲတွေ ဖြစ်တဲ့ မတ်ပဲ ၊ပဲစင်းငုံ ၊ကုလားပဲအုပ်စုတွေကတော့ ယခင်နှစ်ကာလတူ ထက်စောပြီး ပစ္စည်းပြတ်လပ်မယ့်အခြေအနေပါ ” ဟု ၎င်းကပြောသည်။

မတ်ပဲ၊ ပဲတီစိမ်း ၊ပဲစင်းငုံ

ပြည်တွင်းမှာ ဒေါ်လာငွေဈေး အပြောင်းအလဲ မြန်ဆန်ချိန်မှာ ပို့ကုန်ပဲဝယ်လိုအားပိုကောင်းလာတာကြောင့် ပို့ကုန်မတ်ပဲ ၊ပဲစင်းငုံဈေး သုံးတင်းဝင်တစ်အိတ် ကျပ် နှစ်သောင်းခန့် ဈေးမြင့်တက်လာသည်။ လက်ရှိမှာ အမြင့်ဆုံးဈေးကိုရောက်ရှိလာရာ သြဂုတ် ၃၁ ရက်နေ့တွက် မတ်ပဲ ပိဿာ၆၀ တစ်အိတ် ၂၀၅၀၀၀ ၊ ပဲစင်းငုံ ပိဿာ ၆၀ တစ်အိတ် ၁၉၈၀၀၀ ၊ပဲတီစိမ်း အညာ ၁၆၅၀၀၀ ထိပေါက်ဈေးဖြစ်လာသည်။

မြေပဲ

မြေပဲထွက်ရှိရာဒေသအစုံမှ အသစ်ဝင်ရောက်လာသည့် မြေပဲဆန်များ ယခင်သီတင်းပတ်က ဈေးအနည်းငယ်ကျဆင်းသော်လည်း ယခုသြဂုတ်လကုန်ပိုင်းရက်များတွင်ဈေးမြင်တက်လာရာပို့ကုန် မြေပဲ S1လုံးဆန်များမှာ တစ်ပိဿာကျပ် ၇၀၅၀ ၊ အနီလုံးဆန် တစ်ပိဿာကျပ် ၆၅၀၀-၇၀၀၀ ထိ စံချိန်တင်ပေါက်ဈေးဖြစ်လာသည်။ အနှိမ့်ဆုံး ပြည်တွင်းဆီဆန်အမျိုးအစား ပင် တစ်ပိဿာကျပ် ၆၅၀၀ ပေါက်ဈေးရှိနေသည်။ မြေပဲဆီတစ်ပိဿာကျပ် ၁၄၅၀၀၊ နှမ်းဆီ တစ်ပိသာ ငွေကျပ် ၁၁၀၀၀ ၊စားအုန်းဆီ ၁၂၀၀၀ ကျော်ပါက်ဈေးဖြစ်လာသည်။

ပြည်တွင်းသုံး ကုလားပဲအုပ်စု တွေ လက်ကျန်နည်းလာတာကြောင့် ဈေးမြင့်တက်လာသလို ပဲမာလိုင်းများလည် ဈေးမြင့်တက်လာရာ ပဲအမျိုးအစားအလိုက် သုံးတင်းဝင်တစ်အိတ် ကျပ် ၁၅၀၀၀ မှ ကျပ် ၃၀၀၀၀ ထိ စံချိန်တင်ဈေးများ အဖြစ် ဈေးမြင့်တက်လာရာ သြဂုတ် ၃၁ ရက်နေ့တွင် ကုလားပဲ V2 တစ်အိတ် ၂၀၃၀၀၀၊ ပဲယင်း တစ်အိတ် ၁၆၀၀၀၀ ၊ ပဲကြီးတစ်အိတ် ငွေကျပ် ၂၃၅၀၀၀၊ ပဲထောပတ် တစ်အိတ် ၁၇၀၀၀၀၊ စွန်တာပြာ တစ်အိတ် ၁၅၃၀၀၀၊မြေထောက်ပဲ တစ်အိတ် ၂၆၀၀၀၀၊ ကျွန်းစားတော်ပဲ တစ်အိတ် ၄၂၀၀၀၀ ထိ စံချိန်တင် ဈေးဖြစ်လာကြောင်းသိရသည်။

Leave a Reply

Your email address will not be published.