ပြည်တွင်းစားသုံးမှု များသည့် ဆန်အမျိုးအစားများဝယ်လိုအားကောင်းလာတာကြောင့် စျေးမြင့်တက်လာ

ရွှေမန်း

ပြည်တွင်းစားသုံးမှုများသည့် ဆန်ဈေးကွက်တွင် ဇူလိုင် လဆန်းနောက်ပိုင်း ဆန်ဝယ်လိုအားကောင်းလာပြီး လက်ကျန်စပါးဟောင်းလျော့ နည်းလာတာ ကြောင့် ဆန်ဈေးမြင့်တက်လာခဲ့ရာ ရွှေဘိုပေါ်ဆန်း(ဘေးကြား)သည် ဈေးမြင့်တက်သွားခဲ့ကြောင်း သိရသည်။

အထူးသဖြင့် မန္တလေးတွင် ဆန်ဝယ်ယူမှုများလာပြီးအခြားဆန်ဈေးနှုန်းများမှာ ၂၄ ပြည်တစ်အိတ်လျင် ပျမ်းမျှ ကျပ်၂၀၀၀ မှ ကျပ် ၅၀၀၀ ခန့်ထိ ဈေးမြင့်ခဲ့ပြီး လက်ရှိစားသုံးသူဈေးကွက်တွင် ဝယ်လိုအား ကောင်းနေကြောင်းသိရသည်။

“ပြီးခဲ့တဲ့ မိုးမှာ စိုက်တဲ့ မိုးစပါးလည်း တောင်သူလက်ထဲမှာ လက်ကျန်နည်းလာပြီ။ ဝယ်လို အားကောင်း လာချိန်မှာ စပါးအဟောင်းရှားလာတာကြောင့် ဆန်ဈေးတက်တဲ့ အနေအထားလို့ သုံးသပ်ပါတယ်” ဟု ဆန်စပါး ကုန်သည် ဦးကြိုင်က ပြောသည်။

လက်ရှိဆန်ဈေးကွက်တွင်ဆန်တစ်ပိုင်းလျင် ရွှေဘိုပေါ်ဆန်း(ဘေးကြား)မှာ ယခင်လက ၆၂၀၀၀ ကျပ်ရှိရာက ကျပ်တစ်သောင်း ကျော်၊ မဂျမ်း(ထူးရှယ်)မှာ ကျပ် ၅၀၀၀၀ ဝန်းကျင်ရှိရာက ကျပ် ၅၀၀၀ ဝန်းကျင်မြင့်တက်ခဲ့ကြောင်း။အခြားဆန် များလည်း ဈေးမြင့်တက်လာရာ လက်ရှိပေါက်ဈေးမှာ ရွှေဘိုပေါ်ဆန်းမွှေး(ထူးရှယ်)ကျပ် ၇၇၀၀၀ ဝန်းကျင်၊ ဧရာမင်း (ရှယ်)ကျပ် ၅၀၀၀၀ ဝန်းကျင်၊မနောသုခ ကျပ် ၄၀၀၀၀ ဝန်းကျင်ပေါက်ဈေးရှိကြောင်း သိရသည်။

“ဆန်ရောင်းတဲ့ဈေးက တစ်ဦးနဲ့ တစ်ဦးမတူကြသလို လက်လီနဲ့ လက်ကားဈေးခွာရောင်းတာလည်းရှိတယ်။ ကိုယ်တိုင် ကြိတ်ခွဲရောင်းသူက ဈေးလျှော့ရောင်းနိုင်ပေမယ့် တဆင့်ဝယ်ရောင်းရင် ဈေးပိုမှာပဲ ။ရွှေဘို မဂျမ်း (အဟောင်း)ဆိုရင် ရွာမှာတင် ရက်ပိုင်းအတွင်း ငါးထောင်လောက်တက်သွားတယ်” ရွှေဘိုနယ်မှ ဆန်တင် ပို့ရောင်းချ နေသူ တစ်ဦးက ပြောသည်။

ပြည်ပတင်ပို့သည့် ဆန်မှာ နွေစပါးများကို ကြိတ်ခွဲတင်ပို့သည့်အတွက် ပြည်ပဆန်ဈေးကွက်က ပြည်တွင်း စား သုံးမှုဆန်ဈေးကွက်ပေါ်သက်ရောက်မှု နည်းပါးကြောင်း၊ပြည်ပတင်ပို့သည့် ဆန်ဈေးမြင့်တက်ခြင်းက တောင် သူများ အတွက် အဆင်ပြေကြောင်းသိရသည်။

Leave a Reply

Your email address will not be published.