ပြည်တွင်းစားသုံမှု နှင့် Export ပုံမှန်ရှိနေသည့်အတွက် သကြားစျေးဆက်လက်ကောင်းနေမည်

ရွှေမန်း

ပြည်တွင်းစားသုံမှု နှင့် Export ပုံမှန်ရှိနေသည့်အတွက် သကြားစျေးကောင်းနေကြောင်း ကုန်သည်များထံမှ သိရသည်။ လက်ရှိ မိုးအဝင်ကာလတွင် နှစ်စဉ် သကြားစျေးကွက် အေးသည့်ရာသီ ဖြစ်သော်လည်း ဒေါ်လာစျေးမြင့်တက်နေသည့်အတွက် သကြားစျေးအမြင့်စျေးတွင် ရှိနေကြောင်း သိရသည်။ ပြည်တွင်းသကြားဈေးမှာ ပြီးခဲ့သည့်နှစ်များဖြင့်ယှဉ်ပါက အတက်စျေးတွင်ရှိနေခြင်း ဖြစ်ကြောင်း သကြားကုန်သည်များက သုံးသပ်ပြောကြားထားသည်။

ပြီးခဲ့သည့်နှစ် ယခုကာလတွင် သကြားစျေး တပိဿာလျှင် အများဆုံး ၉၀၀ ခန့်သာရှိခဲ့ပြီး ယခုနှစ်တွင် သကြား တပိဿာလျှင် ငွေရည်ပုလဲစျေး ၂,၀၃၀ မှ ၂,၀၅၀ ဝန်းကျင်ခန့်ထိရရှိနေကြောင်း မြန်မာနိုင်ငံသကြားနှင့်ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးစိန်းထွန်း က ပြောသည်။
“ဒီလ(၂၃)ရက်မှ ငွေရည်ပုလဲစျေးက ၂,၀၃၀ – ၂,၀၅၀ လောက်ရှိတယ်၊ ဒီနှစ်ထဲမှာ စပြီး တက်သွားတာ၊ သကြားစျေးကွက်ကတော့ အရောင်းဝယ်နည်းနည်းအေးတယ်။ မိုးတွင်တော့ ပုံမှန်အေးလေ့ရှိတယ်၊ ဒီစျေးအနေအထားက လုပ်ငန်းရှင်လဲ သူစျေးနဲ့သူ ကိုက်ညီအောင်လုပ်နေရတယ်။ ဒီထက်နည်းနည်း ချပေးရင်တော့ ပိုကောင်းတာပေါ့၊ သို့ပေမဲ့ အထွေထွေစရိတ်တွေကလဲ ကြီးနေတော့ ဒီစျေးလေးကတော့ အဆင်ပြေပါတယ်” ဟု ၄င်းကပြောသည်။

လက်ရှိ ပြည်ပတင်ပို့မှုအနေဖြင့် နှစ်စက ရောင်းချခဲ့သည့် သကြားတန်ချိန်များကိုတင်ပို့လျက်ရှိကြောင်း ကုန်သည်များထံမှ သိရသည်။ “ Export က ပုံမှန်လောက်တော့ သွားနေတယ်။ ပြည်ပကိုလဲ သူစျေးနဲ့သူ ပုံမှန်ထွက်နေတယ်။ ပြည်တွင်းအတွက်ချန်ပြီး ပြည်ပကိုရောင်းနေကြတာပါ” ဟု သကြားကုန်သည် တစ်ဦး ကပြောသည်။

ကိုဗစ်ကြောင့် ပြီးခဲ့သည့်နှစ်များက သကြားစျေးကွက်မှာ အရှုံးပေါ်ခဲ့ပြီး ကြံစိုက်ဧကများကို လျော့ချ စိုက်ပျိုးခဲ့ခြင်းများလည်း ရှိခဲ့ပြီး ယခုနှစ်တွင် သကြားတိုးချဲ့စိုက်ပျိုးလျက်ရှိကြောင်း ကြံစိုက် တောင်သူများ ထံမှသိရသည်။ ဒီဇင်ဘာလလယ် မှ စတင်ကာလက်ရှိ အချိန်အထိကြံကြိတ် ဝါးနေဆဲ ဖြစ်၍ ခန့်မှန်ခြေသကြား တန်ချိန် ၄၄၀,၀၀၀ခန့် ထွက်ရှိမည်ဟု ခန့်မှန်ထားကြောင်းသိရသည်။

ယခုနှစ် ကြံခုတ်ရာသီတွင် ကြံဝယ်စျေးမှာ ကြံတစ်တန်လျှင် ပျှမ်းမျှ ၆၆၀,၀၀၀ အထိ ပေါက်စျေး ဖြင့်သတ်မှတ် အရောင်းအဝယ်ဖြစ်နေကြောင်းသိရသည်။ လက်ရှိသကြားအား တရုတ်နိုင်ငံသို့ သကြားအရည်အဖြစ် တင်ပို့နေပြီး ဗီယမ်နမ် သို့ ပင်လယ်ရေကြောင်း မှ တဆင့် ယခုနှစ်မှစ၍ တင်ပို့ နေကြောင်း သိရသည်။

လက်ရှိလုပ်ငန်းသုံး သကြားတင်သွင်းခြင်းတို့ကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်(MIC) ၏ ခွင့်ပြုချက်ရယူပြီးမှ ကုန်သွယ်ရေးဦးစီးဌာနဖြင့် အကောက်ခွန်ဦးစီးဌာနတို့ထံ လျှောက်ထားရမည်ဖြစ်၍ ထိုင်းနိုင်ငံမှတရားမဝင် သကြားများပြည်တွင်းသို့ ဝင်ရောက်မှုနည်းလာနိုင်၍ သကြား စျေးကွက်အလားလာကောင်းလာနိုင်မည်ဖြစ်သည်။

Leave a Reply

Your email address will not be published.