ပြင်ဦးလွင်တွင် တောင်သူအခြေပြုသုတေသနပြုလုပ်ချက်အရ ဖရုံသခွားစိုက်ပျိုးမှုတွင် သဘာ၀မြေသြဇာက အသင့်တော်ဆုံးနည်းစနစ်ဖြစ်သည်ဟုဆို

ရွှေမန်း

ပြင်ဦးလွင်မြို့နယ်၊စည်ကားရွာမှ တောင်သူ ဦးချစ်သောင်း၏ စိုက်ကွင်းတွင် အမယ်သစ်သီးနှံတစ်မျိုးဖြစ်သည့် Zucchini (ဖရုံသခွား)စိုက်ပျိုးမှုသုတေသန ပြုလုပ်ချက်များအရ နွားချေးမြေဆွေးနှင့် နွားချေးနှင့် ကြက်ချေးမြေ ဆွေးရောစပ်အသုံးပြုခြင်းသည် ဓာတ်မြေသြဇာသုံးစွဲမှုလျှော့ချနိုင်သော အသင်အသင့်တော်ဆုံးနည်း စနစ်ဖြစ် ကြောင်းတွေ့ရှိခဲ့ရသည်ဟုသိရသည်။

စိုက်ပျိုးရေးသုတေသနဦးစီးဌာနနှင့် တောင်သူပူးပေါင်းကာ တောင်သူအခြေပြု သုတေသနစခန်းများဖြင့် စမ်းသပ်မှုများဆောင်ရွက်လျက်ရှိပြီး Zucchini (ဖရုံသခွား)သီးနှံကို သဘာ၀မြေသြဇာအမျိုးမျိုးထည့် သွင်း စမ်းသပ်စိုက်ပျိုး ခဲ့ရာမှ ယင်းကဲ့သို့ ဓာတ်မြေသြဇာလျှော့ချနိုင်သည့် နည်းလမ်းကိုတွေ့ရှိခဲ့ရသည်ဟုဆိုသည်။

“ဓာတ်မြေသြဇာသုံးစွဲမှုလျှော့ချနိုင်မယ့် နည်းလမ်းရှာဖွေဖေါ်ထုတ်တာကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာလက စတင် စမ်းသပ်စိုက်ပျိုးခဲ့ရာမှာသဘာ၀မြေသြဇာအသုံပြုတဲ့ နည်းလမ်း ၆ ခုနဲ့ စမ်းသပ်ခဲ့တယ်။အဲဒီစမ်းသပ်ချက် ၆ ခုကိုပဲ ထပ်ပြုကြိမ် ၃ ကြိမ်စမ်းသပ်စိုက်ပျိုးတော့ Zucchini ရဲ့အထွက်နှုန်းဆိုင်ရာ လက္ခဏာတွေကို မှတ်တမ်း ယူပါတယ်”ဟု ယင်းဌာနမှ တာဝန်ရှိသူကပြောသည်။

သုတေသနပြုလုပ်သည့် စမ်းသပ်ချက်(၁)တွင် နွားချေးမြေဆွေးစမ်းသပ်ချက် (၂)ကြက်ချေးမြေဆွေးစမ်း သပ် ချက် (၃)နွားချေးနှင့် ကြက် ချေးမြေဆွေးစမ်းသပ်ချက်(၄)နွားချေး၊အရိုးမှုန့်နှင့် တီမြေဆွေး၊ စမ်းသပ်ချက်(၅) ကြက်ချေး၊အရိုးမှုန့်၊တီမြေဆွေး၊စမ်းသပ်ချက်(၆)ဗလာစမ်းသပ်ခြင်းတို့ဖြင့် စိုက်ပျိုးခဲ့ရာက စမ်းသပ်ချက်(၅)မှာ တစ်ဧကအထွက်နှုန်းအများဆုံးဖြစ်သော်လည်း ကုန်ကျစရိတ်နှင့် အကျိုးအမြတ်တွက်ချက်ရာ၌ စမ်းသပ်ချက် (၁)က အကောင်းဆုံးဖြစ်၍ စမ်းသပ်ချက်(၃)သည် ဒုတိယအကောင်းဆုံးအဖြစ်တွေ့ရှိခဲ့ရသည်ဟုဆိုသည်။

စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ဟင်းသီးဟင်းရွက်သုတေသနဌာစုအနေဖြင့် သုတေသနဆောင်ရွက်ရာတွင် ဒေသအလိုက် အလွယ်တကူ ရရှိနိုင်ပြီး ဈေးနှုန်းသက်သာသော သဘာ၀မြေသြဇာကို အသုံးပြုခြင်းဖြင့် ဓာတ် မြေသြဇာသုံးစွဲမှုလျှော့ချကာ အဟာရပြည့်၀သော သီးနှံများစိုက်ပျိုးထုတ်လုပ်နိုင်ရန်နှင့် ရေရှည်တည်တံ့သော ဟင်းသီးဟင်းရွက်များစိုက်ပျိုးထုတ်လုပ်မှုနည်းပညာဖွံ့ဖြိုးတိုးတက်ရေးနည်းလမ်းများဖေါ်ထုတ်နိုင်ရန် မျှော်မှန်း ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

Leave a Reply

Your email address will not be published.