ရွှေမန်း

ပို့ကုန်ပဲအုပ်စုများအပါအဝင် ပဲ၊ပြောင်း၊နှမ်းများကို ဒေါ်လာဖြင့်ရောင်းချရမည့် တင်ပို့မှုဆိုင်ရာ မူဝါဒ သက်မှတ်ချက်များကြောင့် ပဲသစ်ရာသီပို့ကုန်ပဲများ ဈေးဆင်းနေ ပြီး တရုတ်န်ိုင်ငံတင်ပို့မှုထက် အိန္ဒိယနိုင်ငံသို့ အဓိကထားရောင်းချသွားရမည်ဖြစ်ကြောင်း ပဲကုန်သည်များ သုံး သပ်ထား ကြောင်းသိရသည်။

ပဲ၊ပြောင်း၊နှမ်း အပါအဝင်ပို့ကုန်ပဲများ အတွက် ကုန်သွယ်မှုမူဝါဒ အပြောင်းအလဲရှိလာမှ ပြည်တွင်းဈေးကွက် ပြန်လည်ဦးမော့လာမည်ဖြစ်ကြောင်း ၊လက်ရှိမှာ ပို့ကုန်ပဲဈေးကွက်မှာ ဒေါ်လာဖြင့်သာရောင်းချရမည့် မူဝါဒကြောင့် တရုတ်နိုင်ငံတင်ပို့ရာမှာ အခက်အခဲဖြစ်နေကြောင်း ၊ ပဲသစ်ပေါ်လာချိန်မှာ ပို့ကုန်ပဲတွေ အိန္ဒိယနိုင်ငံကို အဓိကထားရောင်းချသွားရမည်ဖြစ်ကြောင်း၊ လက်ရှိမှာ တရုတ်နယ်စပ်ဂိတ်များ ပြန်လည်ဖွင့်လှစ်မည့် အခြေအနေကြောင့် တရုတ်လိုင်း တင်ပို့နေသည့် ပဲတီစိမ်း နှမ်းနှင့်မြေပဲဆန်များ အရောင်းအဝယ်သွက်လာကြောင်း ဦးကျော် သွင်(ရွှေစင်သိန်းပွဲရုံ)က ပြော သည်။

“ လက်ရှိမှာ မန္တလေးပဲဈေးကွက်မှာတော့ ပွက်ကာသီကာအခြေအနေနဲ့ ရောင်းဝယ်နေကြတာမျိုးပါ။ ပို့ကုန်ပဲတွေက ဝယ်ဈေးနဲ့ ရောင်းဈေးကပ်ရောင်းကပ်ဝယ်နေတာမျိုးပါ။ အသစ်ပေါ်နေတာကတော့ မက်ပဲ၊ပဲစင်းငုံ၊ နဲ့ ဈေးကောင်းနေတာကတော့ မြေထောက်ပဲပါ။အဝင်လည်းနည်းပါသေးတယ်။ မနှစ်ကတော့ ၁သိန်းကျော်လောက်ဈေးဖြစ်ပေမယ့် ဒီနှစ်မှာ မြေထောက်ပဲကတော့ ဈေးကောင်းနေပါတယ်။ မြေပဲလုံးဆန်ကလည်း တစ်ပိသာကျပ် ၆၀၀၀ လောက်ပဲရှိပါတယ်။ တရုတ်နယ်စပ်တင်ပို့ မှုမှာ ဇန်နဝါရီ ၈ ရက်ကျော်ရင် ဂိတ်တွေ ဖွင့်မှာမို့ ဈေးလှုပ်လာပါတယ်။ပဲဈေးကွက်တက်လာမျိုးတော့မဟုတ်ပါဘူး။ ဒီနှစ်က အိန္ဒိံယလိုင်းက ပိုဈေးကောင်းမယ်လို့မြင်ပါတယ်။ လက်ရှိမှာ ပဲ၊ပြောင်း၊နှမ်း အကုန်လုံးက ပို့ကုန်သွင်းကုန်လိုင်စင်နဲ့ တင်ပို့နေရတော့ လက်ရှိပဲသစ်ရာသီအတွက် ဈေးကျဆင်းမှုတွေဖြစ်လာနိုင်ပါတယ်။အဓိက ကုန်စည်စီးဆင်းမှုမကောင်းရင်ဈေးကျတာဖြစ်တက်ပါတယ်။ဒီတော့ပို့ကုန်ပဲတွေအတွက် အိန္ဒိံယလမ်းကြောင်းက ပိုကောင်းလာနိုင်ပါတယ်။ ” ဟု ၎င်းကပြောသည်။

လက်ရှိအချိန်တွင် ပဲ၊ပြောင်း၊နှမ်းများကို နယ်စပ်နှင့် ပုံမှန်ကုန်သွယ်မှုပြုလုပ်ရာတွင် ဒေါ်လာဖြင့်သာအရောင်းအဝယ်ပြုလုပ်ရန်နှင့် ဒေသအတွင်း သယ်ယူပို့ဆောင်ရာမှာ ပို့ကုန်လိုင်စင်ဖြင့်သာ သယ်ယူပို့ဆောင်နိုင်တာကြောင့်လည်း သိုလှောင်ဝယ်လက်များအနေဖြင့် ဝယ်ယူမှုနည်းနေသေးကြောင်း နှင့်ပဲသစ်များအပေါ်ဈေးလျော့ဝယ်ယူနေကြောင်း ပဲကုန်သည်များထံကသိရသည်။

မတ်ပဲ၊ ပဲစင်းငုံ၊ ပဲတီစိမ်း

မက်ပဲနှင့်ပဲစင်းငုံမှာ ဈေးအကောင်းကြီး မဟုတ်သေးဘဲ ဈေးအနည်းငယ်ကျဆင်းသွားပြီးနယ်မြို့ပဲကုန်သည်များ အရောင်းအဝယ် ခပ်သွက်သွက်ဖြစ်နေကြောင်း ဈေးကွက်အတွင်း အရောင်းအဝယ်အဖြစ်ဆုံး ပဲဈေးကွက်ဖြစ်နေရာ ဇန်နဝါရီ ၃ ရက်နေ့တွင် မတ်ပဲသုံးတင်းဝင်တစ်အိတ် ငွေ ကျပ် ၁၆၃၀၀၀၊ ပဲစင်းငုံတစ်အိတ် ငွေကျပ် ၁၆၄၀၀၀၊ ပဲတီစိမ်း အညာမှာ ထိပ်စသုံးတင်းဝင် တစ် အိတ်လျှင် ငွေကျပ် ၁၄၀၀၀၀ ပေါက်ဈေးရှိသည်။ အသစ်ဝင်ပို့ကုန်ပဲများ လက်လွဲလက်ပြောင်း အရောင်းအဝယ်ခပ်သွက်သွက်ရှိနေသော်လည်း ဒေါ်လာဈေး အပြောင်းအလဲကို စောင့်ကြည့် ထိန်းညှိဝယ်ယူနေခြင်းဖြစ်သည်။ထို့အပြင် အိန္ဒိယနိုင်ငံသို့ ပဲတင်ပို့မှု သက်တမ်းတိုးမြင့်ထားတာကြောင့်လည်း အဝယ်အေးနေခြင်းဖြစ်သည်။

နှမ်း၊ မြေပဲ

နှမ်းဈေးကွက်မှာ အသစ်ကုန်သလောက်ရှိပြီး နှမ်းမျိုးစုံ တရုတ်နိုင်ငံသို့တင်ပို့မှုဆိုင်ရာ အခက်အခဲမျာရှိတာကြောင့် အသစ်ဝင်နှမ်းများ ဈေးကျဆင်းနေခြင်းဖြစ်သည်။ အလားတူ မြေပဲလုံးဆန်များလည်း ဈေးကျဆင်းနေရာမှာ မကြာမီ တရုတ်နယ်စပ်ဂိတ်များ အလုံးစုံ ပြန်ဖွင့်မည့် အခြေအနေများကြောင့် ဈေးအနည်းငယ်ပြန်တက်လာ ရာ ဇန်နဝါရီ ၃ရက်နေ့တွင်နှမ်းနက် ၄၅ ပိဿာတစ်အိတ် လျှင် ငွေကျပ် ၂၇၀၀၀၀၊ နှမ်းဖြူ (သစ်)ငွေကျပ် ၂၆၅၀၀၀ ပေါက် ဈေးရှိနေပြီး မြေပဲအနီလုံးဆန် တစ်ပိဿာ ငွေကျပ် ၆၃၀၀၊ ဆီဆန်တစ်ပိဿာ ငွေ ကျပ် ၅၀၀၀ သို့ အသီးသီးဈေးမြင့်တက်လာသည်။

ပြည်တွင်းစားသုံးမှု မြင့်မားနေသည့် ကုလားပဲအုပ်စုမှာ အသစ်ဝင်ရောက်မှုမရှိသေးတာကြောင်ဆက်လက်မြင့်တက်လျက်ရှိရာ ကုလားပဲ V2 တစ်အိတ်လျှင် ငွေ ကျပ် ၂၀၅၀၀၀ ထိဈေးမြင့်တက်လာပြီး အသစ်ပဲမာလိုင်းများမှ ပဲယင်းကြီး(သစ်) တစ်အိတ်လျှင် ငွေကျပ် ၁၂၅၀၀၀၊ ပဲကြီး(သစ်)တစ်အိတ်လျှင် ငွေ ကျပ် ၂၅၅၀၀၀၊ ပဲထောပတ် တစ်အိတ်လျှင် ငွေကျပ် ၁၇၀၀၀၀၊ စွန်တာပြာနှင့်ပဲဇီးကွက် တစ်အိတ်လျှင် ငွေ ကျပ် ၁၂၇၀၀၀၀၊ မြေထောက် ပဲတစ်အိတ်လျှင် ငွေကျပ်၂၄၀၀၀၀၊ ကျွန်းစားတော်ပဲတစ်အိတ်လျှင် ငွေကျပ် ၂၉၅၀၀၀ ပေါက်ဈေးဖြင့် ယခင်နှစ်ထက်အမြင့်ဈေးဖြင့်ဝင်ရောက်လာကြောင်းသိရသည်။

Leave a Reply

Your email address will not be published.