ပေါ်ဦးပေါ်ဖျားဖြစ်ပြီး အထွက်နှုန်းနည်းသောကြောင့် စိန်တလုံးသရက်သီးများမှာ ယမန်နှစ်ထက် ဈေးနှစ်ဆ ပေါက်ဈေး ရှိနေ

ရွှေမန်း

ပြည်တွင်းမှ ထွက်ရှိသော စိန်တလုံးသရက်သီးများမှာ ပေါ်ဦး ပေါ်ဖျားဖြစ်သည့်အပြင် အထွက်နှုန်းနည်းခြင်းကြောင့် ယခုနှစ် သရက်ဈေးကွက်တွင် ယမန်နှစ်ထက် ၂ ဆခန့်ရှိနေပြီး တစ်လုံးလျှင် ငွေကျပ် ၇၀၀ မှ ၁၅၀၀ ကျော်ပေါက်ဈေးရှိနေသည်။

ယမန်နှစ်က ပေါ်ဦးပေါ်ဖျား၌ စိန်တလုံးသရက်သီးတစ်လုံးလျှင် ငွေကျပ် ၇၀၀ အမြင့်ဆုံးရှိခဲ့သော်လည်း ယခုနှစ်တွင် အရည်အသွေး ကောင်း နထစသမအ အသီးများမှာ ငွေကျပ် ၁၅၀၀ အထက်ရှိသည်ဟု သရက်ဈေးကွက်နှင့် နည်းပညာအသင်းမှ အတွင်းရေးမှူး ဦးကျော်စိုးနိုင်က ပြောသည်။

“ပြည်တွင်းဈေးကွက်မှာကိုပဲ စိန်တလုံးသရက်သီးက မနှစ်ကထက် ဈေးနှစ်ဆလောက်ဖြစ်နေတယ်။ တရုတ်ကိုပို့နေကြတာကလည်း အစမ်းဈေးကွက်သဘောမျိုးဖြစ်ပြီး ဈေးကောင်းရနေတယ်။ ဒီဈေး ကွက်ကို ထိန်းနိုင်ဖို့ဆိုရင် အရည်အသွေးကောင်းတင်ပို့ကြဖို့လိုပါတယ်´´ ဟု ၎င်းက ပြောသည်။

သရက်သီးမှာ ပြည်တွင်းစားသုံးမှုနှင့် ပြည်ပဈေးကွက်တွင် ရောင်းအားကောင်းသော သစ်သီးဖြစ်၍ ဈေးကွက်သို့ တင်ပို့ရာ၌ အရည် အသွေးကို အဓိကထားရန်လိုကြောင်း၊ အရည်အသွေးမကောင်းပါက ဈေးကွက်တွင် ခေတ္တသာ ဈေးကောင်းရနိုင်သည်ဟုဆိုသည်။

“လွန်ခဲ့တဲ့ ဆယ်စုနှစ်ကဆိုရင် သရက်သီးတစ်ခြင်းကို ယွမ်ငွေ ၂၀-၂၅ လောက်ထိဖြစ်ခဲ့ဖူးတယ်။ အရည်အသွေးမမှီတဲ့ သရက်တွေကို ခူးဆွတ်ပြီး တရုတ်ဈေးကွက်တင်ပို့ရင် နောက်လူတွေလည်း နစ်နာမှာ ဖြစ်သလို ဈေးကွက်ထိခိုက်မှာပါ။ ခုပေါ်ဦးပေါ်ဖျားမှာ ဝယ်သွားတဲ့ တရုတ်ကုန်သည်တွေ ရှုံးတယ်လို့ ကြားရတယ်´´ဟု ၁၀၅ မိုင် ကုန်သွယ် ရေးဇုန်မှ ပွဲစားတစ်ဦးက ပြောသည်။

ပြည်တွင်းဈေးကွက်၌ စိန်တလုံးသရက်တစ်လုံးလျှင် ငွေကျပ် ၁၅၀၀ အထက်ရှိပြီး တစ်လုံးလျှင် ငွေကျပ် ၇၀၀ ဝန်းကျင်ဖြင့် ရောင်းချမှုများလည်းရှိရာ အရည်အသွေးနှင့် ထွက်ရှိရာဒေသ ကွာခြား ခြင်းကြောင့်ဖြစ်ကြောင်း၊ပြည်ပတင်ပို့မှုတွင် အရေအတွက်များစွာကို တစ်ပြိုင်တည်းရောင်းချရသော်လည်း ပြည်တွင်းဈေးကွက်၌ လက်လီ ရောင်းချရခြင်းကြောင်း သိရသည်။

Leave a Reply

Your email address will not be published.