ပိုးသတ်ဆေး ယဥ်ပါးမှု အန္တရာယ်

ကိုဗစ်ကာလမှာ အားလုံးက ကိုဗစ်ကို ကြောက်နေချိန် ကျနော်မှာလည်း စိုးရိမ်စိတ် တခု ရှိပါတယ်။ အဲဒါကတော့ ပိုးသတ်ဆေး ယဥ်ပါးမှု အန္တရာယ်ပါ။ ကိုဗစ်ခေတ်မှာ အွန်လိုင်းကနေ ဖတ်ရ၊ သိရတာတွေက တဆင့် လူတွေ အတွက် ကျန်းမာရေး-အသိ တိုးပွားရသလို တဖက်ကလည်း အစိုးရိမ် လွန်စိတ်နဲ့ မသောက်သင့်ပဲ ဆေးတွေ ကြိုသောက်ကြမှာ စိုးရတာလည်း ရှိပါတယ်။အဲဒီထဲမှာ ပိုးသတ်ဆေးတွေလည်း ပါပါတယ်။အခုဆို Azithromycin 500mg သုံးလုံး တကဒ်ကို နှစ်ထောင်နီးပါး ပေးဝယ်နေရတာပါ။ ကိုဗစ် ဖြစ်မှာ စိုးလို့၊ ကိုဗစ် ဖြစ်ရင် ပိုမဆိုးရအောင်လို့ ကြိုဝယ်သောက်ကြတာ ရှိသလို မလိုအပ်ပဲ ‌‌ဆေးညွှန်းထဲ ကြိုထည့်ပေးတာတွေလည်း တွေ့ရပါတယ်။ တချို့ကျ အနည်းဆုံး ငါးရက်-တပတ် သောက်ရမယ့် ပိုးသတ်ဆေးမျိုးတွေကို သောက်ချင်တဲ့အခါ သောက်လိုက်၊ ရပ်ချင်တဲ့အခါ ရပ်လိုက် သောက်ကြတာလည်း တွေ့ဖူးပါတယ်။ပိုးသတ်ဆေးနဲ့ ပိုး (ဘတ်တီးရီးယား၊ ဗိုင်းရပ်စ် စသဖြင့်) ဆိုတာ စစ်ပွဲတပွဲလို ဟိုဖက် ဒီဖက် တိုက်ကြတာပါ။ ပိုးသတ်ဆေးတွေမှာ လူ့ခန္ဓာအတွင်း အာနိသင် ကြာမြင့်ချိန် အမျိုးမျိုးပါ။ ၁၂ နာရီ ကြာထိ အစွမ်း ပြတာ ရှိသလို တချို့က ၂၄ နာရီ၊ တချို့က ၈ နာရီ စသဖြင့်။ အဲတော့ ၈ နာရီ ကြာထိ အာနိသင် ရှိတဲ့ ပိုးသတ်ဆေးကို သောက်ပြီး ရပ်ချင်လည်း ရပ်ထားမယ်၊ နောက် ၂၄ နာရီ ကြာမှ စိတ်ကူး ရလို့ ထသောက်ချင်လည်း သောက်မယ် ဆိုပါစို့။ ပိုးသတ်ဆေးဘက်က ခံတပ်ဟာ ပြိုလဲ နေပါပြီ။ တိုက်စစ် ဖွင့်ဖို့ ဆိုတာ မပြောပါနဲ့တော့။ အဲဒီအချိန် လစ်ဟာချိန်မှာ ပိုးတွေဟာ အကောင်ပေါင်း များစွာ ပွားများပြီး တိုက်စစ် ဖွင့်နိုင်သွားပါပြီ။ ဒီလိုနဲ့ ပိုးက ဆေးကို နိုင်သွားပါတယ်။ နိုင်ပွဲရ ပိုးကလည်း အငြိမ် မနေပါဘူး။ သူ့အောင်ပွဲကို တခြား ပိုးတွေဆီ ထပ်ဆင့် ကူးပေးသလို သူကိုယ်တိုင်လည်း နောက်တခါဆို ဒီပိုးသတ်ဆေးကို ဘယ်လို ဖြိုခွဲရမလည်း သိသွားပါပြီ။ အဲသလိုနဲ့ ခါတိုင်း တိုးနေကျ ဆေးက မတိုးတော့ပဲ ဆေးယဉ်ပါးမှု ဖြစ်‌ရတော့တာပါပဲ။ ဒီ့အတွက် လူနာတွေကိုပဲ အပြစ် မမြင်ပါ။ ကျနော်တို့ ဆေးကုသရေးပိုင်းက ညီကို မောင်နှမတွေမှာလည်း တာဝန် ရှိပါတယ်။ ပိုးသတ်ဆေးကို မလိုပဲ မပေးဖို့ပါ။ ကျနော်ဆီမှာ ပိုးသတ်ဆေး အမယ် စုံအောင် အတတ်နိုင်ဆုံး ဆောင်ထားပေမယ့် လူနာ တရာမှာ ငါးယောက် ပိုးသတ်ဆေးကို သုံးခဲပါတယ်။ ဘာလို့လဲ ဆိုတော့ အများစုမှာ မလိုအပ်သေးလို့ပါ။ဒီလို ပြောလို့ ပညာရပ် နယ်ပယ်တခုထဲက ညီကို မောင်နှမတွေက ကျနော့်လို နားမလည်လို့လို့ မဆိုလိုပါ။ တခါတလေကျ ဆရာ/မတွေက လူနာကို ပုံသွင်း သလို၊ လူနာတွေကလည်း ဆရာ/မတွေကို ပုံသွင်းတတ်ပါတယ်။ လူနာတချို့ကျ ဒီဆရာ ပေးတဲ့ ဆေးကို ငါလည်း သိပါတယ်၊ ထူးထူးခြားခြား မပါ ပါဘူး ပြောတဲ့အခါ ဆရာ/မ တချို့က ပညာစွမ်း ပြရင်း ပိုးသတ်ဆေးတွေ မလိုအပ်ပဲ ကြိုပေးတတ်တာ နားလည်လို့ ရပါတယ်။ဒီလို ပြောလို့ လူနာတွေကိုလည်း အပြစ် မတင်ပါ။ သူတို့က ဆေးလောကထဲက မဟုတ်တဲ့ အတွက် ထင်မိ မြင်ရာ ပြောတတ်ကြတာ သ‌ဘာဝပဲ မဟုတ်လား။ ရှင်းပြရမှာက ကျနော်တို့ တာဝန်ပါ။ အဲတော့ ပါရာစီတမောလို ဆေးမျိုးလောက်ပဲ ပေးရင် ခင်ဗျားတို့ဆီ ဘာလို့ လာပြနေမလဲလို့ လူနာဘက်ကလည်း မေးစရာ ရှိပြန်ပါတယ်။အဲတော့ ကျနော် ပြောချင်တာက ဥပမာ- လူတယောက် ဖျားလို့ လာပြရင် ဖျားရတဲ့ အကြောင်း တရား (ရောဂါဇာစ်မြစ်) က အမျိုးပေါင်း နှစ်ရာ ကျော်တယ်လို့ ပြောရင် ယုံမလား။ အဲဒီထဲကမှ ဘာရောဂါနဲ့ အနီးစပ်ဆုံး ဖြစ်မလဲ ရောဂါ ရာဇဝင် မေးကြည့်၊ စမ်းသပ်ကြည့် လုပ်ပြီးမှ နိဂုံးချုပ် ရောဂါ တခုကို အနုမာန မှန်းဆ ယူရပါတယ်။ သွေး- သလိပ်- ဆီး- ဂလင်း- အသားစ၊ ဓါတ်မှန် စသဖြင့် စစ်ဆေး ကြည့်မှ အတည်ပြုလို့ ရတာလည်း ရှိလို့ အနုမာန မှန်းဆ ယူရတယ်လို့ ဆိုတာပါ။ အဲသလို အဖြေတခု ရပြီးရင်လည်း မပြီးပါ။ ဒီရောဂါက ဘယ်အဆင့်လောက်လဲ ဆိုတာ ခွဲခြား ရတာလည်း ရှိပါတယ်။ ဆိုးဝါး ပြင်းထန် အဆင့်လား။အပျော့စား၊ အလတ်စား အဆင့်လား။ လွှဲရမှာလား၊ မလွှဲ ရဘူးလား။ ပိုးသတ်ဆေး လိုလား၊ မလိုဘူးလား ခွဲခြား ရပါတယ်။ အဲဒါက အခြေခံ ကျန်းမာရေး စောင့်ရှောက်မှု ပေးနေတဲ့ ပြင်ပဆေးခန်းတွေက ဆရာ/မတွေရဲ့ ပညာပါ။ ဒါဆိုရင် ပါရာစီတမော သောက်ရတာချင်း တူရင်တောင် စိတ်အေးလက်အေး သောက်လို့ ရတာနဲ့ ပျောက်ရော ပျောက်ပါ့မလား ဒွိဟစိတ်နဲ့ သောက်ရတာ ကွာပြီ ဆိုတာ နားလည်မယ် ထင်ပါတယ်။ ကျနော်တို့ဘက်ကလည်း အပြင်ပန်းမှာ လူတယောက်ဟာ ဘယ်လောက်ပဲ ကောင်းနေပါစေ မမေး၊ မစမ်းပဲ ဒါသောက်လိုက် ဆိုတာ ဘယ်တော့မှ မလုပ်ပါ။ လူတယောက်က သူခံစားရတဲ့ ဝေဒနာကို ပြောပြရင် အန္တရာယ်အဆင့် လက္ခဏာတွေ ရှိ၊ မရှိ ဖယ်ထုတ်ရတာ ထုံးစံပါ။ ဒီလို လုပ်လို့ အချိန် ကြာမယ် ဆိုတာလည်း သိပါတယ်။ ဒါပေမယ့် လူတရာမှ တယောက်ဟာ ကိုယ် မမေး၊ မစမ်းပဲ ပေးလိုက်တဲ့ ဆေးကြောင့် အန္တရာယ် မဖြစ်ရင် အဲဒါ ကျနော်တို့ အတွက် အမြတ်ပါ။ ဘာလို့လဲ ဆိုတော့ အသက်ကို သချာ်လို တချောင်း၊ နှစ်ချောင်း ရေတွက်လို့ ရပေမယ့် အသက်ဟာ အသက် ပါပဲ။ ခင်ဗျား အသက် ဘယ်လောက် တန်လည်း ဈေးဖြတ်တဲ့ မေးခွန်း မေးလို့ မရလို့ပါပဲ။ အားလုံး ကျန်းမာ၊ ချမ်းသာကြပါစေလို့ ဆုတောင်းလျှက်။ဒေါက်တာ ဉာဏ်

Leave a Reply

Your email address will not be published.