ပို့ကုန်၊ သွင်းကုန်အပေါ် အခွန်ကောက်ခံမှု မူဝါဒအပြောင်းအလဲကြောင့် ပြောင်းဈေး အနည်းငယ်ကျဆင်းလာ

ရွှေမန်း

 ပို့ကုန်၊ သွင်းကုန်အပေါ် အခွန်ကောက်ခံမှု မူဝါဒကြောင့် ဒီဇင်ဘာလကုန်ပိုင်းမှ စတင်ကာ  ပြည်တွင်း ပြောင်းဈေးကျဆင်း လာကြောင်း ပြောင်းကုန်သည် များထံက သိရသည်။

ယခင်က ပို့ကုန်ပြောင်း အပေါ် တစ်တန်လျှင် ငွေကျပ် ၃၀၀၀၀ ကျော်သာ ပေးဆောင် ရပြီး ယခုမူဝါဒအပြောင်းအလဲ ကြောင့် ငွေကျပ် ၅၀၀၀၀ ကျော် ပေးဆောင်ရကြောင်း၊ ယခင်က တစ်ဒေါ်လာလျှင် ငွေဈေး ငွေကျပ် ၂၁၀၀ ကျော်ပေါ်မှာ တွက်ချက်ပြီး ယခုအခါ တစ်ဒေါ်လာလျှင် ငွေ ဈေး ငွေကျပ် ၃၅၈၀ ပေါ်မှာ တွက်ချက်ကောက်ခံတာ ဖြစ် သောကြောင့် ပြောင်းတစ်ပိဿာ လျှင် ငွေကျပ် ၃၅ ခန့် ဈေးကျ ဆင်းသွားမည်။

ပို့ကုန် ပြောင်းကုန်သည်များ အနေဖြင့် FOB ဈေးအတိုင်း တွက်ချက်ပြီး အရင်းအတိုင်း ပြန်လည်ရောင်းချလျှင်တောင်မှ တိုးမြင့်လာသည့် အခွန်ငွေကျပ် ၃၅ ခန့်ကို တောင်သူထံမှ လျှော့ ချဝယ်ယူရမည့်အခြေအနေဖြစ် သည်။

လက်ရှိမှာ သွင်းကုန် အပေါ်မှာလည်း တိုးမြှင့်ကောက် ခံတာဖြစ်သောကြောင့် သွင်းကုန် ပြန်လည်သွင်းသူများလည်း တင် သွင်းမည့် ကုန်များမှာ  ဈေးမြင့် တက်လာမည်ဖြစ်ကြောင်း အခွန် ကောက်ခံမှု မူဝါဒအပြောင်းအလဲ ကြောင့် သက်ရောက်မှု ရှိလာ ကြောင်းကို ပြောင်းပို့ကုန်လုပ်ငန်း ရှင်တစ်ဦးက ပြောသည်။

“ အရင်က ပို့ကုန်တွေအပေါ် မှာ အခွန်ကောက်ခံတာက ဒေါ်လာဈေး ၂၁၀၀ ပေါ်မှာ တွက် ချက်ကောက်ခံတာဖြစ်ပါတယ်။ အခု မူဝါဒက ဒေါ်လာဈေး ၃၅၈၀ အပေါ်မှာ တွက်ချက်ကောက်ခံ တာဖြစ်တော့ သွင်းကုန်သမားရော၊ သွင်းကုန်သမားရောအပေါ်မှာ သက်ရောက်မှုရှိလို့ ပို့ကုန်ဆိုရင် အရင်ထက် ဈေးလျော့မယ်။ သွင်းကုန်ဆိုရင် အရင်ထက် ဈေး မြင့်လာမယ့် သဘောဖြစ်ပါတယ်။ ပြောင်းအနေနဲ့ အရင်က တစ် ပိဿာလျှင် ငွေကျပ် ၁၇၀၀ ခန့် ပေါက်ဈေးရရှိတာကနေ ယခု ဆိုလျှင် ငွေကျပ် ၁၆၅၀ ခန့်သာ ရရှိနိုင်တော့မယ်။ သွင်းကုန်ပစ္စည်း တွေလည်း အချိုးကျ ဈေးမြင့် လာမယ့်သဘောပါ´´ ဟု ၎င်းက ပြောသည်။

ပြောင်းကုန်သည်များအနေ ဖြင့် ယခင်က ပြောင်းတစ်တန် လျှင်  FOB ဈေးရရှိမှုကို အခွန် နှုတ်ပြီး ကျန်ရှိသည့် အရင်းဈေး အတွင်း ပြည်တွင်းပြောင်းများကို ဝယ်ယူကာ ပို့ကုန်ဒေါ်လာ ရရှိ အောင် တင်ပို့ပြီး သွင်းကုန်မှ ပြန်လည်ရရှိသည့် အကျိုးအမြတ် ကိုသာ ယူပြီး ပြောင်းကို အမြင့် ဆုံးဈေးထိ ပေးဝယ်တင်ပို့မှုများ ကြောင့် ရန်ကုန်အရောက် ပြောင်း တစ်ပိဿာလျှင် ငွေကျပ် ၁၇၀၀ ခန့်ထိ ဈေးမြင့်တက်ရရှိလာခြင်း ဖြစ်သည်။

သို့ဖြစ်၍ ဒီဇင်ဘာလ ကုန်ပိုင်းတွင် ရန်ကုန်အရောက် ဈေးတစ်ပိဿာလျှင် ငွေကျပ် ၁၆၅၀၊ တောင်ကြီးဈေးတစ်ပိဿာ လျှင် ငွေကျပ် ၁၄၅၀၊ မန္တလေး ဈေးတစ်ပိဿာလျှင် ငွေကျပ် ၁၅၅၀ အသီးသီးပေါက်ဈေးရှိနေ သည်။

လက်ရှိ ပြောင်း FOB ပေါက်ဈေးနှင့် အခွန်တိုးမြင့်သည့် အပေါ် ပေးဆောင်ရမည့် အခွန် နှင့် ဈေးမြင့်ပေးဝယ်ထားသည့် ပြောင်းဈေးမှာ ပို့ကုန်သမားများ အတွက် အရှုံးပေါ်နေကြောင်း ပို့ကုန်သမားများထံက သိရသည်။  

Leave a Reply

Your email address will not be published.