ရွှေမန်း

ပြည်တွင်းပြောင်းစျေးကွက်တွင် ပို့ကုန်ဝယ်လိုအား အခြေအနေကောင်းများရှိသော်လည်း နိုင်ငံခြား ငွေလဲလှယ်နှုန်းထားများ တည်ငြိမ်နေခြင်းကြောင့် ပြောင်းစျေးနှုန်းမှာ လက်ရှိအနေအထားထက် စျေးမြင့်တက်နိုင်ခြင်းမရှိဘဲ ဆက်လက်တည်ငြိမ်နေမည်ဖြစ်ကြောင်း ပို့ကုန်ပြောင်းကုန်သည်များထံက သိရသည်။

ယခုနှစ်ပြောင်းရာသီတွင် ထိုင်းနိုင်ငံသို့ တင်ပို့ရန်နှင့် ပင်လယ်ရေကြောင်းမှတင်ပို့ရန် နှစ်ခုလုံးအတွက် အပြိုင်ဝယ်ယူမှုရှိနေသဖြင့် ပြောင်းတစ်တန်လျှင် ၂၆၅ ဒေါ်လာဖြင့် ယခင်နှစ်ထက်စျေးပိုမိုရရှိနေသော်လည်း လက်ရှိ ဒေါ်လာငွေလဲနှုန်းထား ကျပ် ၁၈၀၀ ဝန်းကျင်သာရှိသောကြောင့် ပြည်တွင်းဈေးကွက်တွင် ပို့ကုန် ပြောင်းစျေးမှာ ထူးခြားစွာ မြင့်တက်လာရန် မရှိေကြာင်း မြန်မာနိုင်ငံပြောင်းစိုက်ပျိုးထုတ်လုပ်ရောင်းချသူများအသင်း၊ အထွေထွေအတွင်းရေးမှူး ဦးတက်နိုင်တိုးက ပြောသည်။

“အဓိက အားသာချက်က ရန်ကုန် FOB လိုင်းရော၊ ထိုင်းလိုင်းရော အားပြိုင်နေပါတယ်။ FOB ကတော့ ပုံမှန်သွားနေတယ်။ လက်ရှိ ဒီဇင်ဘာလ မှာ FOB ဈေးက ပြောင်းတစ်တန် ကို ၂၆၅ ဒေါ်လာ ပေါက်စျေးဖြစ်လာပါတယ်။ အရင်လကထက် ငါးဒေါ်လာတက်လာပါတယ်။ လက်ရှိအစိုးရက ဒေါ်လာ သန်း ၁၈၀ လောက် ထုတ်ရောင်းထားတော့ ပို့ကုန်ရငွေတန်ဖိုး တစ်ဒေါ်လာ ကျပ် ၁၇၃၀ လောက်ထိ စျေးချလိုက်တော့ ဒေါ်လာစျေး ကျဆင်းတာနဲ့အတူ ပြောင်းစျေးလည်း ကျဆင်းလာတာပေါ့။ အပြင် အရွက်လဲစျေးကတော့ ကျပ် ၁၉၀၀ ကျော်လောက်ရှိတာပေါ့။ ဒါပေမယ့် ပို့ကုန်ရငွေ ဒေါ်လာစျေးက ကျဆင်းနေတယ်။ ပြောင်းစျေးက တစ်ပိဿာကျပ် ၇၀၀ ဝန်းကျင်ပေါက် စျေးရှိလာပါတယ်။ဒီစျေးက မြဝတီ အရောက်စျေးနဲ့ တူလာပါတယ်။မြဝတီလိုင်းကတော့ ဖေဖော်ဝါရီလမှ စတင်မှာဖြစ်ပေမယ့် လှောင်လက်သမားတွေကတော့ စလှောင်နေပါပြီ။ လက်ရှိမှာ ပြောင်းစျေး တစ်ပိဿာ ကျပ် ၈၀၀ ကျော်စရာမရှိဘူးလို့ သုံးသပ်ရပါတယ်။ ငွေလဲနှုန်းတွေက မြန်မာငွေစျေး တစ်မျိုးတည်းကျဆင်းသွားတာမျိုးဆိုရင်တော့ စျေးတစ်မျိုးဖြစ်သွားနိုင်တာပါ” ဟု ၎င်းက ပြောသည်။

တရုတ်နိုင်ငံသို့ ပြောင်းတင်ပို့မှုတွင် ပုံမှန်ကုန်သွယ်မှု အပြောင်းအလဲ နှင့် ခွင့်ပြုကုမ္ပဏီများ၏ တင်ပို့နိုင်မှုမှာ မြဝတီနယ်စပ်မှ တင်ပို့မှုထက်နည်းနေပြီး၊ ထိုင်းနိုင်ငံသို့တင်ပို့မှု၊ ပင်လယ်ရေကြောင်းမှ အခြားနိုင်ငံများသို့ တင်ပို့မှု နှင့် ပြည်တွင်း အစာစက်ရုံများ၏ ဝယ်လိုအား အခြေအနေများကသာ ပြည်တွင်းပြောင်းစျေးကွက်ကို မြင့်မားစေနိုင်သည့် အခြေအနေများဖြစ်ကြောင်း သိရသည်။

“တရုတ်နိုင်ငံထဲမှာလည်း ပြောင်းစျေးက ကောင်းနေပါတယ်။ ပြောင်း တင်ပို့မှုမှာက လက်ချိုးရေလို့ရတဲ့ ကုမ္ပဏီတွေ ရဲ့ ဝယ်လိုအားပေါ်မှာ မူတည်နေတာပါ။တရုတ်လမ်းကြောင်းက ကျင်စန်းကျော့ လမ်းကြောင်းက ဒီနှစ်မှာ ကုန်ကျစရိတ်တွေ များနေတယ်။တန်ဖိုးနည်းတဲ့ပြောင်းလိုသီးနှံက တင်ပို့ဖို့ အခြေအနေကောင်း မရှိသေး ဘူးလို့ပြောရမယ်။ ဒီတော့ တရုတ်လိုင်းက အားပြုလို့ မရသေးဘူး။ အဓိကတော့ ထိုင်းကိုသွားမယ့် မြဝတီ လိုင်းရယ် ၊ ပုံမှန် FOB တင်ပို့မှုရယ်၊ ပြည်တွင်းအစာ စက်ရုံတွေရဲ့ဝယ်လိုအားကပဲ ပြောင်းစျေးကို မြင့်တက်စေတာပါ။” ဟု ဦးတက်နိုင်တိုးက ပြောသည်။

ယခုနှစ် ပြည်တွင်းပြောင်းစိုက်ပျိုးချိန်တွင် ကိုဗစ် -၁၉ ရောဂါကူးစက်မှု မြင့်မားနေခဲ့ခြင်းအပြင်၊ သွင်းအားစု မျိုးမြေဆီများ စျေးမြင့်တက်မှုကြောင့် တောင်သူများ ပြောင်းစိုက်ပျိုးမှု လျော့ကျခဲ့သလို ၊ ယခင်နှစ်များကလည်း ဖောငမြှောင်တောင်ပိုးကျရောက်မှုကြောင့် အထွက်နှုန်းလျော့ကျခဲ့သဖြင့် ယခုနှစ်တွင် ပြောင်းစျေးကောင်းရရှိလာခြင်းဖြစ်ကြောင်း ပြောင်းစိုက်တောင်သူတစ်ဦးက ပြောသည်။ 

Leave a Reply

Your email address will not be published.