ပို့ကုန်ပဲများဈေးကျဆင်းမှုနှင့်အတူပြည်တွင်းသုံးပဲများလည်းလိုက်ပါဈေးကျဆင်းနေ

ရွှေမန်း

ပို့ကုန်ပဲများ ဈေးကျဆင်းမှု နှင့်အတူ ပြည်တွင်းသုံးကုလားပဲ နှင့် ပဲမာလိုင်းများလည်း လိုက်ပါ ဈေးကျဆင်းနေကြောင်း ပဲကုန် သည်များထံက သိရသည်။

ပို့ကုန်မှုဝါဒ အပြောင်းအလဲ များကြောင့် ပဲနှမ်းဈေးကွက် လှုပ်လှုပ်ရှားရှားဖြစ်ခဲ့သလို ပဲစင်းငုံ မှာ တစ်အိတ်လျှင် ငွေကျပ်၈၀၀၀၀ ကျော် ဈေးကျဆင်းသွားခဲ့ခြင်းဖြစ် သည်။

ဖေဖော်ဝါရီ လဆန်းပိုင်းက စံချိန်တင်ပေါက်ဈေးများဖြင့် အရောင်းအဝယ်ကောင်းခဲ့သည့် မတ်ပဲနှင့်ပဲစင်းငုံမှာ လကုန်ပိုင်း သီးတင်းပတ်တွင် နေ့စဉ်ဆက် တိုက် ဈေးကျဆင်းလာကြောင်း ပို့ကုန်သမားများ စောင့်ကြည့်ဝယ် ယူနေရသည့် အခြေအနေဖြစ် ကြောင်း၊ အိန္ဒိယနိုင်ငံ၏ ပဲမူဝါဒ သတင်းများကလည်း ပြည်တွင်း ပဲဈေးကွက်ကို ရိုက်ခတ်မှုများ ရှိနေကြောင်း လက်ရှိအချိန်တွင် ပို့ကုန်ပဲများနှင့်အတူ ပြည်တွင်း သုံး ပဲဈေးကွက်တစ်ခုလုံးအသီး သီးဈေးကျဆင်းအရောင်းအဝယ် အေးနေကြောင်း ရွှေစင်သိန်းပွဲရုံ ပိုင်ရှင်ဦးကျော်သွင်က ပြောသည်။

“ ပို့ကုန်ပဲတွေကတော့ အကုန် ဈေးကျဆင်းမှု ကြမ်းနေပါတယ်။ ပို့ကုန်ထိပ်တန်းပဲတွေ ဈေးကျ တော့ ပြည်တွင်းသုံးကုလားပဲတွေ ရော ပဲမာလိုင်းတွေရော ဈေးကျ ဆင်း အဝယ်အေးနေတာပါ။၁၀ ရက်အတွင်းကို ပဲစင်းငုံတစ်အိတ် ငွေကျပ် ၈၀၀၀၀-၉၀၀၀၀ နီးပါး ဈေးကျဆင်းသွားတာပါ။ပို့ကုန် မူဝါဒသတင်းအမှားတွေကြောင့် ပဲ ဈေးကွက်မှာ လှုပ်လှုပ်ရှားရှားဖြစ်ခဲ့ ရပါတယ်။ပဲမာလိုင်းတွေကလည်း အမြင့်ဈေးတန်းတွေကနေ ဈေး ကျဆင်းနေတာပါ။ ပဲဈေးတွေ  ကျဆင်းတော့ အရောင်းအဝယ် အကုန်အေးကုန်တယ်။ တရုတ် လိုင်းအဝယ်ကလည်း လမ်းကြောင်း မကောင်းသေးတော့ အဝယ် မကောင်းသေးဘူး။ အသစ်ဝင်ပဲ၊ နှမ်းတွေ အဝင်ကောင်းလာချိန်မှာ ဈေးကျဆင်းမှုတွေ ရှိနေချိန်မှာ တောင် လှောင်လက်သမားတွေ ဆင်းမဝယ်ရဲကြဘူး´´ဟု ၎င်းက ပြောသည်။

ဖေဖော်ဝါရီ ၂၉ ရက်တွင်  ပို့ကုန်ပဲအားလုံး ဈေးကျဆင်း လျက်ရှိရာ မတ်ပဲတစ်အိတ်လျှင်  ငွေကျပ် ၂၇၀၀၀၀၊  ပဲစင်းငုံတစ် အိတ်လျှင်  ငွေကျပ် ၃၅၀၀၀၀ ပေါက်ဈေးဖြစ်လာသည်။ ပဲတီစိမ်း အညာတစ်အိတ်လျှင် ငွေကျပ် ၁၈၅၀၀၀ ပေါက်ဈေးဖြင့် ဈေးမြင့် တက်လာသည်။      

 ပြည်တွင်းသုံး ကုလားပဲ အုပ်စုမှာ အနည်းငယ်ဈေးကျဆင်း နေပြီး ဖေဖော်ဝါရီ ၂၉ ရက်တွင် ကုလားပဲ V2 တစ်အိတ်လျှင် ငွေ ကျပ် ၂၄၀၀၀၀၊ ကုလားပဲ V7 တစ်အိတ်လျှင် ငွေကျပ် ၂၄၃၀၀၀၊ ထိုင်ဝမ်ကုလားပဲတစ်အိတ်လျှင် ငွေကျပ် ၂၃၀၀၀၀၊ ၉၂၉ ကုလား ပဲတစ်အိတ်လျှင် ငွေကျပ် ၂၃၀၀၀၀ ထိ ဈေးကျဆင်းသွားသည်။

ပြည်တွင်းသုံး ပဲမာလိုင်းများ မှာ အသစ်ဝင်ရောက်မှုများလာတာ ကြောင့်လည်းဈေးကျဆင်းနေရာ ပဲမျိုးစုံ တစ်အိတ်ငွေကျပ်  ၃၀၀၀၀-၄၀၀၀၀ခန့်ဈေးကျဆင်း သွားခြင်းဖြစ်သည်။ ပဲကြီးတစ် အိတ်လျှင် ငွေကျပ် ၃၀၀၀၀၀၊ ပဲထောပတ်တစ်အိတ်လျှင် ငွေ ကျပ် ၄၁၀၀၀၀၊ မြေထောက်ပဲ တစ်အိတ်လျှင်ငွေကျပ် ၃၅၀၀၀၀၊ ကျွန်းစားတော်ပဲ တစ်အိတ်လျှင် ငွေကျပ်  ၃၁၀၀၀၀၊  ကနေဒါ စားတော်ပဲတစ်အိတ်လျှင် ငွေကျပ် ၂၄၁၀၀၀၊ မြေပဲအနီလုံးဆန် (မြင်းမူ) တစ်ပိဿာလျှင် ငွေ ကျပ် ၈၂၀၀-၈၄၀၀ ဈေးကျဆင်း သွားသည်။

ဖေဖော်ဝါရီ ၂၉ ရက်တွင် နှမ်းဖြူ(ဂျပန်) ၄၅ ပိဿာ တစ် အိတ်လျှင် ငွေကျပ် ၄၁၀၀၀၀၊ နှမ်းညိုတစ်အိတ်လျှင် ငွေကျပ် ၃၁၅၀၀၀၊ နှမ်းဝါတစ်အိတ်လျှင် ငွေကျပ် ၃၂၀၀၀၀၊ နှမ်းနက်စမုန် တစ်အိတ်လျှင် ငွေကျပ် ၃၇၀၀၀၀ အသီးသီး ဈေးကျဆင်းသွား ကြောင်း သိရသည်။

Leave a Reply

Your email address will not be published.