ပို့ကုန်တင်ပို့မှုဆိုင်ရာအခက်အခဲများကြောင့် ပို့ကုန်ပဲများ အပါအဝင် ပြည်တွင်းသုံး အသစ်ဝင်ပဲ ဈေးကွက် ဈေးနှုန်းများလိုက်ပါကျဆင်းနေ

ရွှေမန်း

ပို့ကုန်တင်ပို့မှုဆိုင်ရာအခက်အခဲများကြောင့် ပို့ကုန်ပဲများ အပါအဝင် ပြည်တွင်းသုံး အသစ်ဝင်ပဲ ဈေးကွက် ဈေးနှုန်းများလိုက်ပါကျဆင်းနေကြောင်း ပစ္စည်းဝင်ရောက်မှုများတာနှင့်အမျှ ဆက်လက် ကျဆင်းနိုင်ကြောင်း ပဲ ၊နှမ်းကုန်သည်များထံမှသိရသည်။ဖေဖော်ဝါရီလဆန်းပိုင်း တွင် တရုတ်နှစ်သစ်ကူး ပိတ်ရက်များ ကြောင့် ပဲ နှမ်းဈေးကွက် အရောင်းအဝယ် အေးနေရာက ပို့ကုန်လမ်းကြောင်းတွင် နယ်စပ်လမ်းနှင့် ပုံမုန်ကုန်သွယ်မှု လမ်းကြောင်းတွေ မှာ အခက်အခဲဖြစ်လာတာကြောင့် ပို့ကုန်ပဲတွေ ဈေးကွက်မှာ ဒေါ်လာဈေး တည်ငြိမ်နေသော်လည်းမတ်ပဲ၊ပဲစင်းငုံပေါက်ဈေးတွေ ဆက်တိုက်ကျဆင်းနေကြောင်း အသစ်ဝင်ပဲမာလိုင်းတွေမှာလည်း သိုလှောင်သိမ်းဆည်းမမှု မရှိတော့ဘဲ ရိတ်သိမ်းပြီး ဈေးကွက် အတွင်း ချက်ချင်းပို့ရောင်းနေတာတွေ များလာတော့ အရည်အသွေးကျဆင်းမှုနဲ့ ဈေးကွက်ပါ ကျဆင်းနေတာဖြစ်ကြောင်း မြေပဲဆံ တစ်မျိုးတည်းသာ အမြင့်ဈေးနှင့် အတက်ရပ်သွား ပြီး ကျန် ပြည်တွင်းသုံးပဲမာလိုင်း အားလုံး ဈေးကွက် ကျဆင်းနေကြောင်း မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက် မှုလုပ်ငန်းရှင်များ အသင်း ဒုတိယဥက္ကဋ္ဌ ဦးကျော်သွင်(ရွှေစင်သိန်းပွဲရုံ)က ပြောသည်။

“ ပို့ကုန်ပဲတွေ တင်ပို့မှုဆိုင်ရာမှာ အခက်အခဲတွေ ဖြစ်နေတော့ ကုန်တင်ပို့မှုမှာ အကျိုးအမြတ်နည်းတယ်။ ဒီတော့ ပို့ကုန်ပဲတွေ ဆက်တိုက်ဈေးကျဆင်းနေတာပါ။ ဒေါ်လာတည်ငြိမ်နေပေးမယ် ပို့ကုန်ပဲဈေးတွေကကျဆင်း အရောင်းအဝယ်အေးနေတာပါ။ပဲစင်းငုံ ကတော့ ကျဆင်းမှုနည်းပါတယ်။ ပဲတီစိမ်းရွှေဝါ ဈေးကွက်ကတော့ တရုတ်လိုင်း အခြေအနေမကောင်းတော့ ရန်ကုန်ဈေးကွက်မှာသာ ပစ္စည်းအဝင်ရှိတယ်။ မြေပဲဆီဆံတွေ အဝယ် ကောင်းနေပါတယ်။ပြည်တွင်းကုလားပဲဈေးတွေကတော့ ကုန်ပြုတ်ကျကုန်တယ်။ပဲအသစ်ဝင်ရောက်မှု အား ကောင်း လာ တယ်။နှမ်းဈေးကပစ္စည်းကောင်းရင် ပုံမှန်ဈေးကောင်းနေတုန်းပါ။ အသစ်ဝင်ပဲ လိုင်းတွေကတော့ အကုန် ဈေးအနည်းငယ်ကျသွားတယ်။ တရုတ်ကုန်သွယ်မှုလမ်းကြောင်း မချော့မွေ့တာရယ်။ အသစ်ဝင်ပဲတွေမှာလည်း ရိတ်သိမ်းမှုသေချာမလုပ်နိုင်ဘဲ ဈေးကွက်ကို တင်ပို့နေကြတော့ ဈေးတွေပြုတ်ကျနေတယ်။ မြေပဲဆံဈေးကွက်ကလွဲရင် အခြားပဲဈေးတွေ အကုန်ဈေးကျဆင်းနေတယ်။ ဆက်လက်ကျဆင်းနိုင်တဲ့ အခြေအနေရှိပါတယ်။ အသစ်ဝင်ပဲသစ်တွေက သိုလှောင်ထိန်းသိမ်းမထားတော့ဘဲ ရိတ်သိမ်းသမျှချက်ချင်း ဈေးကွက်ပို့နေတာ ဈေးကွက်မှာ အရည်အသွေးကျဆင်း ဈေးကွက်ကျသွားတာပါ ”ဟု ၎င်းက ပြောသည်။

ပဲစင်းငုံ၊ မတ်ပဲ

ပြည်တွင်း ဒေါ်လာပေါက်ဈေးတည်ငြိမ်နေသော်လည်း ပို့ကုန် တင်ပို့မှုဆိုင်ရာ အခက်အခဲများ ကြောင့် ပို့ကုန် ပဲစင်းငုံနှင့် မတ်ပဲ ပေါက်ဈေးမှာ အနည်းငယ်ကျဆင်းသွားရာ ဖေဖော်ဝါရီ ၉ ရက်နေ့တွင် မတ်ပဲ သုံးတင်းဝင် တစ်အိတ်လျှင် ကျပ် ၁၁၀၀၀၀ ၊ ပဲစင်းငုံမှာပိဿာ၆၀ ဝင်တစ်အိတ်လျှင်ကျပ် ၁၂၀၀၀၀ သာ ပေါက်ဈေးရှိတော့ ပြီး တစ်အိတ်ကျပ် တစ်သောင်းကျော် ဈေးကျဆင်းသွားကြောင်း ပဲကုန်သည်များထံမှသိရသည်။

မြေပဲ ၊နှမ်းနက်

မြေပဲဆံ ဈေးကွက်မှာ ဖေဖော်ဝါရီ လဆန်းပိုင်းရက်များတွင် ဈေးတက်မှုရပ်သွားသော်လည်း ဝယ်လိုအား အကောင်းဆုံး အဖြစ် အရောင်းအဝယ်ကောင်းနေပြီးနှမ်းနက်မှာလည်း အက်စစ်လွှတ် အရည်အသွေးကောင်းနှမ်းနက်မှာ တစ်အိတ်ကျပ် ၂၁၀၀၀၀ အထက်တွင်ရှိနေသည်။ဖေဖော်ဝါရီ ၉ ရက်နေ့တွင် နှမ်းနက် အလတ်စ သုံးတင်းဝင် တစ်အိတ် သုံးတင်းဝင်တစ်အိတ်ကျပ် ၁၈၀၀၀၀-၁၉၅၀၀၀-၂၁၀၀၀၀၀ ဈေးရှိနေသည်။ နှမ်းဖြူသစ်ရိုးရိုးမှာ တစ်အိတ်လျှင် ကျပ် ၁၆၅၀၀၀ ၊ နှမ်းညိုသစ်မှာ ကျပ် ၁၂၅၀၀၀ အသီးသီး ပေါက်ဈေးရှိသည်။ မြေပဲဆံတွေက စားအုန်းဆီဈေး ဆက်လက်မြင့်တက်လာသော်လည်း မြေပဲဆံ ဈေးမှာ အတက်ရပ်တန့်သွားရာ ဖေဖော်ဝါရီ ၉ ရက်နေ့တွင်မြေပဲလုံးဆံတွေ က တစ်ပိဿာကျပ် ၃၄၀၀၊ အနီလုံးဆံ တစ်ပိသာကျပ် ၃၀၀၀ ၊ပြန့်လုံးဆံ၊ပြန့်ဆီဆံ တစ်ပိသာကျပ် ၃၀၇၅ ပေါက်ဈေးထိ ဖြစ်လာသည်။မြေပဲဆီပေါက်ဈေးမှာ တစ်ပိသာကျပ် ၆၅၀၀ ၊နှမ်းဆီ တစ်ပိသာ ကျပ် ၆၅၀၀ ၊စားအုန်းဆီတစ်ပိသာကျပ် ၅၄၃၀ ပေါက်ဈေးရှိကြောင်း သိရသည်။ အသစ်ဝင်ရောက်လာသည့် စွန်တာပြာ တစ်အိတ် ကျပ် ၁၁၀၀၀၀ ၊ ပဲဇီးကွက် တစ်အိတ်ကျပ် ၁၁၆၀၀၀၊နိုင်လွန်ပဲ-ပုဂံပဲတစ်အိတ် ကျပ် ၁၄၀၀၀၀၊ဘိုကိတ်ပဲတစ်အိတ် ကျပ် ၁၄၅၀၀၀၊ပဲထောပတ် ရှယ်သစ် တစ်အိတ် ကျပ် ၁၄၀၀၀၀၊ ကျွန်းစားတော်ပဲ တစ်အိတ်ကျပ် ၂၂၀၀၀၀၊ ပြည်တွင်းသုံး ကုလားပဲဗွီးတူး ကုလားပဲ တစ်အိတ်၅၇.၂၅ ပိသာ ကျပ် ၁၁၃၀၀၀ ပေါက်ဈေးရှိရာ ယခင်သီတင်းပတ်ထက် ပဲမာလိုင်း ပဲများ အမျိုးအစားအလိုက် ကျပ်၅၀၀၀-၁၀၀၀၀ ကျော် ဈေးကျဆင်းသွားပြီး ဆက်လက်၍ အနည်းငယ်ထပ်ပံကျဆင်းနိုင်သေးကြောင်း ပဲကုန်သည်များက သုံးသပ်ထားသည်။

Leave a Reply

Your email address will not be published.