ပိုချိုမြတဲ့ရွှေရောင် ပျားအုံသစ်

ကောင်းဇော်

ပျားလဘို့ မရှိသည့်ပျားအုံ၌ ပျားတို့မနေသကဲ့သို့ ဖြစ်သည်။ ပျားရည်မရှိသည့်အခါ ပျားတို့သည် ပျားအုံအသစ်ထပ်မံ တည်ဆောက်ကြသည်။ ပျားတို့မရှိလျင်မူ ပန်းတို့ ဝတ်မှုံကူးရန်ခက်တော့မည်။
ပျားရည်တွေ ပြည့် ပြည့်လာပြီး တစက်စက်ကျလုခမန်း ချိုမြိန်တဲ့ ရွှေရောင် ပျားရည်တွေရဲ့ ရနံတွေက သင်းပျံ့ စွဲဆောင်နေတယ်။
“အဝတ်ရောင်းမယ်ဆို လူကြီးဆင်တွေပဲ ယူလာခဲ့။ ရွာမှာ လူငယ်တွေမရှိသလောက်ပဲ။ လူကြီးတွေပဲ ရှိတော့ လူကြီးဝတ် လူကြီးဆင်တွေပဲ ရောင်းလို့ရမယ်”လို့ ရွာက မိတ်ဆွေက ပြောတယ်လို့ ဝင်ငွေလေးများ တဘက်တလမ်းက ရမလားဆိုပြီး အရောင်းအဝယ်လုပ်ချင်သူတဦးက ပြန်ပြောပြပါတယ်။
အရင်ကရွာက မြို့ကြီးပြကြီးထွက်အလုပ်လုပ်ကြတယ်။ လက်ဘက်ရည်ဆိုင်၊ နောက် ဘီယာဆိုင် အထည်ချုပ်၊ ဆောက်လုပ်ရေးတွေဆီ သွားလုပ်ကြတယ်။ အခုက နိုင်ငံခြားထွက်အလုပ်လုပ်သူတွေ အရင်ထက်ပိုများလာတယ်လို့ ပြောကြတယ်။
လူငယ်လူရွယ်တွေ နိုင်ငံခြားထွက်နေတဲ့အပေါ် လူမှုရေးစာမျက်နှာတွင် တက်ကြွဝေဖန်သည့် လုပ်ငန်းရှင်တဦးက “ဗိုက်ပြည့်ရင်တော့ အပြင်ထွက်မလုပ်ကြပါဘူး”လို့ဖြေပါတယ်။ ဗိုက်ပြည့်တာ သက်သက်နဲ့ နိုင်ငံခြားထွက်လုပ်တာလားလို့ နိုင်ငံခြားထွက်ဖို့ ပြင်နေတဲ့ လူငယ်တွေ၊ သားသမီးတွေအတွက်ပူနေရတဲ့ လူကြီးတွေကို‌ နီးစပ်ရာမေးကြည့်တော့ အဖြေအတော်များများက တမျိုးထဲ ဖြစ်နေတယ်။ သူကို ထပ်မေးတော့လည်း အများအဖြေနဲ့ မထူးပါဘူး။ သူတို့အဖြေကို ရင်နာနာနဲ့ ကြားရတယ်။ အမှန်တရားက တခါတခါရင်ထဲမှာပဲ မှတ်တမ်းတင်နိုင်တယ်။ ပျားအုံ‌သစ်ဆီ ရွေ့သူတွေလဲ ရင်ထဲ မချိကြဘူး ။ အရာရာ မတည်ငြိမ်ရင် လှုပ်နေမှာပဲလို့ မြင်ကြတယ်။လှုပ်နေတဲ့ စကောက အချိန်မရွေး မှောက်ကျနိုင်တယ်။
လူငယ်တွေ တပြည်တရွာသွား လုပ်ကိုင်ရှာဖွေမစားရအောင် သက်မွေးပညာတခု ပိုင်ပိုင်နိုင်နိုင်တတ်ကျွမ်းအောင် သင်တာကလည်း နိုင်ငံခြားမှာထွက်အလုပ်လုပ်ဖို့ အထောက်အကူဖြစ်သွားတယ်လို့ လုပ်ငန်းရှင်တဦးက ပြောပါတယ်။၊ ဂျပန်၊ ကိုရီးယား၊ အင်္ဂလိပ်စာ စတဲ့ ဘာသာစကားသင်တန်းတွေမှာ လူငယ်တွေ သင်ယူနေကြတယ်။ လူငယ်တွေက ပျားအုံဟောင်းကို စွန့်ခွာပြီး ပျားအုံသစ်ဆီရွေ့နေသလိုမျိုးအနားမှာ လမ်းတွေပေါ်မှာရွေ့နေ ပျံနေတယ်။ ပျားပန်းခပ်တော့မယ် ပျားတွေလို ပန်းဝတ်ရည်အနံ့ရရာကို ပျံသန်းနေကြတယ်။
စွန့်ခွာသွားတဲ့ ပျားအုံဟောင်းကို ပျားတွေပြန်လာတတ်တဲ့သဘာဝရှိလား မသိပေမယ့် မွေးရပ်မြေက ပျားအုံဟောင်းမဟုတ်ပဲ အမေ့အိမ်ဖြစ်နေတော့ လူပျားတွေက ဝတ်ရည်ချိုမြတွေ မရှိလည်းပြန်လာချင်ကြပါတယ်။ မီးခိုးမှိုင်းအတိုက်မခံ‌ရတဲ့ ပျားအုံဖြစ်အောင် တည်ဆောက်ထားတဲ့ပျားအုံက ဆွဲဆောင်မှုရှိနေဆဲဖြစ်မှာပါ။
တကယ်က ပျားနေပျော်ပြီး ပျားရည်ချိုမြတွေနဲ့ ထုံသင်းနေတဲ့ ပျားအုံဖြစ်နေအောင်လုပ်ရမယ်။ပြန်လည်တည်ဆောက်ရေးအတွက် အခြေခံကောင်းတွေ လုပ်ထားပေးရမယ်လို့ ပညာရှင်‌တချို့က ပြောတတ်ကျပါတယ်။
နည်းပညာနဲအသက်မွေးသူတဦးက လူတွေ အပြင်ထွက် အလုပ်မလုပ်အောင် လုံလောက်တဲ့ လုပ်ခလစာ ပေးနိုင်ရမယ်။ ဝင်ငွေက စားဝတ်နေရေး အသက်ရှင်သန်ရေး၊ လူတန်းစေ့ရေးတွေ မလုံလောက်ရင် အပြင်ထွက်ကြမှာ သဘာဝပဲလို့ ပြောပါတယ်။ လုပ်ငန်းရှင်တွေဘက်က ဘဝအာမခံချက်ရှိတဲ့၊ လုံလောက်တဲ့လစာ ပေးနိုင်လားလို့ ထပ်ဆင့်မေးခွန်းကိုတော့ ပေးနိုင်တဲ့ခြေအနေမရှိပါဘူးလို့ ပြန်ဖြေပါတယ်။ အခြေခံကုန်ထုပ်လုပ်ရေး က externalမှာ ဖြစ်နေတယ်လို့ ဆက်ပြောရင်း အရင်းအနှီး၊ သယံဇာတ၊ ထုတ်ကုန်၊ ငွေကြေးတည်ငြိမ်ဖို့ စတဲ့ စတဲ့ အားလုံးသိ‌ပြီးသား အကြောင်းအရာတွေက ဖြေရှင်းဖို့ မလွယ်ပါဘူးတဲ့။
အခြာနည်းပညာလုပ်ငန်းရှင်တယောက်ကတော့ ပိုကောင်းလာမယ့်အနာဂတ်မှာ အဆက်သင့်ဖြစ်နေအောင် ” HR (Human Resource – လူ့ရင်းမြစ်စီမံခန့်ခွဲမှု)သင်ထားသင့်တယ်”လို့ မှတ်ချက်ပေးပါတယ်။
ပျားအုံသစ်အတွက် ဝတ်ရည်ရွှမ်းတဲ့ ပန်းခင်းတွေ စိုက်ထားရမယ်ဆိုတဲ့ သဘောကို အခြေခံအနေနဲ့ အားလုံးနားလည်ကြပါတယ်
ပျားငယ်တွေက ပန်းနဲ့ဝတ်မှုံအသစ်တွေ ပိုစိတ်ဝင်စားတာ သဘာဝပဲ။ ပျားတွေက ကျားတွေ ဖြစ်သွားရင် ပျားသလက်က သူတို့အတွက် သေးငယ်နေတယ်။ ကျားအတွက်တော့ နေပျော်တဲ့ တောအုပ်လိုမယ်။ ပျားမှာလည်း ခုခံနိုင်တဲ့ အဆိပ်အပြည့်နဲ့ပေမယ့် ကျားရဲ့အဆိပ်တတောလုံးထိ သက်ရောက်တယ် ။ ကျားရဲဖြစ်သွားတဲ့ ကြမ္မာကိုပဲ ယိုးရုံက အဖြေမဟုတ်ဘူးလို ဆိုပါတယ်။
ဦးဘိုကြီးသင်္ကြန်စာလို့ခေါ်တဲ့ သူရိယသိဒ္ဓန္တမဟာသင်္ကြန်စာရဲ့ ၁၃၈၆ခုနှစ်အတွက် အဟောထဲမှာ ‘အချို့လူအပေါင်းတို့ ရေကြည်ရာ မြက်နုရာကို ရှာဖွေထွက်ခွာကြကုန်အံ့’ လို့ ရေးထားပါတယ်။ ထပ်ပြီးတော့လည်း လူငယ်လူရွယ်၊ လူလတ်တန်းစားများ အလုပ်အကိုင်ရှာဖွေ ရရှိရေးအတွက် ရွှေ့ပြောင်းသွားလာ လုပ်ကိုင်သူတွေ ပိုများလာနိုင်တယ်လို့ ထပ်ပါပါတယ်။ အနာဂါတ်ကို ဟောကိန်းထုတ်တာက ခန့်မှန်းယူဆချက် တမျိုးလောက်ပါပဲ။
တကယ်မှာ ပျားတွေအတွက် ပိုချိုမြတဲ့ ပျားအုံသစ်ကတော့ လိုပါတယ်။ ပျားအုံအဟောင်းမှာပဲ ပျော်စရာ ပျားဝတ်ရည်တွေနဲ့ ထုံမွမ်းမလား။ ပိုချိုမြတဲ့ပျားအုံသစ် ဖြစ်အောင်လုပ်မလား။
ပျားတွေ ပျံဝဲနေတယ်။ မိခင်ပန်းခင်းနဲ့ အိပ်မက်ပန်းခင်းတွေကြား လူးလာခတ် ပျံသန်းနေကြတယ်။

Leave a Reply

Your email address will not be published.