ရွှေမန်း

မြန်မာနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံများ၏ နယ်စပ်ကုန်သွယ်မှုများ၌၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၊ဧပြီ ၁ ရက်မှ ဒီဇင်ဘာ ၉ ရက်ထိ တရုတ်နှင့် ထိုင်းနယ်စပ်ကုန်သွယ်ရေးစခန်းများမှ ကုန်သွယ်မှုပမာဏနှိုင်းယှဉ်ပါက ထိုင်းဘက်တွင် ၂ ဆခန့် ပိုမိုခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အချက်အလက်များအရ သိရ သည်။

ယင်းကာလအတွင်း ကုန်သွယ်မှုပမာဏမှာ တရုတ်နယ်စပ်တွင် အမေရိကန်ဒေါ်လာ ၁၈၂၄ ဒသမ ၂၁၇ သန်း နှင့် ထိုင်းနယ်စပ်တွင် ၃၆၀၂ ဒသမ ၅၆၄သန်း ဖြစ်ရာ ထိုင်းနယ်စပ်မှ ကုန်သွယ်မှုပမာဏ အမေရိကန် ဒေါ်လာ ၁၇၇၈ သန်းကျော် ပိုမိုခဲ့ကြောင်းသိရသည်။

“အိမ်နီးချင်းနိုင်ငံတွေနဲ့ နယ်စပ်ကုန်သွယ်ရေးမှာ တရုတ်နဲ့ ထိုင်းနယ်စပ်က ကုန်သွယ်မှုပမာဏ အများဆုံးဖြစ်ပြီး အိန္ဒိယက အနည်းဆုံးပါ။ခုဘဏ္ဍာနှစ်မှာတော့ တရုတ်ဘက်က ကိုဗစ်စည်းကမ်းတင်းကျပ်မှုတွေကြောင့် မြန်မာ နဲ့ ကုန်သွယ်မှုပမာဏက ပုံမှန်ထက်နည်းသွားတယ်”ဟု နယ်စပ်ကုန်သွယ်ရေးလုပ်ကိုင်သူ တစ်ဦးကပြော သည်။

တရုတ်ဘက်သို့ မြန်မာပို့ကုန်များမှာ ဆန်/ဆန်ကွဲ၊သစ်သီးဝလံ၊ ကဏန်းနင့် ရေထွက်ပစ္စည်းများနှင့် အခြား ပြည်တွင်းထုတ်ကုန်များနှင့် သွင်းကုန်မှာ ဆောက်လုပ်ရေးပစ္စည်း၊အီလက်ထရောနစ်ပစ္စည်းများ၊စက်ပစ္စည်းများ၊ အဝတ်အထည်နှင့် အခြားပစ္စည်းများဖြစ်ကြောင်း၊ထိုင်းဘက်မှ သွင်းကုန်များမှာဆောက်လုပ်ရေးပစ္စည်း၊လူသုံး ကုန်၊အလှကုန်ပစ္စည်းနင့် စားသောက်ကုန်ပစ္စည်းများဖြစ်၍ ပို့ကုန်မှာ ပြောင်းအများဆုံးဖြစ်ကာ ကြက်သွန်နီ၊ ရော်ဘာနှင့် ရေထွက်ကုန်များ၊စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များဖြစ်သိရသည်။

မြန်မာနိုင်ငံနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှာ တရုတ်ဘက်တွင် မူဆယ်၊လွယ်ဂျယ်၊ချင်းရွှေဟော်၊ကံပိုက်တီး ကျိုင်းတုံတို့တွင် ရှိပြီး တရုတ်ဘက်မှ ကိုဗစ်စည်းကမ်းတင်းကျပ်မှုများကို ဒီဇင်ဘာ ၁၀ ရက်နောက်ပိုင်းတွင် ဖြေလျှော့လိုက်သဖြင့် ကုန်သွယ်မှုပိုမိုဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းရှင်များက သုံးသပ်ကြသည်။

Leave a Reply

Your email address will not be published.