ဒေါ်လာစျေးကျဆင်းမှုနှင့်အတူ ပြည်တွင်း ပို့ကုန်ပဲပေါက်စျေးများ ကျဆင်းသွားပြီး ဆောင်းသီးနှံစိုက်ပျိုးရန် ပဲမျိုးစျေးကွက်သာ အရောင်းအဝယ်ရှိနေ

ရွှေမန်း

အောက်တိုဘာလဆန်းပိုင်းမှစတင်ကာ ကျဆင်းသွားသည့်ဒေါ်လာစျေးကြောင့် ပို့ကုန်ပဲစျေးများ ကျဆင်းသွားပြီး ဆောင်းသီနှံစိုက်ပျိုးရန် ပဲမျိုးစုံ မျိုးစျေးကွက်သာ အရောင်းအဝယ်ရှိနေကြောင်း ပဲ၊ နှမ်းကုန်သည်များထံမှ သိရသည်။ပြည်တွင်းဒေါ်လာစျေးများ မြင့်တက်မှုနှင့်အတူ အမြင့်စျေးသို့ ရောက်ရှိခဲ့သည့် ပဲ ၊ နှမ်းစျေးကွက်မှာ အောက်တိုဘာလဆန်းမှစတင်ကာ ဒေါ်လာစျေးပြန်လည်ကျဆင်းလာမှုကြောင့် စျေးကွက်ကျဆင်းလာရာ အောက်တိုဘာလ ဒုတိယသီတင်းပတ်တွင် ပိုမို သိသိသာသာ ကျဆင်းလာကာ ပို့ကုန်ပဲများမှာ ပြည်တွင်းလက်ကျန်နည်းသွားသကဲ့သို့ လက်ရှိအချိန်တွင် ဆောင်းသီးနှံအဖြစ် စိုက်ပျိုးမည့် ပဲတီစိမ်း ၊မတ်ပဲ ၊ကုလားပဲအုပ်စုများ၊ ပဲမာလိုင်းများမှာ မျိုးစေ့အတွက် အရောင်းအဝယ်သာ ရှိတော့ကြောင်း ဦးကျော်သွင်( ရွှေစင်သိန်းပွဲရုံ)က ပြောကြားသည်။

“ ပဲ၊ပြောင်း၊နှမ်းစျေးကွက်က အကုန်အေးပြီး စျေးတွေ ပြုတ်ကျကုန်တယ်။ မတ်ပဲ စျေးတစ်အိတ်ကို ကျပ် ၄,၀၀၀ လောက် ကျဆင်းသွားတယ်။ လက်ရှိမှာ ၁၅၀,၀၀၀ လောက်ပဲ ပေါက်စျေးရှိတော့တယ်။ ပဲစင်းငုံလည်း အမြင့်စျေးကနေ တစ်အိတ်ကျပ် ၁၂၀,၀၀၀ ဝန်းကျင်လောက်ပဲ ပေါက်စျေးရှိတော့တယ်။ အသစ်ဝင်နှမ်းတွေမှ ထိပ်စအက်စစ်လွတ်ရင်တော့ လှောင်သမားတွေ ဝယ်နေလို့ ကျပ် ၂၁၅,၀၀၀ ပေါက်စျေး ရှိပါတယ်။ ပဲ၊နှမ်းမျိုးစုံ ဝယ်လက်က များများစားစား မရှိတော့ဘူး။ စျေးကွက်တစ်ခုလုံးကိုသုံးသပ်ရရင် ဒေါ်လာဈေးကျသွားသလို ပို့ကုန်လမ်းကြောင်းတွေကလည်း မရှိသေးတော့ စျေးကျနေပါတယ်။ လက်ရှိအချိန်ကတော့ တောင်သူတွေ ဆောင်းသီးနှံစိုက်ပျိုးချိန် နီးလာတော့ ပဲမျိုးစုံ မျိုးစျေးကွက်အရောင်းအဝယ်လောက်သာ ရှိတော့တယ်။ ” ဟု ၎င်းက ပြောသည်။

မြေပဲ

ပြည်တွင်းဆီစက်များ လည်ပတ်မှု အားကောင်းနေခြင်းကြောင့် စျေးနှုန်းသိသိသာကျဆင်းမသွားသော်လည်း ယခင်သီတင်းပတ်ထက် တစ်ပိဿာကျပ် ၅၀ ခန့် စျေးကျဆင်းသွားသည်။ မိုးမြေပဲအသစ်များ ဒေသအစုံပေါ်ချိန် ဖြစ်သောကြောင့် ဆီစက်များနှင့် ပို့ကုန်သမားအချို့ အဝယ်ရှိနေသဖြင့် စျေးကွက် ပေါက်စျေး မမြင့်လာနိုင်သော်လည်း ပုံမှန်အဝယ် ရှိနေသည်။အောက်တိုဘာလ ၁၄ ရက်တွင် မြေပဲလုံးဆံ တစ်ပိဿာ ကျပ်၂,၉၀၀-၃,၁၅၀၊ အနီလုံးဆံ တစ်ပိဿာကျပ် ၂,၆၅၀-၂,၈၀၀ ပေါက်စျေး၊ပြည်တွင်း မြေပဲဆီ တစ်ပိဿာ ကျပ် ၆,၅၀၀ ၊ နေကြာဆီ တစ်ပိဿာ ကျပ် ၆,၅၀၀ အသီးသီးပေါက်စျေးဖြင့် စျေးငြိမ်နေပြီး စားအုန်ဆီ တစ်ပိဿာ ကျပ် ၄,၇၆၀ သို့ ကျဆင်းလာကြောင်း သိရသည်။

နှမ်းနက်

ပြည်တွင်းဆီစက်များ နှင့် ပို့ကုန်သမားများ နှမ်း အဝယ်ကောင်းလာသကဲ့သို့ အသစ်ဝင်နှမ်းနက်များမှာ မိုးလွတ် အက်စစ်လွတ် အရည်အသွေးကောင်း ထိပ်စများ စျေးကောင်းလာသော်လည်း ပမာဏနည်းပါးသဖြင့် စျေးပိုရလာသည်။ နှမ်းနက် ထိပ်စ ၄၅ပိဿာသုံးတင်းဝင် တစ်အိတ်လျှင် ကျပ် ၂၁၅,၀၀၀ ပေါက်စျေးရှိလာသည်။ နှမ်းနက် စမုံမှာ အရည်အသွေးအလိုက် တစ်အိတ် ကျပ် ၁၃၅,၀၀၀မှ ၂၁၅,၀၀၀ စျေးဖြင့် အမျိုးအစားအလိုက် တစ်အိတ်ကျပ် ၅၀၀၀ စျေးတက်လာသည်။ နှမ်းဖြူသစ်များမှာ တစ်အိတ်လျှင် ကျပ် ၁၅၀,၀၀၀ ၊ နှမ်းညို(သစ်) ကျပ် ၁၂၃,၀၀၀ ဖြင့် အသီးသီး စျေးကျဆင်းသွားသည်။

ပဲတီစိမ်း ၊ မတ်ပဲ

ပြည်တွင်းလက်ကျန်နည်းသွားသလို အရောင်းအဝယ်စျေးကွက်မှာ မရှိသလောက်နည်းပါးနေသည်။ ၊လာမည့်ဆောင်းစိုက်ပျိုးမှုအတွက် မျိုးစေ့အဖြစ်သုံးစွဲရန် စျေးကွက်သာ အရောင်းအဝယ် ရှိနေသည်။ ရန်ကုန်အဝယ်စျေးကွက် အေးသွားခြင်းကြောင့် ပဲတီစိမ်း(အညာ) မှာ သုံးတင်းဝင် တစ်အိတ်လျှင် ကျပ် ၁၂၅,၀၀၀ သာ စျေးရှိတော့ပြီး သုံးတင်းဝင်တစ်အိတ်လျှင် ကျပ် ၅၀၀၀ စျေး ဆက်လက်ကျဆင်းသွားသည်။ မတ်ပဲမှာလည်း ဒေါ်လာစျေးကျဆင်းမှုနှင့်အတူ သုံးတင်းဝင်တအိတ်လျှင် ကျပ် ၁၅၅၀၀၀ ထိ သိသိသာသာ ဈေးကျဆင်းသွားသည်။

50501 Comment4 SharesLikeCommentShare

Leave a Reply

Your email address will not be published.