ထိုင်းနိုင်ငံသို့တင်ပို့နိုင်သည့် လက်ကျန်ရက်များတွင် အမြန်ဆုံးတင်ပို့နိုင်ပါက ပြည်တွင်းပြောင်းလက်ကျန်ပြောင်းများ အတွက်အဆင်ပြေနိုင်မည်

ရွှေမန်း

ထိုင်းနိုင်ငံသို့တင်ပို့နိုင်သည့် လက်ကျန်ရက်များတွင် အမြန်ဆုံးတင်ပို့နိုင်ပါက ပြည်တွင်း ပြောင်းလက်ကျန်ပြောင်းများ အတွက်အဆင်ပြေနိုင်မည်ဖြစ်ကြောင်း ပြောင်းလုပ်ငန်းရှင်များ ထံ က သိရသည်။

ပြည်တွင်းပြောင်းလက်ကျန်မှာ သြဂုတ်လဆန်းပိုင်းထိ ပြောင်းတန်ချိန် ၂၂၀၀၀၀ ကျော် အိတ်ရေ သိန်း ၄၀-၅၀ ခန့် ကျန်ရှိနေသေးကြောင်း ပြည်တွင်းဒေါ်လာဈေး ၂၀၁၀ ကျပ် သို့ အပြောင်းအလဲ သက်မှတ်ချက် ကြောင့် ပြောင်းဈေးပြန်လည်မြင့်တက်လာသော်လည်း ယခင်ပြောင်းဈေး တစ်ပိဿာကျပ် ၁၀၀၀ကျော်သို့ မရောက်ရှိသေးကြောင်း ပို့ကုန်လိုင်စင်များ အမြန်ဆုံး ရရှိတင်ပို့နိုင်မှသာ လက်ကျန်ပြောင်းဈေးကွက်ပြန်လည်မြင့်တက်လာမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ပြောင်းအသင်း ဒုတိယဥက္ကဌ ဦးသန့်ဇင်ထွန်း ကပြောသည်။

“သြဂုတ်လဆန်းပိုင်းထိ ပြောင်းတန်ချိန် နှစ်သိန်း နှစ်သောင်းကျော် ပြောင်းတစ်တင်းခွဲအိတ် သိန်း ၄၀-၅၀ကြားလောက်ကျန်ရှိနေပါတယ်။ ဒေါ်လာဈေးအပြောင်းအလဲရှိလာတော့ ပြောင်းဈေးမြင့် တက်လာပါတယ်။ ပြည်တွင်းအစာစက်တွေကလည်း ထိုက်သင့်တဲ့ဈေးနဲ့ ပြောင်းဈေးမြှင့် ဝယ်ယူလာရင်တော့ လက်ကျန်ပြောင်းတွေ အတွက် အဆင်ပြေလာပါမယ်။ လက်ရှိမှာတော့ မြဝတီနယ်စပ်အရောင်းနဲ့ FOB သင်္ဘောတင်ပြောင်းတွေ အတွက် လိုင်စင်တွေကျနေပါပြီ။ အချို့ လိုင်စင်လျှောက်ရာမှာ လုပ်ငန်းကျွမ်းကျင်မှု မရှိသေးတော့ကြန့်ကြာတဲ့ အခက်အခဲတွေရှိနေတာပါ။ လိုင်စင်ကိစ္စမြန်ဆန်သွားရင် နယ်စပ်အရောင်းက ပြန်ကောင်းလာမှာပါ” ဟု ၎င်းကပြောသည်။

ထိုင်းနိုင်ငံသို့ မြန်မာပြောင်းတင်ပို့ မှုမှာ စက်တင်ဘာ ၁ရက်မှ ဖေဖော်ဝါရီ ၁ရက် ထိ ၅ လတာပိတ်ထားခြင်းဖြစ်ရာ ယခုနှစ်ပြောင်းတင်ပို့မှု ကိုသြဂုတ်လကုန်ထိသာ တင်ပို့ခွင့်ကျန် တော့သဖြင့် ပို့ကုန်သမားများအနေဖြင့် အမြန်ဆုံးတင်ပို့နိုင်မှသာ လက်ကျန်ပြောင်း များအတွက် အဆင်ပြေမည်ဖြစ်ကြောင်း ၊လက်ရှိတွင် ဒေါ်လာဈေးသက်မှတ်ချက် အပြောင်းအလဲ ကြောင့် ပြောင်းဈေး ပြန်လည်မြင့်တက်လာသော်လည်း ယခင် ပြောင်းဈေး တစ်ပိဿာကျပ် ၁၀၀၀ကျော်ကို မရောက်ရှိသေးကြောင်း ပြောင်းလုပ်ငန်းရှင်များထံ က သိရသည်။

“ယခင်လို ပြောင်းဈေး တစ်ပိဿာကျပ် ၁၀၀၀ အထက်မရောက်ရှိသေးသော်လည်း ဒီရက်ပိုင်း ပြောင်းဈေးမြင့်တက်လာပါပြီ။ စိုက်ပျိုးထုတ်လုပ်သူတောင်သူတွေလည်း ပြောင်းဈေးကောင်းကို မျှော်လင့်ပြီစိုက်ပျိုးစရိတ်မြင့်မားစွာ ကုန်ကျထားတော့ ပြောင်းဈေးကောင်းတစ်ခုတော့ ပြန်ဖြစ်လာမှာပါ။နောက်စိုက်ပြောင်းသစ်ပေါ်လာချိန်ဖြစ်လာသလို ထိုင်းနိုင်ငံကို ရောင်းချခွင့်ရရှိသည့် ရက် က ကုန်တော့မှာပါ။ တစ်ရက်မြန်ရင်တစ်ရက် သိသိသာသာ လက်ကျန်ပြောင်းတွေ တင်ပို့နိုင်ဖို့လို ပါ တယ်” ဟု ဦးသန့်ဇင်ထွန်းက ဆက်လက်ရှင်းပြသည်။

ပြည်တွင်းပြောင်းစိုက်ပျိုးသူများအနဖြင့် ယခုနှစ်ပြောင်းစိုက်ပျိုးရာသီတွင် ရာသီဥတုကြောင့် ပြောင်းစိုက်ခင်းများ ပျက်စီးမှုများရှိနေခြင်း၊ စိုက်ပျိုးစရိတ်ကြီးမြင့်တက်တာကြောင့် စိုက်ပျိုးဧက လျော့ကျခြင်း များရှိနေရာ လာမည့် ပြောင်းရာသီတွင် ပြောင်းဈေးကောင်းရရှိ ရန်မျှော် လင့်နေကြကြောင်း သိရသည်။

Leave a Reply

Your email address will not be published.