တိမ်ညိုတွေထဲ အနာဂတ်အဆင်

ကောင်းဇော်

အညာဒေသအတွက် အနောက်တောင်က လာတဲ့မိုးရိပ်လေရိပ်ကြည့်ကာ စိုက်ရေးပျိုးရေးပြင်ရတာဖြစ်ပါတယ်။ ခါတခါ အရှေ့ဘက်ဆီက မုန်တိုင်းအဖျားကနေရလာမယ့် မိုးရိပ်လေရိပ်ကနေလည်း မိုးကို အားပြုနိုင်ပါတယ်။
မကွေးအရှေ့ဘက် ရွာတရွာက တောင်သူကြီးတဦးက
အခြောက်ကျဲ ကျဲထားမိုးမရွာသေးပေမယ့် သူ့ယာ ၇ ဧကလောက်ကို ဂျောင်းကြားလိုက်ပြီး နှမ်းပက်ကျဲ လိုက်ထားတယ်။ ၁၅ကြောင်းကြားမှာ ပဲစဉ်းငုံကို အတန်းလိုက်ချထားပြီး အဲ့တာတွေအပေါ်မှာ တုန်းကြမ်းလိုက်ထားတယ်လို့ ဆိုရင်း “မိုးရွာရင်တော့ အပင် ပေါက်လာမယ်။ မနှစ်က ပဲ၊ နှမ်းရထားတော့ မျိုးပေါလို့ စွန့်ရဲတာ”လို့ ပြောပါတယ်။ သူက မိုးရွာရင် အပြိုင်အဆိုင် ထွန်ကြမှာဆိုတော့ ထွန်စက်က ရဖို့မလွယ်ဘူး။ အများစုကတော့ အပင်ရှင်နိုင်တဲ့ မိုးရွာချိန်ကျမှ စိုက်ကြသူများတယ်လို့ သိရတယ်။
သူက “ရာသီဥတုကြည့်ပြီးပြီ။ မုန်တိုင်းက ခုလကုန် ဝင်လာဖို့များတယ်။ မုတ်သုန်ကလည်း ခုလနောက်ဆုံးပတ် ဝင်မယ်တဲ့။ မိုးလေဝသအကုန်သိထားရတာပေါ့။ တောသားတွေ မျက်စိမိတ်နေလို့မရတော့ဘူး။
မုတ်သုန် မိုးဦးနည်းနည်းတန့်မယ်။ သင်္ကြန်စာ မဖတ်တော့ဘူး။ ဖေ့ဘုတ်ထဲက မိုးလေဝသပညာရှင်တွေရဲ့ ရက်ဝေးခန့်မှန်းချက်၊ ရက်နီးခန့်မှန်းချက်တွေ ဖတ်ပြီး စိုက်ပျိုးတယ်။ အညာက မိုးဦးတန့်တာ(မိုးနည်းတာ)ကို မကြောက်ဘူး။ မိုးလယ်၊ မိုးနှောင်းကောင်းရင် ရပြီ။ အပင်ကြီးတဲ့အချိန်၊ ပန်းပွင့်တဲ့အချိန် ရေလိုသလောက်လေး ပုံမှန်ရွာရင်ရပြီ”ဟု ဆက်ရှင်းပြတယ်။
အညာမှာ ရှေးထုံးစဉ်လာအရ တောင်သူတွေက သင်္ကြန်အပြီး မြန်မာနှစ်ဆန်းတရက်ကနေ နောက် ရက်ပေါင်း ၂၀နဲ့ တလအတွင်း ရွာတဲ့မိုးမှ ပဲ နှမ်း ကျဲရဲကြတယ်။ စတင် စိုက်ပျိုးရဲကြတယ်လို့ ပြောကြပါတယ်။
ယခုအခါမှာတော့တောင်သူတွေက ဖေ့ဘုတ်က မိုးလေဝသသတင်းကြည့်ကြတယ်။ သူတို့ခန့်မှန်းပေးတာက ဇွန်လဆန်းမှ အညာ မုတ်သုန်စဝင်မယ်။ ပုံမှန်ထက် နောက်ကြမယ်။ အဲ့တာကို ချိန်စိုက်ကြတယ်။ တမိုးကောင်းလောက် သည်းသည်းမည်းမည်း ရွာရုံနဲ့ မကျဲရဲဘူး။ မစိုက်ရဲဘူးဟု ဒေသခံတွေက ပြောကြပါတယ်။
ရေနံချောင်းမြိုနယ်မှာနေကာ ပတ်ဝန်းကျင်ထိန်သိမ်းရေးလုပ်ငန်းလုပ်ဆောင်ရင်း ကိုယ်တိုင်လည်းနှစ်တို နှစ်ရှည် သီးနှံစိုက်သူက -အများစုက မစိုက်သေးဘူး။ မိုး ရွာမှ မရွာသေးတာ။ ဟိုတလောက ချောက်ဘက် သည်းတဲ့ မိုးက အပူပြင်းလွန်းတာကနေ ဖြစ်လာတဲ့ မုန်တိုင်းကြိုမိုးဆိုတော့ မကျဲရဲဘူး”လို့ ပြောပါတယ်။
ယခုနှစ်တွင် အယ်နီညိုနောက်ဆက်တွဲကြောင့် အညာဒေသတွင် အပူရှိန် အလွန်မြင့်မားခဲ့ပြီး ချောက်မြို့ဟာ ကမ္ဘာပေါတွင် အပူရှိန်အမြင့်ဆုံးအဖြစ် ရက်အတန်ကြာရှိခဲ့တယ်။ မကွေး၊ မင်းဘူး၊ ရေနံချောင်းနယ်တဝိုက်မှာ အပူရှိန် ပြင်းခဲ့ကြတယ်။
မကွေးအနီးနားရွာကလူက ခုတော့အရင်လောက်မပူတော့ဘူးဟုပြောပါတယ်။
သူကလက်လုပ်လက်စားတွေ ဘယ်အဆင်ပြေမတုန်း။ လူတွေက စီးပွားရေးကြပ်နေပြီ။ ဆန်ဈေးကလည်းကြီးတယ်။ အစစ ဈေးကြီးတယ်။ လုပ်စားကိုင်စားခက်တော့ သူခိုးသူဝှက်ပူတယ်။ပစ္စည်းတွေ ပျောက်တယ်။ ဖုန်းခိုးတာတွေ ဆိုင်ကယ်ပျောက်တာတွေ ဖြစ်တယ်။ ဆိုင်ကယ်က အော်လည်း မအော်ဘူးလေ။ နွားက အော်နိုင်တော့ ခိုးရခက်တော့ နွားတော့ မပျောက်ဘူး။ ခိုင်းနွားလည်း ရှားလာပြီလို ပြောပါတယ်။
မကွေးနယ် ရွာတချို့တွင် အလုပ်သမားခက မနက်ချင်းပြန် ၅ထောင်ပေးရတယ်။ မနက်စောစာ ထမင်းကျွေးရတယ်။ မနက်ချင်းပြန်ဆိုတာက ည ၂နာရီ၊ ၃နာရီ ယာထဲအရောက်။ ကြောင်းဆွဲ၊ နှမ်းကျဲ၊ ခဏနား၊ ထမင်းစား၊ ပြိးရင် တုန်းကြမ်း၊ မနက် ၉နာရီလောက်တော့ အိမ်ပြန်ရောက်တယ်လို့ သိရပါတယ်။
နေအတော်ပူတုန်းက နေပူထဲ အလုပ်လုပ်ရတဲ့သူတွေ သေတာဘာညာ ရှိပြီး မြို့တက် ပန်းရံလုပ်တဲ့ ကောင်းမလေးတယောက် သေသွားတာရှိတယ်ဟု ဆိုကြတယ်။။ အရိပ်ထဲ နေတဲ့သူတွေထဲတော့ အသက်ကြီးတဲ့ သူတွေပဲ အပူလှိုင်းဖြတ်တဲ့ဒါဏ် ခံရတာများတယ်။ ရွာထဲ ၆ယောက်လောက်သေတာ အသက်ကြီးသူ‌တချို့ရယ်၊ အရက်သမားတစ်ယောက်ရယ်၊ ခုနပြောတဲ့ ပန်းရံကောင်မလေးရယ်ပေါ့ဟု ပြောပြကြပါတယ်။
မကွေးနယ်နေ တောင်သူကြီးက “အလုပ်သမားအခြေအနေမကောင်းဘူး။ တချို့ရွာကို မနေနိုင်တော့ဘူး။ နယ်ထွက်တဲ့ နိုင်ငံခြား ထွက်တဲ့သူတွေများတယ်။ ရန်ကုန်၊ မန္တလေးသွားလုပ်တာတောင်နည်းပါတယ်။ မိန်းခလေးတွေက ဂျပန်ကို တရားဝင် ထွက်ကြတယ်။ ရေနံချောင်းက တရုတ် အသွားများတယ်။ အရင်က ရေနံချောင်းက အလုပ်သမားခေါ်ရတာများတယ်။ အလုပ်သမားရှားလာတော့ အလုပ်သမားပြဿနာ ရှိလာနိုင်တယ်လို့ ပြောပါတယ်။
တောင်သူလယ်သမား၊ ယာသမားအချို့ရဲ့အလုပ်သမားပြဿနာဖြေရှင်းနည်းတခုက အလုပ်သမားစပြီး များများလိုချိန်က ပေါင်းထိုးတဲ့အချိန်က စတယ်။ လွယ်လွယ်နည်းက ပေါင်းသတ်ဆေးတွေ သုံးလာကြတယ်။ အလုပ်သမား သိပ်မလိုဘူးလေ။ ပေါင်းသတ်ဆေး သုံးရင် မြေကြီးက နောက်နှစ် မကောင်းတော့ဘူး။ ဒီနှစ်ကို ဟိုတကွက်၊ ဒီတကွက် ပျက်ကုန်တယ်။ ဇီးရိုးပေါင်းသတ်ဆေး သုံးရင်
စိမ်းသိမ်းမှန်သမျှ အကုန်သတ်ပစ်တာ။ ဆေးအပြင်းတွေ မသုံးသင့်ဘူး။ ဘေးထွက်ဆိုးကျိုး အရမ်းများတယ်။ ရွေးချယ်ပေါင်းသတ်ဆေးက သုံးတယ်ဟု ပြောပြကြပါတယ်။
ရေနံချောင်းနယ်တွင် လယ်ယာလုပ်သားခက တနေကုန်လုပ်အားခ ယောက်ျားလေး ၈ထောင်ရပြီး၊ မိန်းခလေး ၆ထောင်ရတယ်။ မနက် ၆နာရီ၊ ၇နာရီ ယာခင်းထဲ ရောက်ပြီး စလုပ်ရတယ်။ နေ့လယ် ၁၂နာရီ ထမင်းစားနား။ ၂နာရီ၊ ၃နာရီ တခေါက်ပြန်အလုပ်စ ညနေလ၅နာရီလောက် သိမ်းကြတယ်။ အလုပ်ရှင်တွေက တနေကုန် အလုပ်ချိန် ၆နာရီနဲ့ ၈နာရိကြားခိုင်းတယ်။ တရွာနဲ့ တရွာ လုပ်ချိန်ဓလေ့မတူဟု ဆိုပါတယ်။
လုပ်သားရှားပါးလာတာကြောင့် ရေနံချောင်းနယ်တွင် နောက်ထပ်တမျိုးစိုက်ကြပုံမှာ မိုးဦးအပြင် မိုးလယ်ကျမှ မိုးရနိုင်ချေကို ရည်မှန်းပြီးလည်း စိုက်ကြတယ်။ အဲ့ဒါကြောင့် ဝါဆိုပဲ(မြေပဲ)ကို ဇွန်၊ ဇူလိုင်မှ စစိုက်တယ်။ အဲ့ဒိအချိန်မှ စစိုက်တာက နှစ်ပိုင်းရှိပြီး တပိုင်းက မိုးလယ်၊ မိုးနှောင်း ကောင်းမယ့်အချိန် ခန့်မှန်းအားပြု စိုက်ကြတာဖြစ်တယ်။ နောက်တပိုင်းက လုပ်သားရှားပါးတဲ့အပေါ် တွက်ပြီး စိုက်တာဖြစ်တယ်။ ရွာတရွာချင်းထဲရှိတဲ့ အလုပ်လုပ်နိုင်တဲ့အရွယ်သာမက အသက်ကြီးသူရော၊ အသက်ငယ်သူရောရဲ့ တဝက်လောက်က မရှိကြတော့ဘူးဟု သူတို့ကပြောကြပါတယ်။
ရေနံချောင်းဒေသခံက “စိုက်တဲ့အချိန်ကို စုပြုံစိုက်လိုက်ရင် နှမ်းနုတ်ချိန် သိမ်းချိန်မှာ တပြိုင်နက်ထဲ စုပြုံသိမ်းနိုင်ဖို့ လုပ်သားမလုပ်လောက်တဲ့ အချက်ရှိတယ်။
ယာတကွက်ချင်း၊ ပိုင်ဆိုင်တဲ့ယာကွက်ထဲမှာပဲ မိုးဦးမှာ တဝက်စိုက်တယ်။ ဝါဆိုကျမှ ကျန်တဝက်စိုက်တယ်။ လုပ်သားရှားပါးမယ့် ပြဿနာကို ချိန်ဆပြီးစိုက်ကြတယ်”လို့ ပြောပါတယ်။
အညာတွင် လုပ်သားရှားပါးတာအပြင် ခိုင်းနွားမလုံလောက်တာတွေ ရှိတာကြောင့် တနှစ်ထဲမှာတင် ယာကို ဆက်ရှင် ၃ခုခွဲ လုပ်လာကြတယ်။ မိုးဦး စိုက်တာ၊ ဝါဆို စိုက်တာနဲ့ ဆောင်းသီးနှံစိုက်တာဆိုပြီး ခွဲစိုက်လာကြတယ်။
မကွေးနယ်တောင်သူတွေက ရေနံချောင်းလုပ်သားအားကိုး ရတယ်။ ရေနံချောင်း၊ ချောက်၊ ဆိပ်ဖြူက ယာလုပ်သားတွေ မကွေးသွားလုပ်ရတယ်။ မကွေးက တောင်သူကြီးများပြီး တဆက်တစပ်ထဲ မြေပဲ ဆယ်ဧကကျော်စိုက်တော့တခြားနယ် လုပ်သားခေါ်ရတယ်။ ပေါင်းနှုတ်ချိန်က စပြီး နုတ်သိမ်းချိန်ထိ လူအားများများလိုတာကို ဒေသခံတွေအပြောအရသိရပါတယ်။
ယခုအခါတွင် ‌ရေနံချောင်းစတဲ့ နယ်ဝေးက လုပ်သားတွေကို ကားနဲ့ နေ့ချင်းပြနန်ခေါ် အလုပ်သမားငှားကြတယ်။ ရေနံချောင်းဘက်ရွာတွေမှာ လုပ်အားခက ၆ထောင်၊ ၇ထောင်ရသာချိန်မှာ မကွေးသွားလုပ်ရင် ပုတ်ပြတ်ခတနေ့ သုံး၊ လေးသောင်း ရတယ်။ မရဘူးဆိုတဲ့သူ တသောင်းခွဲအနည်းရတယ်။ သီးနှံနှုတ်သိမ်းချိန်မှာ ရေနံချောင်းဘက်က ယာရှင်များမှာ နှစ်ဆခံရတယ်။ လုပ်သားရှားတာနဲ့ လုပ်အားခ တန်းတူပိုပေးရတယ်လို့ ရေနံချောင်းဘက်က ဆိုပါတယ်။
သူက လုပ်သားရှားလို့ ပေါင်းနှုတ်ဆေးသုံးတာက ယာတင်မက လူပါ ခံရပြီး ပိုးသတ်ဆေး၊ ဓာတုဆေးတွေရဲ့ နောက်ဆက်တွဲက လူတွေမှာ ကင်ဆာဖြစ်ကြတယ်။
ချက်ခြင်းခံရတာ မဟုတ်ပဲ ဓာတ်ကြွင်း ဓာတ်ကျန်တွေက ဘိုက်ထဲ အဆိပ်တွေစုဘူးကြီး စုသလိုဖြစ်လာပြီး ကင်ဆာဖြစ်သွားတယ်။ ဘိုက်ထဲ စုဘူးလိုဖြစ်နေပြီး သိတဲ့အချိန်ကြ ကင်ဆာက နောက်ဆုံးအချိန်ဖြစ်နေပြီလို့ ရှင်းပြပါတယ်။
သူက လုပ်သားရှားပါးတာကလည်း ရှားသထက်ရှားဖို့ပဲ ရှိတယ်။ နောက်၂နှစ်၊ ၃နှစ်အတွင်း ပိုဆိုးလာမယ်။ ကုစားမှုမရှိရင် တော်တော်ပြဿနာရှိလာမယ်။ လူငယ်လူရွယ်များကလည်း တောင်သူလုပ်ငန်းကို
စိတ်ဝင်တစားနဲ့ အမွေဆက်ခံလိုသူရှားလာတယ်။ ပိုဆိုးလာတဲ့အကြောင်းအမျိုးမျိုးကလည်း ရပ်ဝေးမြေခြားမှာ အလုပ်လုပ်ဖို့ ဖြစ်နေတယ်။ တောလုပ်တောကိုင်မလုပ်ချင်ဖို့ အချက်အလက်တွေက ပေါင်းစုံနေတယ်။
လုပ်သားအပြင် ရွာတွေမှာ ခိုင်းနွားရှားတဲ့ ပြဿနာကလည်း ပိုဆိုးလာတယ်လို့ သိရပါတယ်။ အဲ့တာကြောင့် ခိုင်းနွားဈေး ထောင်တက်နေတယ်။ ခိုင်းနွားဈေးက အစစဈေးကြီးလို့ တက်တာတာထက် လွန်ခဲ့တဲ့ ၄၊ ၅နှစ်က အိမ်နီချင်းနိုင်ငံကြီးတနိုင်ငံကို နွားတွေ တရားဝင်တင်ပို့လိုက်တဲ့ နောက်ဆက်တွဲ ဂယက်လဲပါတယ်။ ထိုစဉ်ကအသားစားနွားထက် ခိုင်နွားများပိုတင်ပို့နေတာကြောင့် ရှားပါးတဲ့ဒါဏ်တချိန်ခံရမယ့်အကြောင်း ထောက်ပြခဲ့ရတာတွေ ရှိခဲ့တယ်လို့ သိရပါတယ်။ ‌နောက်ဆက်တွဲအပြစ်က နှစ်အနည်းငယ်အကြာမှ သိသိသာသာခံရတာမျိုးပါ။
ကင်ဆာရောဂါဆိုတာ အကြောင်းအချက်တခု၊ နှစ်ခု ကနေထက် အကြောင်းခြင်းရာ စုံကနေ ကုမရထိ ဖြစ်လာတာလို့ ဆိုကြပါတယ်။ အညာဆီ လာနေတဲ့ တိမ်မည်းညိုတွေကို တောင်သူလယ်သမား၊ ယာသမားတွေအပြင် ဒေသခံအားလုံးကလည်း မျှော်လင့်နေတာပါ။ ပျိုးပင်တို့ ရှင်သန်ကြီးထွားစေချင်နဲ့ စိတ်နဲ့ပါ။ တိမ်တွေထဲမှာ အနာဂတ်တွေပါပါတယ်။ တိမ်တွေထဲက အနာဂတ်ထဲ ကုမရတဲ့ ကင်ဆာတွေပါလာမှာတော့ စိုးရွံ့ကြပါတယ်

မေလ ၁၁ရက် ၂၀၂၄

Leave a Reply

Your email address will not be published.