ရွှေမန်း

မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေးမှ ဖရဲ သခွားတင်ပို့မှုများတွင် တရုတ်ဘက်မှ ကိုဗစ်စည်းကမ်းများအရ Lock down များနှင့် ကုန်ကျစရိတ်များကြောင့် ယခုနှစ် သစ်သီးဝလံရာသီတွင် ဖရဲသခွားတင်ပို့ရောင်းချမှုတွင် အရှုံးပေါ်နေကြ ကြောင်းသိရသည်။

ပြည်တွင်း၌ ဖရဲသီးစိုက်ပျိုးမှုလျှော့ချထားသော်လည်း နယ်စပ်ဈေးကွက်တွင် ဖရဲသခွား ဝယ်လက်များ အဝယ် မဆင်းနိုင်ဖြစ်ကာ ဈေးကွက်ဝယ်လိုအားမရှိသောကြောင့် ဖရဲသခွားစိုက်တောင်သူများ အရှုံးပေါ်နေသည်ဟု ဆိုသည်။

“စိုက်ရဲတဲ့ သတ္တိကိုတော့ လေးစားတယ်။ဒီနှစ် မစိုက်တော့ဘူးလို့လဲ လုပ်လို့မရဖြစ်နေကြတာ။ထွက်အား မ ကောင်းတာနဲ့ နယ်စပ်အခြေအနေမှာ တစ်ဖက်ကလည်း Lock down မကြာခဏချနေတယ်။ အရည် အသွေး မခိုင်မာသလို ဝယ်လက်လာတာလည်းနည်းလို့ ပေးဈေးလည်းနည်းတယ်။ဒါ့အပြင် ကုန်ကျစရိတ်ကလည်း အရင်ထက် ပိုလာတတယ်။အရှုံးနဲ့ ရင်ဆိုင်ကြရတယ်”ဟု ခွာညိုသစ်သီးပွဲရုံ ပိုင်ရှင် ဦးစိုင်းခင်မောင် ကပြောသည်။

မြန်မာဘက်မှ တင်ပို့သည့် ကုန်တင်ယာဉ်များမှာ တရုတ်ဘက်သို့ တိုက်ရိုက်ဝင်ရောက်မှုများရှိသကဲ့သို့ တရုတ် ဘက်မှ ကုန်တင်ယာဉ်ဖြင့် ရှန်တိန်ပြောင်းတင်ပို့ခြင်းများလည်းရှိကြောင်း၊ကုန်ကျစရိတ်မှာ မြန်မာ ဘက်တွင် ငွေကျပ် သိန်း ၃၀ ဝန်းကျင်နှင့် တရုတ်ဘက်တွင် ငွေကျပ် သိန်း ၂၀ ဝန်းကျင်ဖြစ်ပြီး သခွားမှာ ၎င်းတို့ထက် ငွေကျပ် ၅ သိန်းဝန်းကျင် ပိုမိုကုန်ကျသည့်အပြင် စိုက်ပျိုးစရ်ိတ်မှာ ယခင်နှစ်များထက် သုံးဆခန့်ပိုမိုကုန်ကျ ကြောင်းသိရသည်။

“တရုတ်ပေးဈေးကောင်းလို့မဟုတ်ဘဲ ဖရဲသခွားကားတွေ ဝင်နေတယ်။တကယ်တော့ အဓိက တင်ပို့တဲ့တရုတ် ဘက်က မြို့တွေမှာ Lock down ချထားတာဖြစ်သလို အဝယ်ကုန်သည်တွေလည်း နယ်စပ်ကို မလာနိုင်ဖြစ် နေတယ်။ဖရဲသခွားကို ကိုဗစ်စားသွားတယ်လို့ ပြောရမလိုဘဲ။ဒီနေ့မှာ A-1 ဂိတ်ဖွင့်လှစ်ဖို့ နှစ်နိုင်င တာဝန်ရှိသူ တွေညှိနှိုင်းခဲ့ကြတော့ ကိုယ့်ဘက်က ဖရဲသခွားတောင်သူတွေ ဈေးကောင်းရဖို့က ဒီလကုန်မှာ စောင့်ကြည့်ရ မယ်”ဟု ဖရဲသခွား တင်ပို့သူတစ်ဦးကပြောသည်။

ဒီဇင်ဘာ ၂ ရက်(ယနေ့)မှ စတင်၍ ကျင်စန်းကျော့ဂိတ် A-1 အပေါက်ဖွင့်လှစ်လိုက်ပြီဖြစ်ပြီး သစ်သီးများ၊ဂဏန်း နှင့် ငါးရှဉ့်များမှာ ကြံတင်ပို့သည့် ဝင်ပေါက်မှ ဝင်ရောက်ခွင့်ရမည်ဖြစ်ကြောင်း၊ချန်ဟော့ သစ်သီးအရောင်း ကွင်း မှာလည်း Lock down သတ်မှတ်ထားသဖြင့် ကုန်တင်ယာဉ်များမှာ ယခုလတ်တလောတွင် ဝင်ထွက်ခွင့်မရ ဖြစ်နေပြီး ဖရဲသီးမှာ တစ်ကီလို တရုတ်ယွမ်ငွေ တစ်ယွမ်မှ ၁ . ၆ယွမ်နှင့် သခွားသီးတစ်ကီလိုမှာ ၂ ယွမ်မှ ၃ ယွမ် ပေါက်ဈေးရှိ ပြီး တစ်ယွမ်လှင်မြန်မာငွေ ကျပ်၄၁၀ ပေါက်စျေးရှိကြောင်း သိရသည်။

ယခင်က နိုဝင်ဘာအကုန် ဒီဇင်ဘာ လထဲတွင် တရုတ် ပြည်မ အဝယ်များဆင်းလာပြီး ဖရဲ၊သခွားစျေးကွက်စျေးကောင်းလေ့ရှိသော်လည်း ယခုနှစ်တွင် လော့ဒေါင်းမကြာခဏ ချနေတာကြောင့် အဝေးဝယ်လက်မစုံသေးသည့်အခြေအနေဖြစ်ကာ စျေးကွက်ကျဆင်းနေခြင်းဖြစ်ကြောင်းသိရသည်။

တရုတ်ဖရဲစျေးကွက်ကိုတင်ပို့ရန်စွန့်စားစိုက်ပျိုးကြသည့်တောင်သူများအနေဖြင့် လက်ရှိတွင် ပြည်တွင်းစျေးကွက်ကိုသာ စိုက်ပျိုးစရိတ်ကြေရုံမျှစျေးဖြင့်တင်ပို့ရောင်းချနေကြကြောင်း သိရသည်။

Leave a Reply

Your email address will not be published.