တရုတ်ဘက်တွင် ဖရဲသီးများ ဈေးကောင်းမရသည့်အတွက် မိုးဖရဲလက်ကျန်များသာ တင်ပို့နေ

ရွှေမန်း

တရုတ်ဘက်တွင် ဖရဲသီးများ ဈေးကောင်းမရသည့်အတွက် မိုးဖရဲ လက်ကျန်များသာ တင်ပို့နေပြီး တစ်ပတ်လျင်ကုန်တင်ယာဉ် ၃ စီးခန့်သာရှိ
မူဆယ်နယ်စပ်ကုန်သွယ်ရေးမှ တရုတ်ဘက်သို့ တင်ပို့သည်

ပြည်တွင်းမှ ထွက်ရှိသော မိုးဖရဲလက်ကျန်များ သာ တင်ပို့မှုရှိနေပြီး တစ်ပတ်လျင် ကုန်တင်ယာဉ် ၃ စီးခန့်ရှိ၍ မိုးဖရဲသီးများမှာ ဈေးမရသည့်အတွက် တင်ပို့သူ နည်းပါးကြောင်း မူဆယ်(၁၀၅)မိုင် သစ်သီးဝလံကုန်သွယ်စည်ဒိုင်မှ တာဝန်ခံ ဒေါ်ရီရီခိုင်ကပြောသည်။

တရုတ်ပြည်မှ ရွှေလီ၊ ၀မ်တိန်နှင့် ဖရဲသီးအ၀ယ်များသည့် ပြည်နယ်အချို့တွင် ကိုဗစ်ပိုး တွေ့ ရှိမှုကြောင့် မကြာ ခဏလော့ဒေါင်း ရှိနေခြင်းကြောင့် မြန်မာ့ပို့ကုန် သစ်သီးဝလံများဈေးကောင်း မရ၍ ကုန်သွယ်မှု လျော့နည်းရ သည်ဟုဆိုသည်။

“တရုတ်ဘက်မှာ ပိုးတွေ့လိုက် လော့ဒေါင်းလုပ်လိုက်နဲ့ လော့ဒေါင်းအချိန်က ပြောလို့မရဘူး။တွေ့သူများရင် လော့ဒေါင်းချတာပဲ။အရင်ကလို လော့ဒေါင်းရက်က ပြောလို့မရဘူး။ဖရဲသီးအ၀ယ်များတဲ့ ပြည်နယ်မှာ လော့ဒေါင်းလုပ်ထားတော့ ဈေးမရတာကြောင့် အခြားမိုးသီးနှံလက်ကျန်လောက်ပဲ တရုတ်ဘက်တင်ပို့ တာရှိတယ်”ဟု ၎င်းကပြောသည်။

သစ်သီးဝလံနှင့် ပတ်သက်၍ တရုတ်ဘက်တင်ပို့သည့် ကုန်တင်ယာဉ်များနည်းပါးသော်လည်း မြန်မာနှင့် တရုတ် ကုန်ူသွယ်ရေးမှ ပို့ကုန်/သွင်းကုန်ယာဉ်များမှာ တစ်ရက်လျင် အစီး ၅၀ ခန့်ရှိပြီး တရုတ်ဘက်မှ ကိုဗစ်ကာကွယ် ရေးကို အဓိကထားလုပ်ဆောင်နေပြီး နှစ်နိုင်ကုန်သွယ်မှုကို ကျင်စန်းကျော့ဂိတ်မှ ကုန်သွယ်မှုကို တရားဝင် လုပ်ဆောင်နေသည်ဟု သိရသည်။

“အသီးကတော့ ရှိတယ်။ဈေးကွက်မကောင်းလို့ မတင်ကြတာ။ လမ်းခရီးမှာ ကုန်ကျစရိတ်များလွန်းတာရော ဆို တော့ မကိုက်ကြတော့ဘူး။တရားဝင်ဂိတ်က ကျင်စန်းကျော့ဂိတ်ပဲ။မိုးကျန်သီးဖြစ်တဲ့ ကျောက်စိမ်းသီးလို့ ခေါ်တဲ့ ဖရဲသီးကားတချို့တော့ ရှိပေမယ့် ကျမတို့စာရင်းမှာတော့ တစ်ပတ်ကို ၃ စီးလောက်ပဲရှိတယ်။တခြားနိုင်ငံတွေ မှာ ကိုဗစ်က ဒီလောက်ဂရုမစိုက်ကြတော့ပေမယ့် တရုတ်ဘက်မှာ ကိုဗစ်နဲ့ ပတ်သက်လို့ ဒီနေ့ထိမပြီးသေးဘူး။”ဟု၎င်းကပြောသည်။

မူဆယ်နယ်စပ်ကုန်သွယ်မှုတွင်၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဧပြီမှ စက်တင်ဘာ ၁၆ ရက်ထိ ၅ လခွဲအတွင်း ပို့ကုန် အမေရိကန်ဒေါ်လာ ၈၂၉ သန်းတင်ပို့ထားရာ ပြီးခဲ့သည့်နှစ် ကာလတူတွင် အမေရိကန်ဒေါ်လာ သန်း ၈၄၀ နီး ပါးတင်ပိုခဲ့သဖြင့် ၁၀သန်းကျော်လျော့နည်းခဲ့ကြောင်း၊သွင်းကုန်တွင် ယခုဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၁၁၇ သန်းနီးပါးတင်သွင်းခဲ့ရာ ပြီးခဲ့သည့်နှစ် ကာလတူတွင် အမေရိကန်ဒေါ်လာ၂၆၅သန်းဝန်းကျင် တင်သွင်းခဲ့ ရာ ၁၄၈သန်းကျော် လျော့ကျခဲ့ကြောင်း စီးပွား/ကူးသန်းထုတ် ပြန်ချက်အရသိရသည်။

Leave a Reply

Your email address will not be published.