တရုတ်နိုင်ငံသို့ မိုးဖရဲသီးအနည်းငယ်သာ တင်ပို့မှုရှိပြီး လာမည့် သစ်သီးရာသီကုန်သွယ်မှု အခြေအနေ ခန့်မှန်းရခက်

ရွှေမန်း

မြန်မာ-တရုတ်နယ်စပ်၊ မူဆယ်နယ်စပ်ကုန်သွယ်ရေးတွင် ဇူလိုင်လမှ စက်တင်ဘာလအတွင်း သီးနှံရာသီနား ချိန်ဖြစ်သော်လည်း တရုတ်သို့ ပြည်တွင်းမှ ထွက်ရှိသော မိုးဖရဲသီးတင်ပို့မှု အနည်းငယ်သာရှိပြီး လာမည့် သစ်သီးရာသီ ကုန်သွယ်မှုအခြေအနေကို ကြိုတင်ခန့်မှန်းရန်ခက်ခဲကြောင်း သိရသည်။

လာမည့် သီးနှံရာသီတွင် မူဆယ်နယ်စပ်ကုန်သွယ်ရေးအခြေအနေမှာ တရုတ်နှင့် မြန်မာဘက်မှ နယ်စပ် ဖြတ် ကျော်မှုဆိုင်ရာ ပေါ်မူတည်သောကြောင့် ကြိုတင်ခန့်မှန်းနိုင်ခြင်းမရှိကြောင်း ခွာညိုသစ်သီးပွဲရုံပိုင်ရှင် စိုင်းခင်မောင်က ပြော သည်။

“လက်ရှိမှာတော့ မိုးရာသီစိုက်တဲ့ ဖရဲသီးထွက်တာနည်းနည်းပါးပါးရှိတော့ တရုတ်ဘက် ပို့တာရှိပေမယ့် တစ် ရက် ကားတစ်စီးလောက်ပဲရှိတယ်။သစ်သီးရာသီချိန်မဟုတ်တော့ သစ်သီးဝလံနဲ့ ပတ်သက်တဲ့ ကုန်သွယ်မှု မရှိသလောက်ပဲ။လာမယ့် စက်တင်ဘာလကုန်လောက်မှာ သစ်သီးရာသီစမှာပါ။”ဟု ၎င်းကပြောသည်။

ပြည်တွင်းမှ ဖရဲ သခွားများကို တရုတ်သို့ အဓိက တင်ပို့ခြင်းဖြစ်ပြီး ယခုကာလတွင် စိုက်ပျိုးရန် ပြင်ဆင်မှု များ လုပ်ဆောင်နေကြပြီး အောက်တိုဘာလမှ စ၍ သစ်သီးဝလံများ လှိုင်လှိုင်ထွက် လာမည်ဖြစ်ကြောင်း၊ပြီးခဲ့သည့် နှစ်က ကုန်သွယ်မှုလမ်းကြောင်း အဆင်မပြေမှုများရှိခဲ့သဖြင့် တင်ပို့မှုကျ ဆင်းခဲ့ရာ ယခုနှစ်တွင်လည်း မူဝါဒ များကြောင့် ကုန်သွယ်မှုမှာ ခန့်မှန်းမရနိုင်ကြောင်းသိရသည်။

“ပြည်ပကုန်သွယ်ရေးမှာ ကုန်သွယ်မှု ငွေကြေးမူဝါဒနဲ့လည်း သက်ဆိုင်သလို နယ်စပ်ကုန်သွယ်ရေးဂိတ်ကျော်မှု အခြေအနေပေါ်လည်း မူတည်တယ်။ဆိုလိုတာက မြန်မာဘက်ကပြောင်း လဲလိုက်တဲ့ ငွေကြေးနဲ့ မူဝါဒတွေက ပြည်ပကုန်သွယ်မှုအပေါ် သက်ရောက်မှုရှိတော့ လာမယ့် သီးနှံရာသီကုန် သွယ်ရေးမှာ ကြိုတင်ခန့်မှန်းလို့ မရဘူး”ဟု ဆက်လက်ပြောကြားသည်။

ပြည်တွင်းထွက် ဖရဲ၊သခွားနှင့် သစ်သီးဝလံများ တရုတ်သို့ တင်ပို့မှုတွင် ပြီးခဲ့သည့်နှစ်က တန်ချိန် ၆ သိန်းကျော် ရှိ ခဲ့ရာ ပုံမှန်ထက် ကုန်သွယ်မှုပမာဏထက် ကျဆင်းခဲ့ကြောင်း၊လက်ရှိအခြေအနေတွင် တရုတ်ဘက်မှ ကိုဗစ် ရောဂါကာကွယ်တားဆီးရေးကို အရှိန်မြှင့်ဆောင်ရွက်နေသော်လည်း ကုန်သွယ်ရေး လုပ်ငန်းစဉ်များတွင် ဖြေ လျှော့မှုများ ပေးထားကြောင်းသိရသည်။

Leave a Reply

Your email address will not be published.