ရွှေမန်း


တရုတ်နယ်စပ်ကုန်သွယ်မှုဂိတ်များပြန်လည် ဖွင့်လှစ်ရန်သေချာမှုမရှိသော်လည်း ဖရဲသခွားစိုက်တောင်သူများအနေဖြင့် တစ်ပိုင်တစ်နိုင် စွန့်စားစိုက်ပျိုးထားကြောင်း ဖရဲစိုက်တောင်သူများထံမှ သိရသည်။ ပြီးခဲ့သည့်ဖရဲရာသီတွင် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်မှုများကြောင့် ဖရဲသခွားတင်ပို့ရာတွင် ဆုံးရှုံးမှုများ ကြုံတွေ့ခဲ့ရပြီး ယခုနှစ်တွင်လည်း အသီးတင်ပို့မှုနယ်စပ်ဂိတ်ပေါက်များ ဖွင့်လှစ်မှုမသေချာသေးသည့် အခြေအနေရှိနေသော်လည်း တောင်သူတစ်ဦးလျှင် အနည်းဆုံး ငါးဧကနှင့် အောက် စွန့်စားစိုက်ပျိုးထားကြောင်း သိရသည်။ သို့သော် တစ်ဧကစိုက်ပျိုးစရိတ် ကျပ်၂၅သိန်းအထက် ရှိကာ ယခင်နှစ်ထက် ကျပ် ခုနစ်သိန်းမှ ရှစ်သိန်းဝန်းကျင် ပိုမို ကုန်ကျကြောင်း ဖရဲစိုက်တောင်သူများထံမှ သိရသည် ။ မကွေးတိုင်းဒေသကြီး ၊ ရေစကြိုမြို့နယ် ၊ ဖရဲစိုက်တောင်သူများအနေဖြင့်လည်း ယင်းဒေသအနေဖြင့် အခြား ပိုမိုကောင်းမွန်သည့်စီးပွားရေးလုပ်ငန်းမရှိြခင်းကြောင့် ဖရဲကိုသာ တစ်ပိုင်တစ်နိုင် အဆုံးရှုံးခံနိုင်သည့်အနေအထားကို စွန့်စားစိုက်ပျိုးထားကြောင်း နှင့် လက်ရှိတွင် တရုတ်ယွမ်ငွေစျေး မြင့်တက်နေခြင်းကြောင့် နယ်စပ်ဂိတ်များ ပြန်လည်ဖွင့်လှစ်ပါက ပို့ကုန် ဖရဲစျေးကွက်မှာ ကောင်းမွန်နိုင်ကြောင်း ရေစကြိုမြို့နယ် သစ်ကြီးတောကျေးရွာမှ ဦးကျော်မိုးနိုင်က ပြောသည်။ “ရေစကြိုမြို့နယ် သစ်ကြီးတောကျေးရွာမှာ ဖရဲစိုက်ဧက ၂၀၀ ကျော် စိုက်ပျိုးထားပါတယ်။ တောင်သူတစ်ဦးကို နှစ်ဧက သုံးဧက စိုက်ပျိုးထားကြတယ်။ရာသီချိန်ရောက်တော့ ခြေနိုင်လက်နိုင် စိုက်ပျိုးကြတာများတယ်။ မစိုက်ပျိုးလို့လည်း အခြားစီးပွားရေး မရှိတော့ စွန့်စားစိုက်ပျိုးကြရတာပါ ။ နယ်စပ်စျေးကွက်ပွင့်တာ မပွင့်တာကတော့ ကံတရားပေါ့။ စိုက်ရမယ့်ရာသီဖြစ်တော့ စိုက်ပျိုးကြတာပါ။နယ်စပ်ဂိတ်က နိုဝင်ဘာလကုန်ပိုင်း လောက်ဖွင့်နိုင်မယ်လို့ မူဆယ်ဖရဲကုန်သည်ကြီးတွေဆီက သတင်းရပါတယ် ။ လက်ရှိမှာ တရုတ်ငွေ ယွမ်စျေးကောင်းနေတော့အသီးစျေးတွေလည်း စျေးကောင်းရမယ်လို့ မျှော်လင့်ပါတယ်။ ယခင်နှစ်တွေထက်တော့ ထက်ဝက်လောက် လျော့ချစိုက်ပျိုးထားတာဖြစ်လို့ အသီး စျေးကောင်းရအောင် တနိုင်တပိုင် စွန့်စားစိုက်ပျိုးထားတာပါ။”ဟု ၎င်းကပြောသည် ။ ယခင်နှစ်များက သစ်ကြီးတောကျေးရွာတွင် ဖရဲစိုက်ပျိုးဧက ၄၀၀ မှ ၅၀၀ အထိစိုက်ပျိုးပြီး ယခုနှစ်မှာ တရုတ်နယ်စပ်ဂိတ် ဖွင့်လှစ်မှုမသေချာခြင်းကြောင့် ဧက၂၀၀ခန့်သာ စွန့်စားစိုက်ပျိုးခြင်း ဖြစ်သည်။ တရုတ်မြန်မာ နယ်စပ်ဂိတ်များကို ၂၀၂၀ ဇူလိုင် လဆန်းပိုင်းမှ စတင်ကာ ပိတ်သိမ်းသွားသဖြင့် ၁၄လကျော် ကုန်သွယ်မှု ရပ်ဆိုင်းသွားခဲ့ရပြီး နှစ်နိုင်ငံ ကုန်သွယ်မှုလျော့ကျ နစ်နာခဲ့ရသလို မြန်မာဘက်မှ လယ်ယာထွက်ကုန်များ တင်ပို့နိုင်ခြင်းမရှိသဖြင့် တောင်သူများ အဓိက နစ်နာဆုံးရှုံးခဲ့ရကြောင်း မူဆယ်-နမ်းခမ်း ကုန်သည်ကြီးများအသင်း၊ ဒုတိယ ဥက္ကဌ ဦးစိုင်းခင်မောင်က ပြောသည်။ “တရုတ်နယ်စပ်ဂိတ်တွေ ပိတ်ခြင်းဖွင့်ခြင်းအပေါ်မှာပဲ စိတ်ဝင်စားနေကြတယ်၊အဲဒီနောက်ကွယ်မှာ အခြားစိုးရိမ်စရာအကြောင်းအရာတွေ ရှိသေးတယ် ။တောင်သူတွေကိုယ်တိုင်နိုင်သလောက်နဲ့ပဲ စိုက်ပျိုးသင့်တယ်။ အကြွေးတင်နိုင်တဲ့အခြေအနေနဲ့ မစိုက်သင့်ပါဘူး။ ပွဲရုံတွေကလည်း အင်နဲ့အားနဲ့ သွင်းအားစုတွေ ထုတ်မပေးနိုင်ပါဘူး ။ လက်ရှိနယ်စပ်မှာ တရုတ်ဘက်က ကုန်သည်တွေကလည်း အရမ်းဖွင့်စေချင်နေပြီ ။ တရုတ်သွင်းကုန် ကုန်သည်တွေလည်း ဒုက္ခရောက်နေပြီ။ စက်ရုံထုတ်ပစ္စည်းတွေအတွက် ထွက်ပေါက်လိုအပ်နေပြီ ။နိုဝင်ဘာ၂၀ရက်ကျော်ရင် ဝမ်တိန်-ရွှေလီမှာ လော့ဒေါင်းတွေ ဖြေတော့မှာပါ ။ မြန်မာကုန်သွယ်မှုတာဝန်ရှိသူတွေက ကုန်သွယ်မှုမှာတန်းတူညီမျှရှိေစရန် တရုတ်ဘက်က ကားအစီး ၁,၀၀၀ ဝင်ရင် မြန်မာဘက်က ကားအစီး ၁,၀၀၀ ပြန်သွင်းမယ်လို့ မူဝါဒလက်ကိုင်ထားတယ်။ ဒီမူဝါဒက ပြေလည်နိုင်ပါတယ် ။ တန်ဖိုးချင်းမဟုတ်ဘဲ ကားအစီးရေဆိုတော့ အဆင်ပြေလောက်ပါတယ်။” ဟု ၎င်းက ပြောသည်။ မူဆယ်တွင် ဖရဲတင်ပို့ပေးနေသော ကားမောင်းသူ ကိုစိုင်းက “လက်ရှိကြားနေရတဲ့သတင်းတွေက နယ်စပ်ဂိတ်တွေဖွင့်မှပဲ ဖွင့်တယ်ပြောနိုင်မယ်။ တရုတ်ဘက်က ဖွင့်ဖို့သေသေချာချာ မသိရသေးဘူး ။လက်ရှိမှာ တာချီလိတ်၊ မိုင်းလားဘက်ကဂိတ်ကနေ တစ်သျှူးငှက်ပျောသီးတွေ အအေးခန်းကားတွေနဲ့ ကားခသိန်း၄၀ ပေး တင်ပို့နေတယ်။” ဟု ပြောသည် ။ တရုတ်မြန်မာနယ်စပ် ကုန်သွယ်မှုမှာ မြန်မာ့လယ်ယာထွက်ကုန်များ တင်ပို့မှုအတွက် အရေးပါဆုံး နယ်စပ်ပို့ကုန်လမ်းကြောင်းဖြစ်သည်။

Leave a Reply

Your email address will not be published.