တရုတ်စျေးကွက် နှင့် ပြည်တွင်းသုံးစွဲမှုများသည့် မြေထောက်ပဲဈေးကွက် ယခင်နှစ်ထက် ပိုမိုဈေးကောင်းရလာ

ရွှေမန်း

တရုတ်စျေးကွက် နှင့် ပြည်တွင်းသုံးစွဲမှုများသည့် မြေထောက်ပဲဈေးကွက် ယခင်နှစ်ထက် ပိုမိုဈေးကောင်းရလာတာကြောင့် ပဲထွက်အားကောင်းသည့် တောင်သူများ အဆင်ပြေလာကြောင်း ကုန်သည်များထံမှသိရသည်။ ဧရာဝတီမြစ် အတွင်း ကျွန်းစိုက်ခင်းများမှ ထွက်ရှိသည့် မြေထောက်ပဲ အထွက်နှုန်းကောင်း ဈေးကောင်းရ သဖြင့် တောင်သူများ အဆင်ပြေလာ ကြောင်း သိရသည်။မြန်မာနိုင်ငံမှ မြေထောက်ပဲမှာ ကျွန်းစိုက်ခင်းများတွင် အများဆုံး စိုက်ပျိုးပြီး ရွှေကူ ၊တကောင်းဒေသ မှ ထွက်ရှိသည့် မြေထောက်ပဲမှာ အရည်အသွေးအကောင်းဆုံး ပဲဖြစ်သည်။တကောင်းဒေသရှိ ကျွန်းစိုက်ခင်းများတွင် မြေထောက်ပဲကို အများဆုံး စိုက်ပျိုးပြီး ဝ.၇၅ အကျယ် အကန့် လိုက်စိုက်ကြရာ ယခုနှစ်တွင် မြေထောက်ပဲ သုံးတင်ဝင်အိတ် ၇ အိတ်ခန့်ထွက်ရှိရာ ယခုနှစ် ပေါက်ဈေး အရ တစ်အိတ်ကျပ် ၁၄၂၀၀၀ ပေါက်ဈေးရှိသဖြင့် ကျပ် ၁၀သိန်းနီးပါးဝင်ငွေ ရရှိကြကြောင်း ယခုနှစ်တွင် ပိုးမွှားကျရောက်မှု နည်းခြင်း ၊ရာသီဥတုမျှတကောင်းမွန်ခြင်းတို့ကြောင့် ပဲအထွက်နှုန်း ကောင်းမွန်ကြကြောင်း မြေထောက်ပဲပေါက်ဈေးမှာလည်း ယခင်နှစ်ထက် တစ်အိတ်ကျပ် ၂၀၀၀၀ ကျော် ဈေးပိုမိုရရှိကြောင်း တကောင်းမြို့ မှ မြေထောက်ပဲစိုက်တောင်သူ ကိုလင်းနိုင်ကပြောသည်။“ ဒီနှစ်အထွက်နှုန်းကောင်းကြတယ်။ ကျွန်းစိုက်ခင်းတွေ ကတစ်ကန့် ဝ.၇၅ တစ်ကန့်ကို မြေထောက်ပဲ သုံးတင်းအိတ် ၇ အိတ်ထွက်ပါတယ်။ ၁၀သိန်းနီးပါး ရရှိပါတယ်။ အစောပိုင်းရက်တွေမှာတော့ ဈေးကျနေတာက ပြန်ကောင်းလာတာပါ။ ဒီနှစ် တောင်သူတွေ ဈေးပိုရလာပါတယ်။ပိုးမွှားကျရောက်မှုများခဲ့လို အထွက်နှုန်းလည်းကျဆင်းခဲ့ပါတယ်။ ဒီနှစ်ကတော့ ရာသီဥတုလေးကောင်းတော့ အထွက်နှုန်းကောင်း ဈေးလည်း ကောင်းတော့ တောင်သူတွေ အဆင်ပြေတဲ့နှစ်လို့ပြောလို့ရပါတယ်။ ” ၎င်းကပြောသည်။ မြေထောက်ပဲဈေးမြင့်တက်လာသလို တင်ပို့စရိတ်များ ၊လုပ်သားခများလည်း ဈေးမြင့်တက်ကြောင်း အထွက်နှုန်းကောင်းသည့် တောင်သူများ မြေထောက်ပဲဈေးကောင်းတာနှင့်အတူ မနှစ်ကထက် အဆင်ပြေလာကြောင်း ရွှေကူမြို့ မှ ပဲကုန်သည် ကို မြင့်နိုင်ကပြောသည်။“ ပဲဈေးတွေကောင်းသလို တင်ပို့မှုစရိတ်တွေလည်း မြင့်လာတယ်။ လက်ရှိမှာ ရွှေကူဒေသကနေ မန္တလေး ဈေးကွက်ကို နေ့ချင်းပေါက် မရောက်တော့ဘူး။ စက်သုံးဆီဈေးတွေ မြင့်တော့ ကားခတွေဆိုရင်လည်း မနှစ်က နှမ်းတစ်အိတ် ကျပ် ၂၀၀၀ ကနေ ကျပ် ၂၅၀၀ ၊ ပဲအိတ်ဆိုရင် ကျပ် ၂၅၀၀ ကနေ ကျပ် ၃၀၀၀ ဈေးတက်ပါတယ်။ လက်ရှိမှာတော့ ပွဲရုံတွေကို ပဲအထွက်ကောင်းတဲ့သူကောင်းကြပါတယ်။တနယ်လုံးဆိုရင် ပုံမှန်ပဲအထွက်နှုန်းအတိုင်းထွက်ကြပါတယ်။ မြေထောက်ပဲ စတင်ထွက်လာချိန် ဈေးကျဆင်းမှု ရှိခဲ့ပေမယ့်ဖေဖော်ဝါရီ ၁၅ ရက်နောက်ပိုင်းမှာ ဈေးပြန်တက်လာခဲ့ပါတယ်” ဟု၎င်း ကပြောသည်။ယခင်နှစ်က ရွှေကူ၊ တကောင်းဒေသမှ မြေထောက်ပဲကို မန္တလေးဈေးကွက်နှင့် လွယ်ဂျယ်ဂိတ်မှတဆင့် တရုတ်နိုင်ငံသို့ တိုက်ရိုက်တင်ပို့မှုများရှိခဲ့သော်လည်း ယခုနှစ်တွင် မန္တလေးဈေးကွက်ကိုသာ တင်ပို့တော့ ကြောင်း သိရသည်။မြေထောက်ပဲမှာ နှစ်စဉ် ဖေဖော်ဝါလဆန်းပိုင်းမှ မတ်လကုန်ထိ ပဲအသစ်ထွက်ရှိရာသီဖြစ်ပြီး ဖေဖော်ဝါရီ ၂၁ ရက်နေ့တွင် မြေထောက်ပဲပေါက်ဈေးမှာ အရည်အသွေးအလိုက် ၅၄ ပိသာဝင် သုံးတင်းတစ်အိတ် ကျပ် ၁၃၂၀၀၀၊၁၃၈၀၀၀၊၁၄၀၀၀၀၊၁၄၂၀၀၀ အသီးသီးပေါက်ဈေးရှိကြောင်းသိရသည်။

Leave a Reply

Your email address will not be published.