တရုတ်ကြက်သွန်ဝင်ရောက်လာမှုကြောင့်ပြည်တွင်းကြက်သွန်းစျေးကွက်ကျဆင်းလာ

ရွှေမန်း

ယခုနှစ် စျေးကောင်းပြန်ရလာသည့် ကြက်သွန်နီစျေးများအနည်းငယ် ပြန်ကျလာကြောင်း ကြက်သွန် ကုန်သည်များထံမှ သိရသည်။

ပြည်တွင်းစျေးကွက်တွင် တရုတ်ဘက်မှ ကြက်သွန် ဝင်ရောက်မူ များနေပြီး ပြည်တွင်းကြက်သွန်များလည်း လက်ကျန်များသေးသည့်အတွက် စျေးကျဆင်းနေခြင်း ဖြစ်ကြောင်းသိရသည်။

“တရုတ်ဘက်က ကြက်သွန်တွေဝင်လာလို့ပါ။ တရုတ်ဘက်က ဘယ်လိုမျိုးတွေဝင်နေတယ်ဆိုတာတော့ မသိဘူး။ စျေးတွေတော့ကျသွားတယ်။ အခု တစ်ပိဿာကို ၃,၃၀၀ ကျပ် အထိကျသွားတယ်။ ကြက်သွန် အသစ်တွေက နောက် နှစ်လသုံးလဆို ပေါ်မယ်။ ပြည်တွင်းက စားသုံးသူတွေလဲ စျေးကြီးလို့ သိပ်မစားနိုင်ကြတော့ဘူး” ဟု ကြက်သွန်ပွဲရုံ ပိုင်ရှင်တစ်ဦး က ပြောသည်။

ကြက်သွန်နီတစ်ပိဿာလျှင် ယခင်က ၃,၅၀၀ မှ ၄,၀၀၀ ကျပ်အထိ ရှိခဲ့ပြီး လက်ရှိစျေးကွက်တွင် တစ်ပိဿာလျှင် ၂,၅၀၀ မှ ၃,၃၀၀ ကျပ်သာ ရှိတော့ကြောင်းသိရသည်။ တောစျေးအနေဖြင့် လက်ရှိ တစ်ပိဿာလျှင် ၂,၂၀၀ ကျပ်သာရှိကြောင်း ကြက်သွန်စိုက်တောင်သူ တစ်ဦးကပြောသည်။

“တောစျေး ၂,၀၀၀ ကနေ ၂,၂၀၀ အထိကျသွားတယ်၊ ၃,၀၀၀ စျေးကနေ ဖြစ်သွားတာ။ အရင်မြေဩဇာ စျေးတွေမတက်ခင်ကရတဲ့ ၅၀၀ စျေးကမှ မြေဆီဖိုးပြန်ရသေးတယ်။ အခုမြေဆီစျေးတွေ တက်ပြီး အခုရတဲ့စျေးက ဘယ်လိုမှတွက်ခြေမကိုက်ဘူး။ ပြည်တွင်းက မထုတ်နိုင်တဲ့အချိန် တရုတ်ဘက်က ကြက်သွန်တွေ ဝင်ခဲ့လို့စျေးတွေကျကုန်တာ။ တရုတ်က အတွဲ ၃၀လောက် ဝယ်ထားတယ်ပြောတယ်။ အဲ့တော့ စျေးကွက်ပျက်တာပေါ့” ဟု ၄င်းက ပြောသည်။

လက်လီစျေးအနေဖြင့် ကြက်သွန်အသေးအကြီးပေါ်မူတည်ကာ တစ်ပိဿာလျှင် ၃,၅၀၀ မှ ၅,၀၀၀ ကျပ် အထိရှိကြောင်း အိမ်ရှင်မများထံမှ သိရသည်။

ကြက်သွန်စျေးမှာ ဒေသအလိုက်သယ်ယူပို့ဆောင်စရိတ်ပေါ်မူတည်ကာ စျေးနှုန်းများ ပြောင်းလဲနိုင် ကြောင်း ကုန်သည်များကဆိုသည်။ ပြည်တွင်းစျေးကွက်သို့ လာမည့်နိုဝင်ဘာလတွင် ကြက်သွန် အသစ်များလည်းဝင်ရောက်လာတော့မည်ဖြစ်ကြောင်း သိရသည်။ ယခင်က စျေးနှုန်းမြင့်တက်ခဲ့သည့် အတွက် စားသုံးသူပြည်သူများ သုံးစွဲမှုလျော့လာကာ အရောင်းဝယ်များအေးခဲ့ကြောင်း ကြက်သွန် လက်လီဆိုင်များထံမှ သိရသည်။

လတ်တလောတွင်ဖြစ်ပေါ်နေသည့် နိုင်ငံရေးအခြေအနေများနှင့် သွင်အားစုများစျေးကြီးနေသောကြောင့် သယ်ယူပို့ဆောင်ရေးအပါအဝင် အခြားအခက်ခဲများစွာရှိနေပြီး စိုက်ပျိုးမူနည်းပြီး မြေဩဇာ ကောင်းကောင်းမသုံးနိုင်ခဲ့သည့်အတွက် အထွက်နှုန်းအပြင် အရည်သွေးလည်းကျဆင်းနိုင်ကြောင်း တောင်သူအချို့ထံမှ သိရသည်။

ပြည်တွင်းကြက်သွန်စျေးမြင့်မားလာချိန်တွင် တရုတ် ၊အိန္ဒိယ တို့ မှကြက်သွန်များကို ကြက်သွန်ဆလာကသားကုန်သည်များက ပဲ ပြည်တွင်းစျေးကွက်ကိုတင်သွင်းပြီး စျေးကွက်ဆွဲချလေ့ရှိကြောင်း စီးပွားကူးသန်း ဝန်ကြီးဌာန မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

Leave a Reply

Your email address will not be published.