ဈေးနဲ့ ဈ

ကောင်း ဇော်

တနေ့သ၌ ကျွန်ုပ်သည် မြို့၏အခြေအနေနှင့် လက်ရှိလူတို၏ အပူကိုလေ့လာရန် ခူးပလေ့ဆိုသည့် ဆိတ်ငြိမ်ကဖေးသို့ သွားခဲ့သည်။ ထိုအရပ်၌ မကွေးသင့်တင့်အဖွဲ့ဟုခေါ်ဆိုနိုင်သည့် ဓမ္မမိတ်ဆွေများ ရှိ၏။ အချိန်မှန် လာရောက်ထိုင်တတ်၏။ သင့်တင့်အဖွဲ့ဟုဆိုသည့်အတိုင်း ရောက်တတ်ရာရာ သင့်တင့်ရာများကို လေ့လာစူးစမ်းခြင်း၌ အထုံကဲကြသည်။
စားပွဲ၌ ထိုင်၍ မိမိနှစ်သက်ရာ အသီးသီးမှာကာ ရောက်တတ်ရာရာတို့ကို ပညာရှိထုံး နှလုံးသွင်းပြီးသကာလ လောကကို အမုန်းဗျင်းကြလေတော့သည်။
ရာတတ်ရောက်ရောက်များပြောရင်း ပညာရှိမင်း’သက်ကြီးသင်္ခ’က “စကားမစပ် ဒီနေ့ ခေါင်းထဲ အထူးရောက်နေတာက “ဈေး”ဆိုတဲ့ စကားလုံးပဲဗျ။ ဝေါဟာရ ရင်းမြစ်က “ဆေး”က လာသလားပဲ။ အကျွန်ုပ်ခေါင်းထဲ ဒီစာလုံးက အထူးကြပ်နေတယ်ဗျ”ဟု မိန့်လေသည်။ အသက်ခြောက်ဆယ်နားနီးမှ သားငယ်တစ်ဦး ထပ်မံကံပေါ်သည့်အတွက် ကုန်ဈေးနှုန်းနှင့် ဈေးအတွက် ရင်မအေးဖြစ်ရာမှ တအုံနွေးနွေးဖြစ်လာရုံမက ၃အုံပူ ပူနေခြင်းဖြစ်မည်။
ရွှတ်နောက်နောက်ပညာရှင်တစ်ဦးက “ဆေး”က မဟုတ်ပဲ၊ “ဂျေး”က လာတာရော မဖြစ်နိုင်ဖူးလားဟု ဝင်၍ နှောက်သည်။
သူမှာလည်း ပျောက်သောသားကိစ္စသည် ယခုမှ မပျောက်ခြင်းမဟုတ်ပဲ၊ ရှေးယခင်ထဲက ပျောက်ကြောင်း သတင်းစာထဲ ထဲ့ကြော်ငြာရုံနှင့် မရမှာ စိုးရိမ်ပူပန်နေခြင်းအဆက်ဖြစ်ပေမည်။
ထို့အတွက့် “ဈေး”ကိစ္စ ရင်းမြစ်ကိုတော့ ကျွန်ုပ်လက်စွဲ ဦးဖိုးလတ်၏ ဘုတ်အုပ်ထဲနှင့် အခြား သတ်ပုံဝေါဟာရကျမ်းများမှ ရှာဖွေပေးမည်ဟု ပြောရသည်။ သူတို့၏ အခြားအပူများအတွက်ကား ကျွန်ုပ်လည်း အဖြေရှာ၍ မရနိုင်။ တပြည်သာရွေ့ လမ်းညွှန်ရမလို ဖြစ်နေ၏။
‘ဈ’သည် ခေတ်သစ် မြန်မာအဘိဓာန်နှင့် စာလုံးပေါင်း သတ်ပုံကျမ်းတွင် ဈာနင်၊ ဈာပန၊ ဈေးနှင့် ဈာန်တို့သာ ရှိကြ၏။
ယုဒသန်၏ ရှေးမူတွင် ‘ဇာ’ကို ‘ဈာ’ဟုရေးထုံးခဲ့ဟန်တူသည်။ ဈာနုမှ ပြောင်းလဲ လာပုံရသည့် ဇာနု‌ကိုလည်း ခန့်မှန်းမိသည်။ ဇီးသီးဟု အသံထွက်သည့် ဆီးသီးကိုလည်း ဈီးဟု ပေါင်းခဲ့ကြပုံရသည်။
ဝဏ္ဏဗောဓနသတ်အင်းတွင် ‘မဇ္ဈေ – အလယ်’ဟု မြန်မာမင်းလွှတ်သုံးသတ်ပုံအလိုကို တွေ့ရသည်။
ဦးသာမြတ်၏ မြန်မာစာရေးထုံးကျမ်းတွင် -ဈ”ကို နေဝင်ဆည်းဈာ၊ ဈေး၊ ရွတ်ဖတ်သရဇ္ဈယ်၊ ဥပဇ္ဈယ်ဆရာ၊ ဗောဇ္ဈင်သုတ်၊ ဈာန်တရား၊ဈာန်သမာပတ်၊ အလယ်မဇ္ဈုံ (ပါဠိလြိ မဇ္ဈိမ -အလယ်) စသည်တို့ကိုတွေရသည်။ ဦးသာမြတ်က ‘ဇ’နှင့် ‘ဈ’ကို တန်းတူ ခေါင်းတပ်ထားသည်ကိုလည်း တွေ့ရသည်။
ယခုပြသည်တို့မှာ ရေးထုံးများမျှ သာဖြစ်၏။ ရေးထုံးကို နှောင်းပညာရှင်တို့က အလိုမမျှလျင် အလိုမျှရာကို ထုံးပြုတော့သည်။
“ဈေး”၏  ရေးထုံးအခြားနည်းများနှင့် ရင်းမြစ်ကိုမူ ဦးဖိုးလတ်၏ မြန်မာစကားအဖွင့်ကျမ်း(မြန်မအလိဒာန်ဋီကာ၌ ရှာရ၏။ ဦးဖိုးလတ်သည် ဈေးကို ဤသို့ ပြဆိုထားသည်။
ဈေး
ယခုခေတ်တွင် ရောင်းဝယ်ရာဌာနအား ‘ဈေး’ ဟု စဝဂ်၊ စတုတ္ထအက္ခရာဖြင့် ရေးခေါ်သည်ကို ရှေး ပုဂံခေတ်မှ စ၍ ကုန်းဘောင် ခေတ်ဦးပိုင်းလောက်ထိအောင် ကေကျာက်စာတို့တွင် ‘ဆေး’ ဟု  စ ဝဂ် ဒြတိယအက္ခရာဖြင့် ရေးခေါ်လျက်ရှိသည်ကို တွေ့ရသည်။ တဲ့။
ဦးဖိုးလတ်က ပုဂံမြို့ အမနာကျောင်းကျောက်စာ (မြန်မာသက္ကရာဇ် ၆၃၃ခုစွဲ)၊ ပင်းယမြို့ ကျော်စွာမင်းကျောင်းကျောက်စာ( ၇၁၂ခု)၊ ပုဂံမြို့ တက်နွယ်ကျောင်းကျောက်စာ(၈၀၄ခု)၊ ပုဂံ ရွှေစည်းခုံကျောက်စာ(၁၁၃၀ခု) ထဲတွေမှာ ထိုးထားတဲ့ စာကြောင်းတွေနှင့်ပါ ပြထားသည်။
ဆေးမှ ဆင်းသက်လာပြီး ဈေးဖြစ်လာသည့်အတွက် သက်ကြားသိင်္ခကို မောင်လေး မှန်ပါတယ်ဟု ပြောရတော့မည်။ ဦးဖိုးလတ်က ဆေး၊ ဈေးတို့နှင့် မိတ်တူပုဒ်များကို တိဘက် -မြန်မာ၊ တရုတ်-ထိုင်းဘာသာတို့တွင် တွေ့ရသည်တဲ့။
တရုတ်၏ ရှီး၊ ရှိ၊ ဇီး တို့ အနက်က ဈေး၊ ရောင်းဝယ်။
တိဗက်၏ ရ်ဇေး၊ ဇေး က ဖလှယ်၊  လဲလှယ်ရာ။  သိန်းဖော ဂျေး က ဆိုင်။ မရုရဲ့ ဂေးက ဈေး၊ ဂျေးက သုံးစွဲ။
လိစုရဲ့ ဂျီးက ဈေး။ လာဟူ(မုဆိုး) ဂျူးက ဈေး။ အင်ဂါမိနာဂ ဇေးက ရောင်း။ ချင်နာဂ ချေဂ်က ဝယ်။

အထက်ပါပုဒ်တို့ကို ထောက်သော် ‘ဈေး၊ ရောင်းဝယ်’ ဟော တရုတ်ဘာသာ ‘ရှီး၊ ဇီး’။ ‘ဖလှယ် ၊ လဲလှယ်’ ဟော တိဗက်ဘာသာ ‘ရ်ဇေး၊ ဇေး’ပုဒ်တို့နှင့် မြန်မာဘာသာ ‘ဆေး၊ ဈေး’ပုဒ်တို့မှာ မူရင်းမိတ်တူစကားများဖြစ်ကြသည်။ ထို့ကြောင့် မြန်မာတို့ ရေးကြ ပြောကြသည့် ‘ဆေး၊ ဈေး’၏ အနက်ရင်းမှာ “ရောင်းဝယ်ရာ၊ ကုန်ချင်းဖလှယ်ရာဌာန”လို့ အဓိပ္ပာယ်ရသည်။ ကျန်ဘာသာငယ်များတွင် မိတ်တူပုဒ်တို၏ အနက်များဖြစိသော ဆိုင်၊ ရောင်း၊ ဝယ်ဆိုသည့် အနက်တွေမှာ တရုတ် – တိဗက် – မြန်မာ မူရင်းများ၏ တစိတ်တဒေသ ဖြစ်သည်ဟု ဆိုရာ၏။မရုဘာသာ ‘ဂျေး’ ၏ အနက်က ‘သုံးစွဲ’ဖြစ်သည်မှာ ဈေးကို ရောက်သောအခါ မိမိငွေကြေးကို သုံးစွဲရသောကြောင့်၊ ဈေး၌သာ ကြေးငွေကို သုံးစွဲရသောကြောင့် ဖြစ်တန်ရာ၏တဲ့ ။

စကားပြေနဲ့ မရေးပဲ စကားပြောနဲ့ ရေးပြတာက ပိုနားလည်လွယ်မယ်။ ပုဂံခေတ်ကတည်းကနေ မင်းတုန်းမင်းခေတ်လောက်ထိ ကျောက်စာ‌တွေထဲ ‘ဈေး’ကို ‘ဆေး’လို့ ရေးတယ်။ ဈေးရဲ့ ဝေါရဟာရင်းမြစ်က ဘာလဲ။ ဘယ်ကလာလဲဆို။ တိဘက်တို ဘားမိတို့ ၊တရုတ်တို့ဆီက လာတယ်။
တရုတ်တွေ ပြောတဲ့ ရှီးတို့ ဇီးတို့ဆိုလိုရင်းက ရောင်းဝယ်တာ။ တိဗက်ပြောတဲ့  ဇေးရဲ့ အဓိပ္ပာယ်ကဖလှယ်တာ၊ လဲလှယ်တာ။ မရုတွေရဲ့ ‘ဂျေး’လို့ အသံထွက်တာက  သုံးစွဲတယ်လို့ ဆိုလိုတာ။ ဈေးဆိုတာ ငွေကြေးသုံးစွဲတဲ့နေရာ။ မရုတွေရဲ့ ‘ဂျေး’က  ‘ကြေး’ဆိုတဲ့ ငွေကြေးတို့ ကြေးပြားတို့ သဘောလဲ ဖြစ်မယ်။
ကြေးပြား မလွယ်ရင် ဈေးသွားဝယ်ဖို့ ခက်မှာ မလို့ ဈေးဆိုတဲ့ နမိတ်တစ္ဆေ ခြောက်နေတာပါ ကိုသက်ကြားသိင်္ခရယ်။
အော် . . .
ကြေးပြား၊ ကြေးပြား ရှာရဖွေရခက်တော့၊
ဈေးနားကို တချက်မလှည့်ရဲ၊ ချေးငှားဖို့ ဆိုတာကလဲ အားလုံးမှာ မပြေလည်၊


၂၀ မတ် ၂၀၂၄

Leave a Reply

Your email address will not be published.