ကောင်းဇော်
အီကွေတာအနီးရှိ အပူပိုင်း ပစိဖိတ်သမုဒ္ဒရာရဲ့ ပင်လယ်ရေမျက်နှာပြင်အပူချိန်နဲ့ လေထုဖြစ်စဉ်တွေက အားကောင်းတဲ့ အယ်နီညိုခြေအနေမှာ ရှိနေတယ်။
နိုင်ငံတကာမိုးလေဝသဌာနတွေက ၂၀၂၃ ဒီဇင်ဘာကနေ ၂၀၂၄ ဇန်နဝါရီလအတွင်း အားကောင်းတဲ့ အယ်နီညိုအခြေအနေမှာ ဆက်လက်တည်ရှိနေမယ်လို့ ခန့်မှန်းကြပါတယ်။
အယ်နီညိုကြောင့် မိုးရွာသွန်းမှု မူမမှန်တာ၊ နေ့အပူချိန်မြင့်တာ၊ မုန်တိုင်းဖြစ်ပေါ်နိုင်မှု မူမမှန်တာနဲ့ မိုးခေါင်ရေရှားတဲ့ အစွန်းရောက် မိုးလေဝသဖြစ်စဉ်တွေဖြစ်တာတွေ ဖြစ်ပေါ်နိုင်တယ်လို့ သိရပါတယ်။
အယ်နီညိုကြောင့် စိုက်ပျိုးရေးလုပ်ငန်းတွေ မထိခိုက်အောင် ဘယ်လို့လုပ်သင့်လဲလို့ မေးကြည့်တဲ့အခါ “စိုက်ပျိုးရေးကိုလည်း ကျန်းမာရေးလိုပဲ ကြိုတင်ပြင်ဆင် ကာကွယ်တဲ့စနစ်နဲ့ စိုက်ရမယ်။ ဖြစ်လာမှ ရာသီဥတုအလှည့်အပြောင်းကြုံလာမှ ဘယ်လို စိုက်မယ်။ ဘယ်လို နည်းလမ်းတွေနဲ့ စိုက်မယ်လုပ်တာက မသင့်ဘူးလို့ ဧရာဝတီမြစ်အနောက်ဖက်ကမ်းမှာ စိုက်ပျိုးရေးနည်းပညာတွေအထောက်အကူပြုပေးနေသူက ပြောပါတယ်။
သူက ဆက်ပြီး “အမယ်စုံစိုက်ပျိုးရေးကို ဒီဇိုင်းဆွဲပြီး စိုက်ရမယ်။ တဦးချင်းရော၊ ရပ်ရွာအလိုက်ရောကနေ ရေရှည်တည်တံ့တဲ့ စိုက်ပျိုးရေးစနစ်နဲ့ စကတည်းက အမယ်စုံစိုက်တဲ့ permaculture နဲ့ စိုက်ရမယ်”လို့ အယ်နီညိုကနေ ကာကွယ်နိုင်မယ့် သူကိုယ်တိုင် စိုက်ပျိုးနေတဲ့ ရေရှည်စိုက်ပျိုးရေးနည်းလမ်းတစ်ခုကို ပြောပြပါတယ်။
စိုက်ပျိုးရေးသမားတွေ လက်ရှိကြုံနေရတာတွေက
ဈေးကွက်မတည်ငြိမ်တဲ့ ဒါဏ်ခံနေရတယ်။ ရာသီဥတုဒါဏ်ခံရတယ်လို့ ဆိုပါတယ်။ ဒါအပြင် အယ်နီညိုကြောင့် ဇူလိုင်၊ဩဂတ်မှာ ၂လမိုးခေါင်တာက ငဖဲလို တောင်ပေါ်မှာလည်း ခံရတယ်။ ကော်ဖီ အသီးနည်းတယ်။ လိမ္မော် လုံးဝ မသီးဘူး။ သံပုရာ အထွက်လျော့တယ်လို့ သိရပါတယ်။
အယ်နီညိုနဲ့ပတ်သက်ပြီး ပညာပေးတာတော့ မိုးလေဝသဌာနတွေက ထုတ်ပြန်မှု ရှိခဲ့တယ်။ တကယ့် လက်တွေ့မြေပြင်မှာ ထိရောက်တဲ့နည်းပညာပံ့ပိုးမှုတွေ အားနည်းတယ်။ မရှိသလောက်ရှားတယ်။ မတည်ငြိမ်တော့ ပိုဆိုးတယ်။ တခြားသွင်းအားစုတွေနဲ့ ပတ်သက်တဲ့ ပံ့ပိုးမှု့ နည်းပါတယ်။ တောင်သူတွေ ခါးစည်း ခံပေတော့။ အရပ်ဘက်အဖွဲ့အစည်းတချို့ လုပ်ဆောင်နေတာတော့ရှိတယ်။ ထိထိရောက်ရောက် မပံ့ပိုးနိုင်ဘူး။ နည်းပညာပိုင်း ပံ့ပိုးမှုတွေ၊ ပညာပေးမြှတွေကလည်း ထိထိရောက်ရောက် မလုပ်နိုင်ဘူးလို့ သူက ရှင်းပြပါတယ်။
အယ်နီညိုနဲ့ ပတ်သက်ပြီး တောင်သူတွေ ဘာကြိုတင် ပြင်ဆင်ထားလဲလို့ မင်းဘူးနယ်က ကိုယ်တိုင် စိုက်ပျိုးနေတဲ့သူကို ကြည့်ပါတယ်။
“တောင်သူတွေမှာ အဲ့အသိ ရှိကို မရှိဘူး။ တကယ့်တောင်သူတွေမှာ အဲ့အတွေးအခေါ် ဘာမှ မရှိဘူး”လို့ သက်ပြင်းတချက်ချရင်း ရှင်းပြတယ်။
သူလယ်က ဆည်ကနေ တဆင့် ရေသွင်း စိုက်ပျိုးလို့ ရပါတယ်။ ရေသွင်းဆိုတော့ တောက်လျှောက် စပါးအပါအဝင် ၃သီးစား စိုက်နိုင်ပါတယ်။ “ဒီနှစ်ကတော့ စားဖို့လေးလည်းစိုက်တာ လယ်ဘေးနား ခရမ်းတို့ ငရုပ်တို့ စိုက်တယ်။ ဒါ့ကြောင့် ဝယ်မစားရဘူး-လို့ သူက ပြောပါတယ်။
သူတို့ဘက်မှာ ၇လပိုင်း ( ဇူလိုင်)မှာ စပါးစိုက်တယ်။ ၁၂လပိုင်း( ဒီဇင်ဘာ)မှာ နေကြာတို့၊ ကုလားပဲတို့ စိုက်တယ်။ တနယ်လုံးအဲလို စိုက်ကြပါတယ်။ နှမ်းက ၃လပိုင်း မတ်၊ ဧပြီမှာ စစိုက်ပြီး ၇လပိုင်းမှာ စပါး ပြန် စိုက်ပါတယ်။
“နောက်နှစ် အယ်နီညိုဆိုတော့ ဆောင်းမှာလည်း နှင်းပျောက်မယ်၊ မိုးမှာလည်း မိုးရှားမယ်။ ရေသွင်းမဟုတ်တဲ့ ဒေသတွေမှာ ထိခိုက်သွားမယ်။ ကုန်းသမားက သီးနှံပြောင်းစိုက်ဖို့ မလွယ်ဘူး။ မိုးနဲ့ နှမ်းအားကိုး စိုက်ရတာ။ မိုးကောင်းရင် ယူလိုက်မယ်။ မကောင်းရင် ပျက်မယ်။ နည်းတဲ့စရိတ်မဟုတ်ဖူး”လို့ သူက ပြောပါတယ်။
သူတို့နယ်မှာ အရပ်ဖက်အဖွဲ့အစည်း ၂ခုလောက်ပဲ ပညာပေးတာ ရှိတယ်။ နှမ်းစိုက်ဖို့ပညာပေးတာ ရှိတယ်။ ကျန်တဲ့အကြောင်းတရားတွေကတော့ ကျနော်တို့ဘက် မရှိပါဘူးလို့ ဆိုပါတယ်။
တပင်နဲ့ တပင် ၁၅လက်မ ခြားစိုက်တဲ့ SIR (System of rice intensifications) (စပါးအစွမ်းဖွင့် စိုက်ပျိုးနည်း)ဆိုတဲ့နည်းနဲ့ စပါးစိုက်တဲ့ အဲ့ဒီ မင်းဘူးနယ်က လယ်သမားက “အယ်နီညိုကြောင့် ကြုံလာမယ့်အခက်အခဲက တောင်သူတွေကတော့ ကြုံလာတော့လည်း ခံလိုက်ရတာပါပဲ။ ဒီနှစ်တော့ ငါတို့ မိုးမကိုက်လို့ မရတော့ဘူး ဆိုပြီးပေါ့”လို့ ဆက်ရှင်းပြပါတယ်။
တချို့ လူအနည်းအကျင်းကတော့ ကုန်ကျစရိတ် သိန်း ၃၀ တပတ်လည်လောက်ဆို ၇ဧကလောက် ရေပေးနိုင်တဲ့ ဆိုလာစနစ်ကို သုံးလာကြပြီလို့ သိရပါတယ်။
စိုက်ပျိုးရေးအသိပညာတွေပေးခဲ့သလို အော်ဂဲနစ်စိုက်ပျိုးရေးကို အားပေးခဲ့တဲ့ မကွေးကျေးလက်ကပညာရှင်တစ်ဦးက “အယ်နီညိုကို ဥရောပက သားရာသီဥတုလို့ခေါ်ပြီး၊ လာနီညာကို သမီးရာသီဥတုလို့ တင်စားပါတယ်။ အယ်နီညိုရဲ့သဘောကတော့ ပူတာပဲ။ ဥရောပမှာ အအေးပိုင်းဒေသတွေမှာက ပူတဲ့ရာသီဥတုကြောင့် စိုက်ပျိုးရေးအတွက် ကုန်ကျစရိတ်နည်းသွားတယ်။ ရာသီဥတုကနေ အကျိုးပြန်ရတယ်။ ဒါကြောင့် သားရာသီဥတုကနေ ပြန်ရတယ်လို့ ပြောပါတယ်။
အယ်နီညိုကြောင့် ပူပြင်းခြောက်သွေ့မယ်။ ဒီဘက်တွေမှာ အီကွေတာနဲ့ နီးလာလေလေမှာ ရာသီဥတုဖောက်ပြန်မှုများမယ်။ အပူဒါဏ်ခံရမယ်။ သက်ကြီးရွယ်အိုတွေ အပူရှိန်ကြောင့် ကျန်းမာရေးထိခိုက်တာ ခံရမယ်။ တိရိစ္စာန်တွေ အစာရေစာရှားမယ်လို့ ဆိုပါတယ်။
ဒီနိုင်ငံမှာ ဒီအချိန်ဆောင်းမှာ မသိသာသေးဖူး။ ၂၀၂၄မတ်လနောက်ပိုင်းမှာ ပိုသိသာမယ်။ အပူချိန် Temparature ၂ဒီဂရီက ၄ဒီဂရီ တိုးပြီးခံစားရမယ်။ ဥပမာ နေအပူချိန်က ၃၂ဆို ပတ်ဝန်းကျင်လှုံ့ဆော်မှု ကြောင့် ၄၀ထိခံစားရမယ်။ အယ်နီညိုကြောင့်က ၄၂ကနေ ၄၄ထိ တိုးခံစားရမယ်။ အပူရှိန် Heat stroke ဖြစ်တဲ့အတွက် သက်ကြီးရွယ်အိုနဲ့ ကလေးသူငယ်တွေ sensitive ဖြစ်တဲ့ ထိလွယ်ရှလွယ်သူတွေ အပူရှိန် တိုးပြီး ပိုခံစားရမယ်လို့ သိရပါတယ်။
မကွေးမြို့ အရှေ့ဘက်က တောင်သူကြီးတစ်ဦးကို မေးကြည့်ပါတယ်။ မကွေးကတော့ မိုးကို အဓိက အားကိုးပြီး စိုက်ပျိုးရတဲ့အတွက် ၂သီးပဲ စိုက်နိုင်ပါတယ်။ မိုးဦး စိုက်ပျိုးရေးကာလက မတ်လက စပြီး ၄လ ရှိပြီး၊ ဆောင်းမှာက ၄လ ရှိတယ်လို့ သိရတယ်။ မိုးဦးစောရင် ဆောင်းသီးနှံကိုလည်း စောစိုက်နိုင်တယ်။ မကွေးနယ်တချို့တွင် မိုးဦးနှင့် မိုးတွင်းမှာ မိုးက အချိန်ကိုက် ရွာသွန်းတာနဲ့ ကြုံရတဲ့အတွက် သီးနှံ အထွက် ကောင်းခဲ့တယ်။ အထွက်နှုန်းကောင်းသလို ဈေးကောင်းနှင့်လည်း ကြုံခဲ့ကြတယ်။ ယခုနှစ်မိုးသီးနှံ ကောင်းခဲ့တယ်။ မကောင်းခဲ့တာ ၃နှစ်လောက်ရှိပြီလို့ ပြောကြတယ်။
မကွေးက တောင်သူကြီးက “ဆောင်းသီးနှံက အထွက်နှုန်း မကောင်းလောက်ဖူး။ ဈေးကလည်း မကောင်းလောက်ဖူး။ နှမ်းနဲ့ မြေပဲစိုက်ရင် ရှုံးမှာ။ ပဲစဉ်းငုံက ဖြစ်လောလက်တယ်လို့ ဆိုပါတယ်။
သူက “အယ်နီညိုက ဆောင်းသီးနှံမှာ စခံရပြီ။ ပူစရာရှိ နင်းကန်ပူမယ်။ အေးစရာရှိ ‘ဖတ်’ဆိုပြီး အေးမှာ။ သီးနှံ မပြောနဲ့ ကြက်တောင် မကိုက်ဘူး။ စီပီကြက်မွေးရင်တောင် အပူရှိန် အတက်အကျဖြစ်နေတော့ မကောင်းဘူး။ ရာသီဥတုအကြောင်းက ကြီးကြပ်တာနည်းတယ်။ လေ့လာတဲ့သူ နည်းတယ်။
ဘာဖြစ်မယ်ထင်လဲဆိုတော့ မိုးနောက်ပိုင်း ပဲ(မြေပဲ) ရော နှမ်းရော မစိုက်ဘူး။ ဆောင်းတွင်းသီးနှံ ရှုံးနိုင်တယ်။ ရာသီဥတု မကောင်းနိုင်ဘူးဆိုပြီး ပဲလွန်းကြီးပဲ စိုက်တယ်။ ပဲလွန်းက နောက်နှစ်အတွက် မြေဩဇာအတွက် ကောင်းတယ်။ တောဓလေ့ တောပုံစံနဲ့ စိုက်တာကို ပဲလွန်းက ငါးသောင်းခွဲ၊ ခြောက်သောင်း ရနိုင်တယ်”ဒါကြောင့် သူကတော့ ပဲလွန်းပဲ စိုက်ပါတယ်တဲ့။
မိုးသီးနှံကို ပဲ(မြေပဲ)နဲ့ နှမ်း တနှစ်စီ၊ တလှည့်စီ စိုက်တယ်။ ဒီနှစ် ပဲဆို နောက်နှစ် နှမ်းစိုက်ကြတယ်။
တောဓလေ့ ရိုးရာဓလေ့နဲ့ စိုက်ကြတယ်။ အခုနောက်ပိုင်းနှစ်တွေမှာ ကန်ထဲက(နွေကာလ ရေခမ်းနေတဲ့)နှုံးမြေတွေ ဘာတွေ ကန်မြေတွေကို ယာထဲ ချတယ်။ နောက်နှစ်အတွက် ထွေလာနဲ့တိုက်ပြီး ယာထဲချတယ်။ မိုးကျတော့ သဲမဆန်တော့ဘူး။ အစိုဓါတ် ထိန်းပေးတယ်။ အဲ့လိုလေးပဲ ပြင်ကြတယ်လို့ သူက ပြောပါတယ်။
တောင်သူလယ်သမားတချို့နဲ့ ဒေသခံစိုက်ပျိုးရေးပညာရှင်တချို့ကတော့ ကိုယ်တတ်နိုင်တဲ့နည်းလမ်းတွေနဲ့ အယ်နီညိုကို တနိုင်တပိုင် ကျော်ဖြတ်ဖို့ ပြင်ဆင်နေကြပါပြီ။
နှင်းမပျောက်၊ လမ်းမပျောက်ဖို့ ကမ္ဘာလောကကြီးကပေးတဲ့ သဘာဝဘေးကိုလည်း ကျော်ဖြတ်ကြရပါဦးတော့မယ်။
Leave a Reply