ဆန်ဈေးကွက် အနည်းငယ်လှုပ်လာပြီး တစ်အိတ်လျှင် ငွေကျပ်တစ်ထောင်ဝန်းကျင် ဈေးမြင့်လာ

ရွှေမန်း

ပြည်တွင်းစားသုံးမှု ဆန် ဈေးကွက် ယမန်နေ့ကစ၍ အနည်း ငယ်လှုပ်လာပြီး တစ်အိတ်လျှင် ငွေကျပ် တစ်ထောင်ဝန်းကျင် ဈေး မြင့်လာသည်ဟု ဆန်ဈေးကွက်မှ သိရသည်။

ပြီးခဲ့သည့် မတ်လဆန်းမှ စ၍ ဆန်ဈေးကွက် အကျဘက်သို့ ရောက်ရှိသွားခဲ့ရာက ယခုကဲ့သို့ ဈေးပြန်လည် မြင့်တက်လာခြင်း ဖြစ်သည်။

“ဖေဖော်ဝါရီ တတိယပတ် လောက်ထိ ဆန်ဈေးအမြင့်ပိုင်းမှာ ဝယ်ထားသူတချို့ ပွဲရုံတွေက ဈေး ချမရောင်းနိုင်ဘူးဖြစ်နေတယ်။ တချို့ကလည်း လက်ရှိပေါက်ဈေး နဲ့ ရောင်းတာလည်း ရှိတာပေါ့။ ဆန်ကြမ်းရော ဆန်ချောရော နှစ် မျိုးလုံး ဈေးလှုပ်လာတာပါ”ဟု မန္တလေး ဆန်ပွဲရုံတစ်ခုထံမှ သိရ သည်။

ဆန်ဈေးမြင့်တက်ခြင်းမှာ စပါးဈေးပေါ်အခြေခံပြီး စပါး ထွက်ရှိမှုအခြေအနေပေါ်မူတည် ခြင်းကြောင့် နယ်စပ်မှ ပြည်ပ ဆန်တင်ပို့မှုတွင် ကုန်သွယ်ရေး ဦးစီးဌာနက ပို့ကုန်ဝင်ငွေအပေါ် ငွေလဲလှယ်မှုကို ၆၅-၃၅ မူဝါဒ ချမှတ်လိုက်ရာ မတ်လဆန်းပိုင်း
တွင် ဆန်နှင့်စပါး အဝယ်နား သလောက်ဖြစ်ခဲ့ရာက ဆန်၊ စပါး ဈေးကျဆင်းခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

“ဆန်၊ ဆန်ကွဲ နယ်စပ်က ရောင်းရင် အရင်တုန်းကတော့ ပြင်ပပေါက်ဈေးနဲ့ လဲလို့ရတယ်။ ရေလမ်းကုန်သွယ်မှုလိုပဲ ပို့ကုန် ရငွေအပေါ် ၆၅ရာခိုင်နှုန်းကို ဗဟိုဘဏ်ပေါက်ဈေးနဲ့ ငွေလဲ ရမယ်ဆိုတော့ ဆန်တစ်ပိုင်းကို ငွေကျပ် တစ်သောင်းဝန်းကျင် နစ်နာခဲ့တယ်”ဟု တရုတ်သို့ ဆန် တင်ပို့သူတစ်ဦးက ပြောသည်။

လက်ရှိပြည်တွင်းဆန်ဈေး ကွက်တွင် ၂၄ပြည်တစ်အိတ် လျှင် ရွှေဘို မဂျမ်းအိုးဝင် ထူးထူးရှယ်မှာ ငွေကျပ် ၆၇ဝဝဝ ဝန်းကျင်၊ သုခဆန်မှာ ငွေကျပ် ၆၅ဝဝဝဝန်းကျင်၊ ပဒေသာ အဟောင်း ငွေကျပ် ၇၇ဝဝဝ ပဒေသာအသစ် ငွေကျပ် ၆၅ဝဝဝ ပေါက်ဈေးရှိပြီး စပါးဈေးမှာ လည်း အတက်ဘက်သို့ ရောက် လာကြောင်း၊ မိုးစပါးဆန်ဟောင်း များမှာ လက်ကျန်မရှိသလောက် နည်းပါးသွားပြီဖြစ်၍ ဈေးကွက် ကျဆင်းခြင်းမရှိကြောင်း သိရသည်။

Leave a Reply

Your email address will not be published.