စီးပွား/ကူးသန်း၏ ရန်ကုန်အထိုင် စားအုန်းဆီတစ်ပိဿာဈေး ၅,၇၂၅ ကျပ် ရည်ညွှန်းစျေး သက် မှတ်ထားသော်လည်း စျေးကွက်အတွင်းကျပ် ၈,၀၀၀ ခန့် ပေါက်စျေးဖြစ်နေ

ရွှေမန်း

စီးပွား/ကူးသန်းဝန်ကြီးဌာန၊ စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်မှုကော်မတီက ရန်ကုန်အထိုင်ဈေးအဖြစ် စားအုန်းဆီတစ်ပိဿာကို ၅,၇၂၅ ကျပ်လို့ သတ်မှတ်ထားသော်လည်း လက်လီဈေးကွက်အတွင်း ကျပ် ၈,၀၀၀ ခန့် ပေးဝယ်နေရကြောင်းသိရသည်။

‘‘ပုံသေဈေးနှုန်းက ကျပ် ၅,၀၀၀ ကျော်လောက်ပဲ ရှိတယ်။ တကယ်တမ်းကျတော့ ၈,၀၀၀ လောက် ပေးဝယ်နေရတယ်။ တာဝန်ရှိသူတွေအနေနဲ့ အခြေအနေကို လေ့လာပြီး ဈေးကစားသူတွေကို အရေးယူသင့်တယ်’’လို့ သုံးစွဲသူတစ်ဦးက ပြောသည်။

‘‘ပြည်တွင်းဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းနှင့် မသမာသည့် လုပ်ဆောင်မှုများ ပြုလုပ်ပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူသွားမည်’’ဖြစ်ကြောင်း ကြီးကြပ်ရေးကော်မတီက အသိပေးထုတ်ပြန်ထားသည်။

စီးပွား/ကူးသန်းဝန်ကြီးဌာနအနေနဲ့ လက်ရှိမှာ စားအုန်းဆီကမ္ဘာ့ဈေးနှုန်း ဖြစ်ပေါ်ပြောင်းလဲမှုနဲ့အညီ ပြည်တွင်းဈေးကွက်မှာ ဖြစ်သင့်ဖြစ်ထိုက်တဲ့ ဈေးနှုန်းများ ဖြစ်ပေါ်လာစေရေးအတွက် ထိန်းကျောင်းဆောင်ရွက်နေကြောင်းသိရသည်။

ယခုအပတ်အတွင်း ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်တင်ပို့တဲ့ နိုင်ငံတွေမှာ စားအုန်းဆီဈေးနှုန်းများ အနည်းငယ်မြင့်တက်လာခဲ့ပြီး တစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ FOB ဈေးနှုန်းများအပေါ် အခြေခံကာ ဇွန်လ ၅ ရက်နေ့အထိ တစ်ပိဿာဈေး ၅,၇၂၅ ကျပ်လို့ ကြေညာထားသည်။

ဒီဈေးက မလေးရှားနဲ့ အင်ဒိုနီးရှားနိုင်ငံတို့မှာ ဖြစ်ပေါ်နေတဲ့ FOB ဈေးနှုန်းတွေကို နေ့စဉ်စောင့်ကြည့်ပြီး သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများကို ထည့်သွင်းတွက်ချက်ထားခြင်းလည်း ဖြစ်ကြောင်းသိရသည်။

Leave a Reply

Your email address will not be published.