စားအုန်းဆီလက်ကျန်များကို စီးပွား/ကူးသန်း၏ ခွင့်ပြုချက်ရမှသာ ထုတ်ယူခွင့်ပြုတော့မည်

ရွှေမန်း

စားအုန်းဆီကန်များမှ ဆီလက်ကျန်တွေကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ ခွင့်ပြုချက်ရမှသာ ထုတ်ယူခွင့်ပေးမယ်လို့ မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း(MEODA)က ကုမ္ပဏီတွေထံ အကြောင်းကြားထားကြောင်းသိရသည်။

စီးပွား/ကူးသန်းဝန်ကြီးဌာနက ညွှန်ကြားထားခြင်းဖြစ်တာကြောင့် MEODA အသင်းက ထပ်မံအကြောင်းကြားချက် တစ်စုံတစ်ရာမရှိဘဲ ဆီထုတ်ပေးခြင်းမပြုဘူးရန် တားမြစ်ထားသည်။

လက်ရှိ ပြည်တွင်းမှာ စားအုန်းဆီလက်ကျန်က မေလ ၉ ရက်နေ့အထိ စာရင်းများအရ ဆီကန်တွေမှာ လက်ကျန်ပမာဏအဖြစ် ၁၈၀၉၇.၁၆ တန်ချိန်ရှိပြီး ဒီပမာဏအတိုင်း ထားရှိဖို့လည်း အသိပေး​ထထားကြောင်း သိရသည်။

မေလ ၂၀ ရက်နေ့ နောက်ပိုင်းမှ စားအုန်းဆီတင်သင်္ဘောတွေ ဝင်ရောက်လာနိုင်တာကြောင့် စီးပွား/ကူးသန်းအနေဖြင့်ယခုလို ညွှန်ကြားခြင်းဖြစ်ပြီး ဆီပြတ်လပ်မှုမရှိစေဖို့ လုပ်ဆောင်လျက်ရှိသည်။

အင်ဒိုနီးရှားမှ ပြည်ပနိုင်ငံတွေထံ စားအုန်းဆီတင်ပို့မှုရောင်းချမှုကို ရပ်ဆိုင်းလိုက်ခြင်းက ပြည်ပနိုင်ငံတွေထံ ရိုက်ခက် မှုရှိခဲ့ပြီး မြန်မာ့စားအုန်းဆီဈေးကွက်အပေါ်လည်း သက်ရောက် မှု ရှိနေခြင်းဖြစ်သည်။

မေလ ၁၅ ရက်နေ့အထိ တစ်ပတ်တာ အခြေခံရည်ညွှန်းဈေးက တစ်ပိဿာ ၆၀၂၅ ကျပ် သတ်မှတ်ထားပြီး မေ ၁ ရက်နေ့ဈေးထက် ပိုမြင့်လာကာ ဝန်ကြီးဌာနသတ်မှတ်ပေးတဲ့ ရည်ညွှန်းဈေးနှုန်းတင် တစ်ပိဿာကို ကျပ် ၄၀၀ ကျော်အထိ မြင့်တက်လာခဲ့သည်။

လက်လီဈေးကွက်အတွင်းမှာလည်း တစ်ပိဿာပေါက်ဈေးအဖြစ် ကျပ် ၇၀၀၀ ကို ရောက်ရှိနေပြီး ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်တင်ပို့တဲ့ နိုင်ငံတွေမှာ စားအုန်းဆီဈေးနှုန်းတွေ မြင့်တက်လာတာကြောင်းသိရသည်။

မြန်မာနိုင်ငံအနေနဲ့ လက်ရှိအချိန်ထိ ပြည်တွင်းလိုအပ်ချက်အများစုအတွက် ပြည်ပနိုင်ငံတွေဆီက တင်သွင်းမှုအပေါ် မှီခိုနေရဆဲဖြစ်ပြီး ပြီးခဲ့တဲ့ ဘဏ္ဍာနှစ်အတွင်း စားအုန်းဆီအမယ်တစ်ခုတည်းအတွက် အမေရိကန်ဒေါ်လာသန်း ၈၃၀ နီးပါး သုံးစွဲထားကြောင်းသိရသည်။

Leave a Reply

Your email address will not be published.