စက်တင်ဘာလအတွင်း မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေးပြန်လည်စတင်နိုင်ရန် နှစ်နိုင်ငံညှိနှိုင်းလျက်ရှိ

ရွှေမန်း

ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး တိုးမြှင့်ဆောင်ရွက်နေခြင်းနှင့်အတူ ရောဂါကူးစက်ခံရမှုလျော့နည်းလာ သဖြင့် ရပ်တန့်လျက်ရှိသော မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေးအား စက်တင်ဘာလအတွင်း ပြန်လည်စတင်နိုင်ရန် နှစ်နိုင်ငံညှိနှိုင်းလျက်ရှိကြောင်း မူဆယ်သစ်သီးကုန်စည်ဒိုင် က သိရသည်။ တရုတ်အာဏာပိုင်များနှင့် မြန်မာဘက်မှ တာဝန်ရှိသူများ ညှိနှိုင်းရာတွင် မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်တွင် ကုတင် ၁၀၀၀ ဆန့် ကိုဗစ်စစ်ဆေးကုသရေးစင်တာ ဖွင့်လှစ်ပြီးပါက ၁၀၅ မိုင်သို့ မရောက်ခင်တွင် ဂိတ်တစ်ခု ဖွင့်ပေးပြီး ကုန်ကားမောင်းသူများကို ကိုဗစ်-၁၉ ရောဂါပိုး ရှိ၊မရှိ စစ်ဆေးကာ အကယ်၍ ပိုးတွေ့ပါက ကိုဗစ်စင်တာတွင် ရောဂါ ကုသပေးရန် စသဖြင့် ညှိနှိုင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်တွင် တည်ဆောက်လျက်ရှိသည့် ကုတင် ၁၀၀၀ ဆံ့ ကိုဗစ်-၁၉ ကိုဗစ်စစ်ဆေးကုသရေးစင်တာသည် စက်တင်ဘာလ လလယ်တွင်ပြီးစီးရန်ခန့်မှန်းတည်ဆောက်လျက်ရှိပြီး တည်ဆောက်ပြီးစီးချိန်တွင် သတ်မှတ်ချက်များနှင့်အညီ နှစ်နိုင်ငံကုန်သွယ်ရေး ပြန်လည်စတင်နိုင်မည်ဟု ဆိုသည်။ “နယ်စပ်ကုန်သွယ်မှုကို စက်တင်ဘာလ နောက်ဆုံးသီတင်းပတ်လောက်မှာ ပြန်လည် စတင်နိုင်မှာပါ။ ဆေးရုံကလည်း ကုတင် ၁၀၀၀ ဆံ့မှာ ဒေသခံတွေနဲ့ ကားသမားတွေကို ဦးစားပေး စစ်ဆေးပေးသွားမှာပါ။ ရောဂါပိုးတွေ့ရင် ဆေးရုံတက်ကုရမယ်။ အမြန်စစ်ဆေးပေးသွားမှာပါ။ ဆေးရုံကို စက်တင်ဘာ ၁၅ ရက်နေ့ အပြီး တည်ဆောက်နေပါတယ်။ နယ်စပ်ကုန်သွယ်မှု ပြန်စရင် မြန်မာပို့ကုန်တွေကို တရုတ်နိုင်ငံက ကားတွေ လာရောက် ချိန်းယူတဲ့စနစ်ဖြစ်လာမယ်။ တရုတ်နိုင်ငံကနေ မြန်မာနိုင်ငံကို တင်သွင်းတဲ့ ကုန်ချပြီးရင် မြန်မာပို့ကုန်တွေ ပြန်သယ်လို့ရမယ်။ တစ်ရက်ကို ကုန်ကား အစီး ၂၀၀ ခန့် သာ ဝင်ထွက်နိုင်မှာပါ။ လက်ရှိမှာ ကုန်သွယ်မှု ရပ်နားထားရတော့ ပို့ကုန်မှန်သမျှ အကုန်ရပ်နားထားရတယ်” ဟု မူဆယ်သစ်သီးကုန်စည်ဒိုင်မှ ဦးစိုင်းခင်မောင် ကပြောသည်။ ကိုဗစ်-၁၉ ရောဂါကြောင့် မူဆယ်နယ်စပ်ကုန်သွယ်ရေးမှာ ရပ်တန့်သွားခဲ့ရသည်မှာ နှစ်လခန့် ကြာမြင့်နေပြီဖြစ်ပြီး ပြန်လည်ဖွင့်လှစ်ခွင့်ရချိန်တွင် မူဆယ် ၁၀၅မိုင်စစ်ဆေးရေးဂိတ်မှ ကိုဗစ်နှင့်ပတ်သက်ပြီး စစ်ဆေးမှုများပြုလုပ်ကာ ပိုးမတွေ့ပါက ကားများကို ၁၀၅ မိုင်အထိ မောင်းနှင် ခွင့်ပြုပြီး ကားနားသည့် ကြားစခန်းတွင် ကုန်ချကာ တရုတ်ဘက်မှ ကုန်ကားများက လာသယ်ရန် စီစဉ်ထားသည်ဟု သိရသည်။

Leave a Reply

Your email address will not be published.