စကုမြို့နှင့်မန်းချောင်းလွင်ပြင်နောက်ခံသမိုင်းအကျဉ်း

စကုမြို့သည်မကွေးတိုင်း၊ မင်းဘူးခရိုင် အတွင်းတည်ရှိ၍ ရခိုင်ရိုးမတွင်မြစ်ဖျားခံပြီး မန်းရွှေစက်တော်ဘုရားကို ဖြတ်သန်း စီးဆင်းလာသော မန်းချောင်း (ရှေးအခေါ် နမန္တာမြစ်)၏ တောင်ဘက်ကမ်းပါးပေါ်တွင် တည်ရှိပါသည်။ စကုမြို့သည် ကျောက်ခေတ်၊ကြေးခေတ်၊ သံခေတ်၊ ပျူခေတ်၊ ပုဂံခေတ် မှ တိုင် ယခုအချိန်ထိ ယဉ်ကျေးမှုအစဉ်အဆက်ထွန်းကားရာမန်းချောင်းလွင်ပြင်၌ တည်ရှိသော ရှေးဟောင်း မြို့တစ်မြို့ ဖြစ်ပါသည်။ မန်းချောင်းလွင်ပြင်၏ ပထဝီအနေအထားမှာ မကွေးတိုင်းဒေသကြီး ၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်၏ အနောက်တောင်ဘက် ရခိုင်ရိုးမတွင်မြစ်ဖျားခံ၍ အရှေ့ဘက်သို့ စီးဆင်းနေပါသည်။ (ရ၈) မိုင်ခန့်ရှည်လျားပြီး စကုမြို့၊ ဆည်တော်ရွာမှစ၍ မြေပြန့်လွင်ပြင်အဖြစ်သို့ စတင်ရောက်ရှိ လာပြီး၊ ထိုနေရာတွင် တမိုင်ခန့် ကျယ်ဝန်းသော်လည်း မြေပြန့် လွင်ပြင် စစ်စစ် မဖြစ်သေးပါ။ဆက်လက်၍စကုမြို့မြောက်ဘက်မှ ကပ်လျက် စီးဆင်းသွားပြီး မင်းဘူးမြို့ အထက် ငါးမိုင်ခန့် တွင် ဧရာဝတီမြစ်နှင့် ပေါင်းဆုံပါသည်။ မြစ်ဆုံနေရာတွင် မန်းချောင်းလွင်ပြင်၏ အကျယ် မှာ (၇)မိုင် မှ (၈) မိုင်ထိ ရှိပါသည်။ဆည်တော်မှ မြစ်ဆုံထိ မန်းချောင်း၏ အရှည်မှာ မိုင် (၃၀)ကျော်ခန့် ရှိပါသည်။မန်းချောင်း အောက်ခင်း ကျောက်စရစ်မှာ ထူ၍၊ ပင်လယ်ရေမျက်နှာပြင်အထက် ပေ(၁၈၀) ခန့်တွင် တည်ရှိသော မန်းချောင်းလွင်ပြင် သည် မြောက်ဘက်နှင့် အရှေ့ဘက်တွင် နိမ့်၍ တောင်ဘက်နှင့် အရှေ့တောင်ဘက်သို့ တဖြေးဖြေးမြင့်တက်သွားပါသည်။ မန်းချောင်း၏ နုံးတင်မြေနုပို့ချမှုကြောင့် နုံး၊ သဲ၊ ရွှံ့စေးတို့သည် အချို့နေရာများတွင်အထပ်လိုက်၊ အလွှာလိုက် တည်ရှိပြီး မြေဆီလွှာ ကောင်းမွန်၍ သီးနှံများ စိုက်ပျိုးဖြစ်ထွန်းပါသည်။ မြေအောက်ရေကြော မှာလည်း မြေအောက်ပေ(၈၀)ခန့်သာရှိသဖြင့်ရှေးယခင်က လက်ငင်ရေတွင်းကြီးများ တူး၍ စိုက်ပျိုးရေးအတွက် အသုံးပြုခဲ့ကြသည်။

စကုမြို့သည် မန်းချောင်းလွင်ပြင် နှင့်အတူတူ ရှေးယခင်မှတိုင် ယခုအချိန်ထိ ခေတ်အဆက်ဆက် ယဉ်ကျေးမှုအစဉ်အဆက်မပြတ် ထွန်းကားခဲ့ရာ ရှေးဟောင်းမြို့ တစ်မြို့ဖြစ်သဖြင့် စကုသမိုင်း ၊
မန်းချောင်းလွင်ပြင်သမိုင်း ဟု ခွဲခြား၍ မရနိုင်ပေ။
စကု ဟူသော အမည်ကို တကောင်းရာဇဝင်ပါ မဟာသမ္ဘဝ ၊
စူဠသမ္ဘဝ မျက်မမြင် မင်းသားနှစ်ပါးတို့၏ အကြောင်းနှင့်
ဆက်စပ်ပြောဆိုလေ့ ရှိကြသည်။ ထိုမျက်မမြင်
မင်းသားနှစ်ပါးတို့အား ဧရာဝတီမြစ်ရိုးအတိုင်း ဖောင်နှင့်မျှော
လိုက်ရာ စစ်ကိုင်းမှ စန္ဒမုခီ ဘီလူးမသည် ဖောင်ပေါ်တွင်အတူစီး၍
လိုက်ပါခဲ့လေသည်။ လမ်းတွင် စားမြိန်စာများကို ခိုးစားသော ဘီလူးမအားမိ၍ မင်းသားများက သတ်မည်အပြုတွင် ၊ မျက်စိ
အလင်းရအောင်ကုသပေးမည်ဟူသော ကတိပြုချက်ကြောင့် ဘီလူးမကို အသက် ချမ်းသာခွင့် ပေးလိုက်၏။ ထိုနေရာမှစ၍
မင်းသားနှစ်ပါးအား မျက်စိအလင်းရအောင် စတင် ကုသပေး
သည့်အတွက် စကု ဟုခေါ်တွင်ကြောင်း မြန်မာ့စွယ်စုံကျမ်းအတွဲ (၃)၊ စာမျက်နှာ ၃၀၄ ၊ ၃၀၅ တွင်ဖေါ်ပြထားပါသည်။မျက်စိအလင်းရသည့် နေရာကို စလင်း ဟုခေါ်ဆိုကြောင်း ပြောဆိုကြပါသည်။ သို့သော်လည်း မြေပြင်အခြေအနေမှာ စလင်းသည် စကု၏
မြစ်ကြောင်းအထက်တွင် တည်ရှိနေပြီး၊ စကုသည်လည်း
ဧရာဝတီမြစ်ကမ်းဘေး တွင် တည်ရှိသောမြို့ မဟုတ်သောကြောင့် စကု နှင့် မဟာသမ္ဘဝ ၊ စူဠသမ္ဘဝ မျက်မမြင် မင်းသားနှစ်ပါးတို့၏ အကြောင်းနှင့် ဆက်စပ် ပြောဆိုသော အယူအဆသည် လက်တွေ့ မကျပေ။
စကုဒေသခံများအနေဖြင့် စကု ဟူသောအမည်သည် မန်းရွှေစက်တော် နှင့် ကျောင်းတော်ရာဘုရား သမိုင်းတို့ကိုညွန်းဆို၍
ပုဏ္ဏောဝါဒသုတ် လာ သကုဏ မှ ပြောင်းလဲဖြစ်ပေါ်လာခဲ့သည်။
သကုဏ မှ သကု ၊ သကု မှ စကု ဖြစ်လာ ပြီး ငှက်ပေါရာ အရပ်ဟု ယူဆကြပါသည်။
မုံရွေးဇေတဝန်ဆရာတော်ဘုရားကြီး ရေးသားသော စေတိယကထာ တွင် “ စကု အရပ်ကို စန္ဒဂုတ္တမြို့ သမုတ်တည်ထောင်၍
ဒေဝမိတ္တမင်းသည် တရားနှင့်ညီစွာ မင်းပြု၏။ မင်းဆက်ငါးရာခန့်
တည်ပြီးလျှင် နောက်ဆုံးမင်းလက်ထက်၌ ကျီးတကာတို့ ကို
သတ်စေရာတွင် လေကြီးခုနှစ်ရက် နေ့ညမသိလာ၍ အိမ်ရာလူသူ လေထဲလွင့်ပါး ပြီး ပျက်စီး၍ မရပ်မတည်နိုင် ရှိလျှင် ပျက်လေ၏။” ဟုဖေါ်ပြပါရှိပါသည်။
ရွှေစက်တော်သံပိုင်းကျောက်စာတွင် စကုနှင့် ပတ်သက်၍ ပထမ အမည် ရမ္မာဝတီ၊ ဒုတိယအမည် သကုဏ၊ တတိယအမည် စကု ဟုဖေါ်ပြထားပါသည်။
စကု ကို စန်းကု ဟု အစောဆုံး ဖေါ်ပြထားသည် ကို စကုမြို့၊
မြို့တွင်း အရှေ့ဘုန်းတော်ကြီးကျောင်းရှိ မြန်မာသက္ကရာဇ် ၁၁၉၁၊ တန်ဆောင်မုန်းလပြည့် ကျော် (၈) ရက်နေ့ ရေးကူးသော ပေစာ
တစ်ခုထဲတွင် စန်ကုမြို့ မြောံဖက် ဦယဉ်စဉ်ရွာ နေ မောင်ရွန်
မိတော ကောင်းမှု နိဗ္ဗာန်ဆု ဟု တွေ့ရပါသည်။
Gazetteer of Upper Burma and the Shan States, Part 2, vol 2 တွင် စကု ကို ရမ္မာဝတီ ဟုလည်း ခေါ်ဆိုပြီး၊ အနီးနားတွင် သကုဏ ဟု အမည်တွင်သောတောအုပ်ကြီး
တစ်ခုလည်းရှိခဲ့ပါသည်။ အောက်ကျောင်း နားတွင် နန်းတည်ထားသော ရေပူမင်းကြီးက ဇာတာ စန်း လဂ် မကောင်း သောကြောင့်
ကံဇာတာကောင်းမွန်အောင် သကုဏကျင်း အရပ်ကိုပြောင်းရွှေ့၍
မြို့သစ်တည်ခဲပြီး စန်းကု ဟုခေါ်တွင်ခဲ့သည်။ နောင်တွင် စကု
ဖြစ်လာခဲ့သည် ဟု ဖေါ်ပြထားပါသည်။(စကုဒေသခံများကမှု
သကုဏ တောအုပ်ကြီး ကို အစွဲပြု၍ ခေါ် သော သကုဏ မှ သကု၊ သကု မှ စကု ဟုပြောင်းလဲခဲ့ပုံကိုသာ မှတ်ယူခဲ့ကြပါသည်။)
စလင်းဆရာတော် ဦးပဏ္ဍိစ ရေးသားသော စလင်းဝိနည်းပဏ္ဌိသစ်ကျမ်းစာအုပ်၊ မဟာနိဒါနကထာ မှာ စကုမြို့သည် ပုဂံပြည် ရေပူမင်း တိုင်းခမ်းလှည့်လည်ရောက်ရှိ စဉ် ဗေဒင်ကိန်းခမ်း အရ စန်း၊ လက် ယတြာချေ ကုသ သောကြောင့် စန်းကု ဟု အမည်တွင်သည် လို့ ဖေါ်ပြထားပါသည်။(ဤနေရာတွင် ပုဂံပြည် ရေပူမင်း ဆိုသည်ထက် Gazetteer တွင်ပါသော အောက်ကျောင်း နား ရေပူမင်းကြီး ဆိုသည်ကသာ ပို၍သင့်ပေသည်။ ရေပူမင်းကြီး ဆိုသည်မှာ
၎င်းတည်ခဲ့သောမြို့ ပတ်ဝန်းကျင်တွင် ရှိခဲ့သော ရေပူတွင်းများကို အစွဲပြု၍ ခေါ်တွင်ခဲ့သည် ဟု ယူဆနိုင်ပေသည်။ ယခုချိန်ထိ
အောင်ပင် ထိုနေရာဝန်းကျင်မှ ရွာတချို့တွင် ရေတွင်းတူး သည့်
အခါရေပူများ ထွက်လာတတ်ပါသည်။ ရေပူရိုး ဟူသော အမည်ပင် ခုချိန်ထိ ရှိပေသေးသည်။)
ဒေါက်တာသန်းထွန်း က မြန်မာသမိုင်းရှာတော်ပုံ စာအုပ် ၊
စာမျက်နှာ(၅၀)တွင် စကုကို ရှမ်းနာမည်လို့ သိတဲ့ နာမည်၊
ရှမ်းနာမည် ဖြစ်လေမလား တွေးရတဲ့ နာမည်နေရာဒေသ
စာရင်းထဲ၌ ထည့်ထားပြီး စုံတွဲမြို့ ဟု ဖေါ်ပြ၍၊ ပြင်ပါ၊ဖြည့်ပါ
ဟုလည်း ရေးသားခဲ့ပါသည်။ ဦးရည်စိန်၏ လက်ရွေးစင်စာတမ်းများ စာအုပ်၊ စာမျက်နှာ(၃၆၅) တွင် “စ” သည် တိုင်(ရှမ်း) ဘာသာ စကား “စေ”မှ ပျက်ပြားလာသော စကားဖြစ်၍ “မြို့” ဟု
အနက်ရှိ၏။ “စကု” သည် “စေကု” မှလာသည်ဖြစ်၍ “စုံမြို့” ဟု
အနက်ထွက်လေသည် ဟုဖေါ်ပြထားပါသည်။
ဂျီအိပ်လုစ်၏ ကျောက်ဆည် စာတမ်းတွင်မှု ပလောင်တို့က
မင်းဘူးနယ်တွင်ဆည်မြောင်းလုပ်ငန်း များစတင်ခဲ့သူများဖြစ်ပေ
မည်။ယာယီအားဖြင့် စကောကရင်များဖြစ်သည်ဟုယူဆသည်။
စကြဝ်တို့သည် အေဒီရှစ်ရာစုတွင် မြန်မာနိုင်ငံကိုဖြတ်၍ ဧရာဝတီကိုကူးခါ မင်းဘူးနယ်သို့အောင်နိုင်သူ သို့မဟုတ် ပလောင်တို့
၏ မဟာမိတ်များအဖြစ်ဖြင့်ရောက်လာကြဟန်တူ၏။ ထိုသူများ
သည် ထိုနယ်၌ရွာများစွာတည်၍ အနည်းဆုံး မြောင်းတစ်ခုတူးခဲ့ကြပါသည် ဟု ဖေါ်ပြထားသည်ကိုတွေ့ရပါသည်။
“ကြာသီးနု၊ စကုတည်” ဟူသော မြို့တည်ဆိုရိုးစကား အရ မြန်မာသက္ကရာဇ်၂၆၇ ခုနှစ်၊(တချို့က နု ကို သုည ဟု ယူဆပြီး ၂၆၀ ခုနှစ်) တွင် စကုမြို့ကို တည်သည်ဟု မှတ်ယူကြပါသည်။
ရှေးဟောင်းသုတေသီတစ်ဦး ရေးသားသော ရှေးခေတ်မြန်မာနိုင်ငံ
မြို့ ရွာ နယ်ပယ်သမိုင်း ဖြည့်စွက်တွဲ တွင် မြန်မာနှစ် ၂၇၆ ခုနှစ်
တွင် စောရဟန်းမင်း က စကုမြို့အပါအဝင်မြို့ (၈)မြို့ ကို
ပြုစုတော်မူသည် ဟု ဖေါ်ပြထားပါသည်။
ပုဂံခေတ် ကျောက်စာများတွင် စကု ဟုဖေါ်ပြထားသည်ကို
မြန်မာသက္ကရာဇ် (၄၂၀) ခုနှစ်တွင် ရေးထိုးသော ဂဝံကျောင်း
ကျောက်စာ (မန္တလေးနန်းတွင်းရုံ ကျောက်တိုင် အမှတ် ၁၀) တွင် တွေ့ရှိရပါသည်။ ပုဂံခေတ်ကျောက်စာ (၁၉) ချပ်တွင် စကု
အမည်ကိုတွေ့ရှိရပြီး။ မန်းချောင်းလွင်ပြင်တွင် ပုဂံခေတ်ထိုး
ကျောက်စာ ( ၄ ) ချပ် ကိုတွေ့ရပါသည်။
ရှင်စန္ဒလင်္ကာ ပြုပြင်စီရင်သော မဏိရတနာပုံကျမ်းတွင်
ကျန်စစ်သားမင်း သည် သားတော်(ရာဇကုမာ) ကို သီရိခေတ္တရာ ဟူသောအမည်နှင့်တကွ စကုမြို့တောင်စဉ် (၇) ခရိုင်ကို ပေး၍
စကုတွင် နေရလေသည် ဟုဖေါ်ပြထားပါသည်။
ဇာတာတော်ပုံရာဇဝင်တွင် စကုမြို့ ကို မြန်မာနှစ် (၆၆၁) ခုနှစ်
တွင်တည်ပြီး၊ အကျယ်အဝန်း တာ(၇၁၀)၊ လေးရာပြုမြို့ ဟုဖေါ်ပြထားပါသည်။
တင်နိုင်တိုး ၏ မြန်မာမြို့အဘိဓါန် စာအုပ်တွင် စကုမြို့ ကို
တောင်တွင်းမင်း သီဝိပဒေ က ခရစ်နှစ် ၁၂၉၉ နိုဝင်္ဘာ ၃၀ ရက်
(မြန်မာနှစ် ၆၆၁ ခုနှစ်၊ နတ္တော်လဆန်း ၇ ရက်) နေ့တွင်
မြို့သစ်တည်ထောင်သည် ဟုဖေါ်ပြထားပါသည် ။
မြန်မာနှစ် (၆၇၉) ခုနှစ် ထိုး အနန္တသူမောင်နှံကျောင်း
ကျောက်စာ (ပုဂံပြတိုက် ကျောက်တိုင်အမှတ် ၇၃) မှာ စကုခရိုန် ဟု ရေးထိုးထားသည် ကိုတွေ့ရပါသည်။
အင်းဝခေတ် မှ တိုင် ကိုလိုနီခေတ်ဦးအထိ စကု မြို့စား မြို့ဝန်
မြို့သူကြီး ပေါင်း အရေအတွက်အားဖြင့် အစဉ်အဆက်(၄၀)ကျော် စာရင်းပြုစု ရရှိခဲ့ပါသည်။(မှားရင်ပြင်၊ လိုရင်ဖြည့် ကြရပါမည်။)
အထက်ဖေါ်ပြပါ စကုနှင့်ပတ်သက်သော သမိုင်းမှတ်တမ်း
နှင့် ယူဆချက်များသည် မည်မျှအထိ မှန်ကန်မှုရှိနိုင်သလဲ၊
မည်မျှလောက်အထိလက်တွေ့ မြေပြင်အနေအထားနှင့် နီးစပ်မှုရှိသလဲ ဆိုသည့်မေးခွန်းများကို လေ့လာ ကွင်းဆင်း ဖေါ်ထုတ်
စမ်းသပ် တူးဖေါ် စသည့် သုတေသနလုပ်ငန်းများကသာ
အနီးစပ်ဆုံးနှင့် မှန်ကန်မှု ရှိနိုင်ဆုံးသော အဖြေကိုပေးနိုင်ပါလိမ့်
မည်။
မူရင်း ဇော်မျိုးဦး

Leave a Reply

Your email address will not be published.