ငတေလည်း မ-မာနိုင်ပါ

ကာကွယ်ဆေး ထိုးပေးနေစဉ်မှာ နောက်ထပ် ပြဿနာတခု ပေါ်လာပြန်ပါတယ်။ အဲဒါက ကာကွယ်ဆေး ထိုးပြီးရင် အကာအကွယ် အစီအမံတွေ ဖြစ်တဲ့ ပါးစပ်နှာခေါင်းစည်း တပ်တာ၊ လက်ဆေးတာ လုပ်စရာ မလိုတော့ဘူး ထင်တဲ့ ပြဿနာပါ။ ဘယ်သူ မ-မာမာ၊ ငတေ မာရင် ပြီးရော အထင်ပါ။ မထင်ပါနဲ့။ အကာအကွယ် အစီအမံတွေ မလိုက်နာရင် ငတေလည်း မ-မာနိုင်ပါ။ ရှင်းပြပါရစေ။ (၁) ကာကွယ်ဆေး ဒုတိယ အကြိမ်မြောက် ထိုးပြီးလို့ နှစ်ပတ် အကြာကျမှ လုံလောက်တဲ့ ခုခံအား Antibodies ထွက်ပါတယ်။ ဆိုလိုတာက ကာကွယ်ဆေး နှစ်ကြိမ် အပြည့် ထိုးထားပေမယ့် ဒီနှစ်ပတ် အတွင်းမှာ ရောဂါ ကူးစက်ခံနိုင်ရသေးတယ် ဆိုတဲ့ သဘောပါ။(၂) အိုကေ… အဲဒါဆို ကျနော်/မက ဒုတိယ အကြိမ် ကာကွယ်ဆေး ထိုးပြီး နောက်နှစ်ပတ်ကြာ အထိပဲ ကာကွယ်ရေး အစီအမံကို လိုက်နာမယ်၊ နှစ်ပတ်ကျော်တဲ့အခါ လိုက်နာစရာ အလိုတော့ဘူးပေါ့လို့ မေးစရာ ရှိပါတယ်။ မရပါ။ ဘယ်ကာကွယ်ဆေးမှ ရာနှုန်းပြည့် ကာကွယ် မပေးနိုင်ပါ။ Breakthrough case ဆိုတဲ့ ကံဆိုးမ သွားလေရာ မိုးလိုက်လို့ ရွာတဲ့ အထဲမယ် ကိုယ်လည်း ပါနိုင်တယ်လို့ မှတ်ထားပါ။(၃) ကာကွယ်ဆေး အမျိုးအစား အလိုက် ခုခံအားက ၃ လ ကြာတယ်၊ ၆ လကြာတယ် စသဖြင့် ပျှမ်းမျှ ခုခံအားစနစ် ကြာချိန်ကို သုတေသန လုပ်ထားတဲ့ စာတမ်းတွေ ရှိပါတယ်။ သေချာတာကတော့ တသက်လုံး ကာကွယ်ပေးနိုင်တဲ့ ကာကွယ်ဆေးလို့ ဘယ်သုတေသန ရလဒ်မှ မရှိသေးပါ။အဲဒီတော့ တခါ လက်ဆေးရုံနဲ့ တသက်လုံး လက်လျှို ထမင်း စားလို့ ရတယ်လို့ ယူဆလို့ မရသလို အကြိမ်ပြည့် တခါ ကာကွယ်ဆေး ထိုးပြီးရုံနဲ့ တသက်လုံး မျက်နှာ နှာခေါင်းစည်း တပ်စရာ မလိုတော့၊ လက်ဆေးစရာ မလိုတော့လို့ မတွေးကြပါနှင့်။အချုပ်မှာ ကာကွယ်ဆေး အကြိမ်ပြည့် ထိုးပြီးသည့်တိုင် Mask တပ်ပါ။ လက်ဆေးပါ။ Mask နဲ့ Handgel က အနာဂတ် ကာလမှာ ကျနော်တို့ရဲ့ ပုံမှန် တကိုယ်ရေသုံး ပစ္စည်း ဖြစ်လာမှာ မုချပါ။ အားလုံးရဲ့ အတိတ် အလွမ်းတွေကို ကျနော် နားလည်ပါတယ်။ ဟိုးတခါတုန်းက ငါတို့ လက်ဖက်ရည်ဆိုင် ထိုင်ကြတုန်းက……ဘီယျာဆိုင် ထိုင်ကြတုန်းက….. ဆိုတဲ့ အလွမ်းတွေပေါ့။ ဒါပေသိ ပစ္စုပ္ပန်နဲ့ အနာဂတ်ကာလမှာ ကျနော်တို့ရဲ့ အတိတ် လွမ်းဖျား လွမ်းနာကို Mask တပ်၊ Handgel ဆောင်ထားခြင်းဖြင့် မွမ်းမံယူရပါတော့မည်။အားလုံး ကျန်းမာ၊ ချမ်းသာကြပါစေလို့ ဆုတောင်းလျှက်။ဒေါက်တာဉာဏ်-Dr. Nyan မိသားစု ဆေးခန်း၊ကြာအင်းဆိပ်ကြီးမြို့။

Leave a Reply

Your email address will not be published.