ချာချာလည် ဂျွမ်းတွေပြန်လည်း

ကောင်းဇာ်

အညာ၏ သဏ္ဍာန်သည် မွဲခြောက်ခြောက်နှင့်။
အညာ ယာခင်းများမှာ အညာသားတစု၏ ကျောကုန်း မဲပြောင်ပြောင်များ ကျောချင်းစုကပ်ထားသည့်နှယ်။
ကျောမွဲ ယာခင်းများထဲ ပဲ၊ နှမ်း၊ ပြောင်းတို့ ရှင်သန်ဖြစ်ထွန်းနေသည်ကို မမြင်ရ။ နေပူရှိန် ပြင်းပြင်းအောက်တွင် တလက်လက် မြင်နေရသည်တို့မှာမျှော်လင့်ချက်တွေလား၊ ဘဝအမောတွေလား ခွဲရခက်လှသည်။ ရှေ့မှာ ရှိနေသည်က တံလျှပ်တို့ မဟုတ်ပဲ၊ အိုအေဆစ် ဖြစ်လျင် ကောင်းပေစွ။

စလင်းနယ်ဘက်ကို လာရောက်၍ စိုက်ပျိုးရေးလုပ်သူ လုပ်ငန်းရှင်တစ်ဦးကို ဖုန်း မက်ဆင်ဂျာက တဆင့်မေးကြည့် ရသည်။ သူလည်း သူ့ စိုက်ပျိုးရေးလုပ်ငန်းခွင်သို့ သိပ်မလာနိုင်တော့။ စိတ်ချရသည့် အလုပ်သမားများကို လွှဲထားပြီး အွန်လိုင်းကတဆင့် ညွှန်ကြား စိုက်ပျိုးရေးလုပ်သူတဦးလို ဖြစ်နေသည်။ Office at Home ကို တနည်းတဖုံဖြင့် စိုက်ပျိုးရေးကို အိမ်မှတဆင့် စီမံသူဖြစ်နေပုံရသည်။
သူက စိုက်ခင်းတွေကို ပစ်ထားသလိုလဲ မဖြစ်အောင်
အရင်းနည်းနည်း၊ အမြတ်နည်းနည်း ဖြစ်တဲ့ ပဲစဥ်းငုံ စိုက်သည်ဟု ဆိုသည်။
“ခင်ဗျားတို့ အညာကလည်း ပဲစင်းငုံလို အသက် အပြင်းဆုံး အပင်တောင် စိုက်မရအောင် မိုးခေါင်နေတော့ ဘယ်လို ဆက်လုပ်ရမယ်မှန်းတောင် မသိတော့ဘူး”ဟု စိတ်ပျက် ညည်းတွားရေရွတ်သည်။ သူက ဆက်ပြီး
“ဒီနှစ် မိုခါမိုးမှာ ပဲစဉ်းငုံ ၁၈ဧက ကြဲထားတာ၊ ၁၀ဧကလောက် လစ်သွားပြီ။
စီးပွားရေးနဲ့ စိုက်ပျိုးရေးလား။ အဆင်မပြေဘူး။ တယောက်မှ အဆင်မပြေဘူး။ ပွင့်ဖြူ၊ လယ်ကိုင်း၊ စလင်းနယ်က နှမ်းသမားတွေ မိုခါရော၊ နောက်မိုးတွေမှာရော အကုန်လောက် ပါသွားတယ်။
စိုက်ပျိုးရေးက ကိုဗစ်စ,ကတည်းကဆိုတော့ ၂နှစ်ခွဲလောက် ရှိပြီ။ မက, မကဖို့ပဲ။ စီးပွားရေးက
မြန်မာတပြည်လုံး ဂျွမ်းတွေ ပြန်နေတာ။ ထပ်ပြီး အယ်နီညိုက ဒုက္ခပေးဦးမယ်။ ဒီဇင်ဘာမှာ အပူပေးမယ့် ရာသီဥတုအနေအထား ထပ်ကြုံမယ်။
ဒီဘက် မိုးဦးတုန်းကအခြေအနေ မကောင်းဘူး။ မိုးနှောင်းလဲ ကောင်းမှာ မဟုတ်ဘူး။
မြေကြီးက ဈေးတက်တယ်။ သိန်းရာချီရင်းလဲ အကျိုးအမြတ်ရမယ့် နည်းက မရှိဘူး။ ရွှေ၊ ကား ဈေးတွေက ကြောက်ခမန်းလိလိ။
စိုက်ရေး ပျိုးရေးတွေ မကောင်းတော့တာ အချက် ၃ချက် ရှိတယ်ဗျ။ စိုက်ပျိုးစရိတ်က အရင်ကထက် ကြီးလာတယ်။ ပိုကုန်လာတယ်။
ထွန်စက်မောင်းခ၊ အလုပ်သမားခ၊ မြေဆီ ဓါတ်မြေဩဇာ၊ စိုက်ပျိုးရေးဆေး ပစ္စည်း အစစ အကုန်လုံး အရင်က‌ထက် ကြောက်ခမန်းလိလိ ဈေးတက်လာတယ်။ ကုန်ကျစရိတ်ဈေးက ပိုကုန်လာတယ်။ သီးနှံပေါ်ပေးနဲ့ ချေးငှားလုပ်ရရင် ကိုယ်တွက် ဘာမှ မကျန်တော့ဘူး။
သီးနှံဈေးက ဒီဈေးက ဒီဈေးပဲ။ အဲ့ဒီတော့ လယ်ယာစီးပွားရေးက ခပ်ယဲ့ယဲ့ပဲ ကျန်တော့တာ။
အလုပ်သမားတွေ ရှားလာတယ်ဗျာ။ ဒေသတွေမှာ မနေရဲတာကလဲ အလုပ်သမား ထပ်ရှားစေရော”ဟု သုံးသပ်ပြသည်။
သူတို့နယ်မှ လူများ၏ ကျန်းမာရေးမေးမြန်းကြည့်ရာ
“ခြံထဲက အလုပ်သမားတွေရဲ့ ကျန်းမာရေးကတော့ မဆိုးဘူး။ အလုပ်သမားက ၃ယောက်ပဲ ခြံစောင့်နဲ့ တောက်တိုမယ်ရစိုက်ဖို့ပဲ လူချန်ထားတယ်။ ကိုဗစ်က လူလူချင်းဆက်ဆံရင် ကူးတာမျိုးဆိုတော့၊ စိုက်ခင်းထဲ တယောက်နဲ့ တယောက် InTouch မဖြစ်တော့ သိပ်မဖြစ်ခဲ့ကြဘူး။ အခုတုပ်ကွေးလဲ မဖြစ်ကြဘူး။
ကျန်းမာရေးက သိပ်မဆိုးဘူး။ မဆိုးဘူးဆိုတာ ပိုးဆိုးပက်စက် မဖြစ်ဘူး။
ကျန်းမာရေးဖြစ်စရာလဲ လူတွေက တော်တော်လေးကို မရှိတော့ဘူး”ဟု ပြောသည်။

ရေနံချောင်းနယ်မှ အော်ဂဲနစ်လယ်ယာ စိုက်ပျိုးထုတ်လုပ်သူနှင့် ဇီဝဓါတ်မြေဩဇာစနစ် အားပေးသူပညာရှင်တဦးက “မိုးက ရွာပေမယ့် ကွက်ကျားမိုးဗျ။ ရေနံချောင်းဘက်နေရာတချို့လဲ ပဲခင်းခြောက်ကုန်ပြီ။
ရေနံချောင်းဘက် နှမ်းအစိုက်နည်းတယ်။ မကွေးက နှမ်းတွေက အပင်သာကောင်းနေတာ။ သီးလုံးမထဲ့နိုင်ဘူး။ အပွင့်လှိုင်တုန်း မိုးပြတ်တော့ အပွင့်ကပ် ကုန်တယ်။ မိုးက နှမ်းအပွင့်မြိုင်လာစမှာ တမိုး လိုတယ်။ အပင် ဒူးဆစ်လောက်အမြင့်မှာ အပွင့်တွေနဲ့ အသီးကပ်ပါလာချိန် တမိုးလိုတယ်။ မဟုတ်တဲ့ အချိန်တွေ မိုးရတော့ အပင်ကသာ လူတရပ်လောက် မြင့်နေတာ အသီးမတင်ဘူး။
ရေနံချောင်းနယ်မှ ကျေးလက်မှ ရွာသူရွာသားတို့၏ ကျန်းမာရေးမှာလည်း အခြားဒေသများထက် ထူးပြီး ကောင်းပုံမရ။ ရေနံချောင်းမှ စိုက်ပျိုးရေးပညာရှင်က ဆက်လက်၍ ရှင်းပြပုံမှာ “ကျန်းမာရေးက လူတွေမှာ ကိုဗစ်ကာကွယ်ဆေးလို နောက်ဆက်တွဲဆေး ထိုးလို့ တချို့ဆေးခန်းတွေမှာ ရတယ်။ ဘာလို့လဲတော့ မသိဘူး။ ‌တချို့ဆေးခန်းတွေ အတွင်းထဲမှာ ကိုဗစ်ကာကွယ်ဆေးဆိုပြီး၊ ကိုဗစ်နောက်ဆက်တွဲကာကွယ်ဆေး ထိုးနိုင်ပါတယ်လို့ ကပ်ထားတယ်။ ခု ပြင်းထန် တုပ်ကွေးလိုဟာက ရွာတွေလဲ ဖြစ်ကြပါတယ်။ ရာသီဥတုက မညီညွတ်ဘူး။ ခု နေပူလိုက်၊ ခု မိုးဖွဲရွာလိုက်နဲ့ ကွက်ကြားဖြစ်နေတော့ လူတွေအတွက်လဲ မကောင်းဘူး။ သီးနှံအပင်တွေအတွက်လဲ မကောင်းဘူး။ ရွာစရာရှိ ရွာ။ ပြီး နေ ရဲရဲ ပူလိုက်။ အဲ့လို ဆို မဆိုးဘူး။
ကိုဗစ်နောက်ပိုင်းဆိုပြီး ရွာတွေမှာ ဆိုးဆိုးရွားရွားမရှိဘူး။ ခုတလောပိုင်းမှာ ကြားလာနေတာက ကင်ဆာတို့၊ ကျောက်ကပ်တို့ အဖြစ်များလာတယ်။ ရွာတွေမှာ ဓါတုဆေးထက် ပိုဆိုးတာက ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးတွေကြောင့် အဲ့ဒီရောဂါတွေ အဖြစ်များလာတယ်။ ရောင်းတဲ့ ဆိုင်အများစုကလည်း အသုံးပြုနည်းကို သေချာ မပြောပြပေးလိုက်ဘူး။ ယာသမားက သူ့အခင်းလေးကိုဖုန်းနဲ့ ဓါတ်ပုံရိုက်ပြီး ‌စိုက်ပျိုးရေးဆေးဆိုင်တွေကို ပြတယ်။ ဆိုင်အတော်များများက အဲ့တာဆို အဲ့ဆေး သုံးဆိုပြီး ရောင်းတယ်။ ဘယ်ဆေးကို ဘယ်လို စနစ်နဲ့သုံးလို့ မညွှန်ဘူး။ လယ်သမား၊ ယာသမားကလဲ သုံးတဲ့အခါ ပေါ့တီးပေါ့ဆပဲ လုပ်တယ်။
နေ့စဉ်စားကြရတဲ့ ကန်းစွန်းရွက်၊ ချဉ်ပေါင်ရွက်တွေဆိုလဲ ဓါတုဆေး ထိုးကျွေးလိုက်၊ ခူးရောင်းလိုက်နဲ့။ နေ့စဉ်နဲ့အမျှဆိုတော့လဲ ခန္ဓာကိုယ်က မချေဖျက်နိုင်တော့ဘူး။ ကင်ဆာ၊ ကျောက်ကပ် ထိချင်တိုင်း ထိပြီပေါ့။ ဟင်းခတ်အမွှေးအကြိုင် အရောင်တင်မှုန့်တွေမှာလဲ ဆိုးဆေးသုံးတတ်တယ်။ အချိုမှုန့်လဲ အိမ်က မိန်းမကအစ အများကြီး သုံးတယ်။
ကျေးလက်ကလူအများစုက ဘေးကင်းလုံခြုံတဲ့ အစားအသောက်ဆိုတာ ကြားဖူးဖို့တောင် မလွယ်ဘူး ။ Home Gardening သုံးပြီး အိမ်မှာ ချဉ်ပေါင်ရွက်၊ ကန်စွန်းရွက် စတဲ့ သီးနှံပင်လေးတွေ တနိုင်တပိုင် စိုက်ပြီး စားသင့်တယ်။ တပတ် တပတ်စားတဲ့အထဲ တစ်နပ်စာပါပါ၊ နှစ်နပ်စာပါပါ ကိုယ်ဘာကိုယ် စိုက်စားတဲ့ အလေ့အကျင့် လုပ်ရမယ်။
သူက အော်ဂဲနစ်စိုက်ပျိုးရေး အားပေးသူ ပီပီ ” တစ်ရွာလုံး မဟုတ်တောင် မိသားစုတစ်စုက စိုက်‌သင့်တယ်။ လုပ်ကွက်ငယ် တောင်သူတွေကို စိုက်ပျိုးရေး ဗဟုသုတ ပေးရမယ်”ဟု သူယုံကြည်ရာ အနာဂါတ်ဆီ တွေးဆသည့် စကားလုံးများဖြင့် ပြောသည်။
စိုက်ပျိုးရေးကုန်ကျစရိတ်တွင် အဓိကနေရာလောက်ကပါသည့် ထွန်ယက် စိုက်ပျိုးခနှင့် ပါတ်သက်၍ ကျွမ်းကျင် ထွန်စက်မောင်းသူတဦးကို မေးကြည့်ရာ “
ထွန်စက်ငှားခက (၇)သွားဆို ယာ တဧက သုံးသောင်း၊ သုံးသောင်းခွဲ။ (၁၈)သွားက တဧက တစ်သောင်းခွဲ။ ဂေါ်သုံးရင် တနာရီ လေးသောင်းကျော် လေးသောင်းခွဲ ယူတယ်။
(၇)သွားက နွားလိုဆို ထယ် သဘော။ (၁၈)သွားက ထွန် သဘော။ ဂေါ်က မြေတူးတာ၊ ထိုးတာ ဘူဒိုဇာ သဘော။ ရုန်းအားတို့ မြေနက်တာတို့ ဆီကုန်တာတို့ ကွာတဲ့ အပေါ် ဈေး မတူတာပဲ။
၂၀၁၅ – ၁၆လောက်က (၁၈)သွားဈေးက ရှစ်ထောင်လောက် ရှိတယ်။ ၂၀၂၀လောက်ကျ ၁၈သွားဈေးက တစ်သောင်းလောက်။ သိပ်မကြာသေးတဲ့ အရင်တုန်းက တခါတလေ တနေ့ထဲ ဈေး နှစ်ခါလောက် ပြောင်းတယ်။ ဆီဈေးပေါ်မူတည်တယ်။ ထွန်စက်ကို ယာသမားတွေ အသုံးပြုပုံကိုတော့ သူက
“နွေထယ်ရေး ထွန်စက်နဲ့ သိပ်မလုပ်ဘူး။ မိုးဦးကျ နှမ်းရိုးကျွတ် မြန်ချင်တော့ သုံးတယ်။ နှမ်းပေါ်တဲ့ရာသီ အစိုဓါတ်နဲ့ ဖိလုပ်ရတော့ ထွန်စက်သုံးကြတယ်”ဟု ရှင်းပြသည်။
မကွေးနယ်တွင် တရွာပြီးတရွာ ရွှေ့၍ ထွန်စက်မောင်းရသည့် သူ့ကို အညာရွာများ၏ စီးပွားရေးအခြေအနေမေးကြည့်ရာ “ယာလုပ်ငန်း ဖြစ်တဲ့ ပဲ၊ နှမ်းကို လုပ်တော့ လုပ်နေကြတာပဲ။ မလုပ်နိုင်တော့တဲ့ထိ လုပ်နေကြရတာပဲ။
ဒီနှစ်က မကွေးဘက် ရာသီဥတုကောင်းတယ်။ မိုးလေးက ဆယ်စုနှစ် ၂စု၊ ၃စုလောက်မကဘူး မရတာ။ ပဲ၊ နှမ်း မရတာ။ ဒီနှစ်တော့ မဆိုးလောက်ဘူး မှန်းတာပဲ။
ပဲ၊ နှမ်း မရ။အဆင်မပြေတော့ ဘာလုပ်လဲဆို ယာတွေ ရောင်းစားတာပေါ့”ဟု တွေးတွေးဆဆ ဖြေသည်။
သူ့ ဝန်းကျင်က ကျန်းမာရေး အခြေအနေကို
“ကိုဗစ်နောက်ပိုင်း စီးပွားရေးကတော့ ချာချာလည်ပဲ။
ကိုရီးယား၊ ထိုင်း သွားအလုပ်လုပ်တဲ့သူတွေ ရှိတဲ့ အိမ်တွေပဲ ချောင်လည်တာ။ ကျန်းမာရေးပိုင်း ဆိုးဆိုးဝါးဝါးက ခုနောက်ပိုင်း ကင်ဆာတွေနဲ့ အဆုံးများတယ်။ ဒီနှစ်ပိုင်းတွေပေါ့”ဟု ပြောသည်။
ပွင့်ဖြူနယ် လယ်ယာလုပ်ငန်းလုပ်ကိုင်သူ အိမ်ထောင်ရှင်မ တဦးက “နှမ်းက မိုခါကြောင့် သေတာများတယ်။ ရေနစ်ကုန်တာလေ။ အထွက်နြှန်းလျော့ကုန်ပြီပေါ့။ မိုခါမှာ မိူက အဆက်မပြတ် တောက်လျှောက် ရွာတာ။ ရေအိုင်ပြီး ‌နှမ်းပင်တွေ ပျက်စီးကုန်တယ်။ ထွက်နှုန်းက အရင်နှစ်ကထက်စာရင် ထွက်နှုန်းလျော့မယ်။ နှမ်းက ထွက်မလိုရှိသေးတာ နှမ်းဈေးက ကျနေပြီ”ဟု ရှင်းပြသည်။
သူတို့ရွာဘက် ကျန်းမာရေးအခြေအနေမှာ “ခုက ရွာကလူတွေ သွေးလွန်တုတ်ကွေးအဖြစ်များတယ်။ ကလေးတွေ ဖြစ်ကြတယ်။ နင်းကန်ကြီးတော့ ဟိုလိုကြီးတော့ မဖြစ်ဘူး။ ကိုဗစ်နောက်ဆက်တွဲ၊ အဲလိုမျိုးလို့ နားမလည်ကြဘူး။ တချို့တွေက ကိုဗစ်ဆိုတာတောင် လက်မခံကြဘူး။ တုတ်ကွေးပဲ”ဟု ဆိုသည်။
ဆက်လက်၍ “ကင်ဆာ၊ ကျောက်ကပ်တွေ ဖြစ်လာတာများတယ်။ ဆေးရုံတွေ တက်တက်ပြီး ခွဲကြတယ်။ ရင်သားကင်ဆာက အမျိုးသမီးတွေမှာ အဖြစ်များတယ်။ ယောက်ျားတွေက ခါးရိုးကင်ဆာ၊ ကျောရိုးကင်ဆာ အဖြစ်များတယ်။ ကျွန်မတို့ရွာက ကျန်းမာရေး ဗဟုသုတ နည်းကြတယ်။ဆေးရုံက အခုတော့ သွားကြတယ်။ အရင်က အိမ်မှာပဲကုကြတယ်။ အကြီးတွေ ကောင်းတယ် ညွှန်တဲ့ အပ်ပုန်းတွေနဲပေါ့။ “ဟု ပြောသည်။ “အခုတော့ ဆေးရုံဆေးခန်းသွားကြတယ်”ဟု ထပ်ပြောသည်။
ကျေးလက်နေ ပြည်သူများသာမက မြို့ပြနေသူများတွင်လည်း စီးပွားရေး၊ ကျန်းမာရေးသာမက အဘက်ဘက်က ဒုက္ခများကို ခံစားနေရသည်။ ကိုဗစ်၏ နောက်ဆက်တွဲ၊ ကိုဗစ်နောက်၏ နောက်ဆက်တွဲ အားလုံးသည် ဆက်စပ်နေသည်။
ကိုဗစ်လှိုင်းများပြင်းထန်စဉ်က ပရဟိတလုပ်ငန်းများဖြင့် အားသွန်ခွန်စိုက်ကူညီသူတဦးကို ကျေးရွာများတွင် ခံစားနေရသည့်ရောဂါမျာနှင့် ပတ်သက်ပြီး မေးမြန်းကြည့်ရာ “Covid မဟုတ်​ပေမဲ့ Post Covid ​ကြောင့်ဖြစ်တာ​တွေ များလာတာ​ပေါ့။​အဲဒီ​ရောဂါ​တွေအပြင် ​သွေးနဲ့ ကိုယ်ခံအားစနစ်နဲ့ဆိုင်တဲ့ ရောဂါ​တွေပါ ဖြစ်ကြတယ်”ဟု သုံးသပ်ပြသည်။
အညာသည် စားဝတ်နေရေးအတွက် ရာသီဥတုကို မှီနေရသည်။ အညာတွင် ပြင်းထန်သည့် ရာသီဥတု ရှိသော်လည်း အညာသားတို့နှင့် သူတို့၏ အပင်အနှံများ၊ သူတို့ မျှော်လင့်ချက်များသည် ဆက်လက်ရှင်သန်ဆဲ။ ကြံကြံခိုင် ရုန်းထဆဲ။

Leave a Reply

Your email address will not be published.