ကောင်းဇော်

ကလေးတွေဆိုတာ သစ်ပင်ပေါက်စလေးတွေလိုပါပဲ။
အကြောင်းအမျိုးမျိူးက သူတို့ရှင်သန်ရပ်တည်ဖို့အခက်အခဲ‌ဖြစ်နိုင်တယ်။
မြေဆီမြေနှစ်တွေကြားက ထိုးထွက်လာပြီဆိုကတည်းက ရာသီဥတုမျှတဖို့၊ အဟာရအပြည့် ရဖို့၊ နှစ်စဉ်ကျရောက်တတ်တဲ့ပိုးမွှားဘေးက ကင်းဖို့၊ တောမီးအန္တရာယ်က ဝေးဖို့ စတဲ့ အချင်းအရာတွေရဲ့ ရန်တွေ ကျမလာဖို့လည်း လိုတယ်။
ကလေးတွေက သစ်ပင်ပေါက်ကလေးတွေနဲ့ တူပေမယ့် သက်ရှိလူသားတွေဆိုတော့ ပတ်ဝန်းကျင်ရဲ့ ကူညီပံ့ပိူမှု ရနိုင်တယ်။ မိဘတွေရဲ့ ချစ်ခင်စောင့်ရှောက်မှု ရှိနိုင်တယ်။ ကျန်းမာရေးတစုံတရာ ချို့ယွင်းရင်လည်း ချက်ခြင်းစောင့်ရှောက်မှု ရနိုင်တယ်။
မိဘနဲ့ ပါတ်ဝန်းကျင်ရယ် နိုင်ငံတော်ရယ်က ကလေးတွေရဲ့ ကျန်းမာရေးကို ကြိုတင်ကာကွယ်စောင့်ရှောက်တာ၊ ကျန်းမာရေးချို့တဲ့ ချိန်မှာ ကုသပေးတာကို သတိမပြတ် လုပ်ပေးနေရမှာဖြစ်တယ်။
အချိန်နဲ့ တပြေးညီ ကာကွယ်ကုသစောင့်စောင့်မှု လုပ်နိုင်ဖို့က သတင်းအချက်အလက်အမှန်တွေကို အချိန်နဲ့ တပြေးညီ ပြည်သူလူထုကို အသိပေး၊ ထုတ်ပြန်နေဖို့လိုတယ်။
အချိန်နဲ့တပြေးညီ up date မသိရတဲ့အခါ သတင်းမီဒီယာတွေက ခိုင်မာတဲ့ ၊ မှန်ကန်တဲ့၊ တရားဝင်ထုတ်ပြန်ထားတဲ့ အချက်အလက်ကိုပဲ ကိုင်ပြီး တင်ပြရတဲ့အခါ မကျေလည်စရာ ဖြစ်လာစေတယ်။
လက်လှမ်းမီ ရနိုင်တဲ့၊ ၂၀၁၄ခုနှစ် မြန်မာနိုင်ငံလူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းရဲ့ မကွေးတိုင်းဒေသကြီး သန်းကောင်စာရင်းအစီအရင်ခံစာ အတွဲကိုပဲ ခုထိ အကိုးအကားလုပ်ရတယ်။ အဲ့ဒီအထဲက မွေးဖွားမှုနှင့် ကလေးသေဆုံးမှုမှာ “မကွေးတိုင်းဒေသကြီး၏ အသက်(၁၅)နှစ်မှ (၄၉)နှစ်အတွင်းရှိ အမျိုးသမီးဦးရေမှာ (၁,၀၉၀,၆၃၈) ဦး ဖြစ်ပြီး အိမ်ထောင်ကျဖူးသူ အမျိုးသမီးဦးရေမှာ (၆၈၂,၅၂၆) ဦး ဖြစ်ပါသည်။ အသက် (၁၅)နှစ်မှ (၄၉) နှစ် အတွင်းရှိ အမျိုးသမီးတစ်ဦး၏ စုစုပေါင်းကလေးမွေးနှုန်းမှာ (၂.၁) ဦး ဖြစ်ပြီး မြန်မာနိုင်ငံ၏ စုစုပေါင်းကလေးမွေးနှုန်း (၂.၃) ဦးထက် အနည်းငယ် လျော့နည်းနေကြောင်း တွေ့ရပါသည်။”လို့ ထုတ်ပြန်ထားပါတယ်။
ဆက်လက်ပြီး “မကွေးတိုင်းဒေသကြီး၏ တစ်နှစ်အောက်ကလေးသေနှုန်းမှာ အရှင်မွေးကလေး (၁,၀၀၀) တွင် (၈၉) ဦး ဖြစ်၍ မြန်မာနိုင်ငံတွင် တစ်နှစ်အောက်ကလေးသေနှုန်း အမြင့်ဆုံးဖြစ်ပါသည်။ မကွေးတိုင်းဒေသကြီး၏ တစ်နှစိအောက်ကလေးသေနှုန်း (၆၂) ဦးထက်များစွာမြင့်မားသည်ကို တွေ့ရှိရပါသည်။ မကွေးတိုင်းဒေသကြီး၏ ငါးနှစ်အောက်ကလေးသေနှုန်းမှာလည်း အရှင်မွေးကလေး (၁,၀၀၀) တွင် (၁၀၈) ဦးဖြင့် မြန်မာနိုင်ငံတွင် အမြင့်ဆုံးဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ ငါးနှစ်အောက်ကလေးသေနှုန်းမှာ (၇၂) ဦး ဖြစ်ပါသည်။”လို့ တင်ပြထားပါတယ်။
သတင်းမီးဒီယာတွေကလည်း ဒီအချက်ကို ကိုင်ပြီး တာဝန်ရှိသူ အဆက်ဆကကိုမေးမြန်းတယ်။ ဒေသတွင်း ကလေးငယ်တွေရဲ့ ဖွားသေနှုန်း ကျဆင်းစေချင်တဲ့ စေတနာနဲ့ ‌တိုင်းဒေသကြီးကတာဝန်ရှိသူတွေကို မေးတယ်။ တာဝန်ရှိသူတွေကလည်း သက်ဆိုင်ရာဌာနတွေက ပေးတဲ့အချက်အလက်တွေပေါ် အခြေခံပြီး ကိုယ်ဝန်ဆောင်မိခင်တွေကို ကိုယ်ဝန်ဆောင်စဉ်ကာလကနေ မွေးဖွားပြီးချိန်ထိ ကျန်းမာရေးစောင့်ရှောက်တဲ့အကြောင်းတွေနဲ့ ရှင်းပြတယ်။ ကလေးငယ်တွေကိုလည်း မိခင်ဝမ်းဘိုက်တွင်းပဋိသန္ဓေနေချိန်က အရွယ်တခု‌ေရာက်တဲ့ထိ ကျန်းမာရေးစောင့်ရှောက်နေကြောင်း ရှင်းပြတယ်။ ကလေးတွေမှာဖြစ်နိုင်တဲ့ ကြက်ညှာချောင်းဆိုး၊ ပိုလီယိုအစရှိတာတွေ ကို နှစ်စဉ် ပုံမှန်ကာကွယ်ဆေးထိုးပေးကြောင်း ရှင်းပြတယ်။
နောက်ထပ်သန်းခေါင်စာရင်းကို တစ်နိုင်ငံလုံးအတိုင်အတာနဲ့လုပ်ပြီး စာရင်းဇယားတွေ လုပ်နိုင်တဲ့အခါ အချက်အလက်တွေ ထပ်သိရလာနိုင်ပါတယ်။
စီးပွားရေးအခက်အခဲတွေ ကြုံလာရတဲ့အခါ ကျန်းမာရေးပိုင်းမှာ တစ်မိသားစုချင်းအလိုက်လည်း အခက်အခဲ ရှိလာတယ်။ ကုန်ဈေးနှုန်းမြင့်လာတဲ့အခါဆေးဝါးတွေလည်းဈေးတက်လာတယ်။ ရာသီတွေအတွင်း ဖြစ်ပွားတတ်တဲ့ တုပ်ကွေး၊ နှာစေး၊ ချောင်းဆိုး ပျောက်ဆေးတွေရဲ့ ဈေးကလည်း ကြီးလာတယ်။ လက်လှမ်းမမီတဲ့အခါ အနားကဆေးဆိုင်တွေကနေ တိုင်းရင်းဆေးနဲ့ ‌နိုင်ငံခြားဆေးတွေကို ဝယ်ပြီး ဆေးမီးတိုနည်းသုံးပြီး သောက်ကြ၊ သုံးကြတယ်။ နုနယ်တဲ့ကလေးတွေအတွက် အန္တရာယ်အလွန်များပါတယ်။
အခြေခံလူတန်းစားနဲ့နီးစပ် ကုသစောင့်ရှောက်မှု ပေးနေတဲ့ အထွေထွေကုသတဲ့ နယ်ဆရာဝန်တစ်ဦးက ကလေးတွေအတွက် အရည်ဆေးတွေက ဈေးကြီးလာလွန်းတဲ့အခါ ဟိုးအရင်ကုထုံးလို ဆေးပြားတွေကို အမှုန့်ကြိတ်ပြီးတိုက်ဖို့ ဆေးညွှန်းရမလို ဖြစ်နေပြီလို့ ဆိုပါတယ်။ မိလတွေ လက်လှမ်းမီးနိုင်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ဖို့ ဆရာဝန်တွေ စဉ်းစားလာရပါတယ်။
စားဝတ်နေရေး အကုန်ဈေးကြီးလာတယ်။ နှစ်စဉ်ဖြစ်ပွားတတ်တဲ့ ရောဂါတွေကို ကြိုတင်ကာကွယ်ဆေးထိုးဖို့ လိုတယ်။ အသိပညာပေးဖို့လိုတယ်။ မိခင်တိုင်းက သူတို့သားသမီးတွေရဲ့ ကျန်းမာရေးကို ဂရုစိုက်ကြပါတယ်။ ကျန်းမာရေးအသိတွေလည်း ပိုတိုးရှိနေပါတယ်။ ဒါပေမယ့် အရေး အမျိုးမျိုးကြုံလာရတယ်အခါ သဘာဝတရားနဲ့ အနီးစပ်ဆုံးမှာနေပြီး ရယူကြတာ ပင်ကိုယ် သိစိတ်ပါ။
ကျန်းမာရေးအတွက်သာမက ကလေးငယ်တွေဉာဏ်ရည်နဲ့ ရုပ်ပိုင်း၊ စိတ်ပိုင်းဖွံ့ဖြိုးရေးအတွက် အထောက်အကူပြုမယ့် အဟာရကိုလည်း ကျင်လည်ရာ သဘာဝဝန်းကျင်ထဲက ရယူရမလို ပိုဖြစ်လာပြီလို့ ဆိုကြပါတယ်။
သစ်ပင်လေးတွေ သန်မာကြီးထွားဖို့ သဘာဝအတိုင်း(Organic) အခြေခံပြီး စိုက်ပျိုးလာကြသလို၊
အဖက်ဖက်က အားနည်းနေချိန်မှာ လူသားပင်ပျိုးလေးတွေ ကျန်းမာရှင်သန်ဖို့ သဘာဝတရားနဲ့အညီ နေထိုင်တတ်ဖို့ လေ့ကျင့်ပြုစုပျိူထောင်ပေးရမလို ဖြစ်လာတယ်။
ဒါကြောင့်ကလေးငယ်တွေ ကျင်လည်ရာ သဘာဝပတ်ဝန်းကျင်ကိုယ်၌ကလည်း ကျန်းမာရေးကောင်းနေဖို့ လိုအပ်ပါတယ်။

Leave a Reply

Your email address will not be published.